မြန်မာနိုင်ငံ ပထမဦးဆုံး ဖြတ်ကျော်ရမည့်ကိစ္စမှာ ညီညွတ်ရေးဖြစ်ကြောင်း ရမည်းသင်းမြို့ ဗိုလ်ချုပ်ရာပြည့် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

မြန်မာနိုင်ငံ ပထမဦးဆုံး ဖြတ်ကျော်ရမည့်ကိစ္စမှာ ညီညွတ်ရေးဖြစ်ကြောင်း ရမည်းသင်းမြို့ ဗိုလ်ချုပ်ရာပြည့် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 17 January 2015

မြန်မာနိုင်ငံ၏ခရီးမှာ ကြမ်းတမ်းပြီး ခရီးကြမ်းကို ကျော်ဖြတ်ရန် ပထမဦးဆုံး လိုအပ်ချက်သည် ညီညွတ်မှုဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ရမည်းသင်းမြို့ ရွှေစည်းခုံဘုရားဝင်းတွင် ဇန်နဝါရီ ၁၇ ရက် နံနက်ပိုင်းက ရမည်းသင်းမြို့ ဗိုလ်ချုပ်ရာပြည့် အထိမ်းအမှတ် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောကြားခြင်းဖြစ်သည်။
“ကျွန်မတို့အားလုံးကြားထဲမှာ ညီညွတ်ဖို့လိုတယ်။ အထူးသဖြင့် ဒီနိုင်ငံဟာ ပြည်ထောင်စုဆိုတော့ တိုင်းရင်းသားမျိုးစုံနဲ့ စုဖွဲ့ထားတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ အဲဒီမှာ ကျွန်မတို့ ညီညွတ်မှုရှိမှသာလျှင် ဆက်ပြီးတော့ တိုးတက်နိုင်မှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ထို့ပြင် သူရဲကောင်းနှင့် မိုက်ရူးရဲလုပ်တက်သူနှင့် မခွဲခြားတတ်ကြကြောင်း၊ သူရဲကောင်းဆိုသည်မှာ ကိုယ့်စဉ်းစား စွန့်စားမှုမှန်သမျှသည် အများအကျိုးအတွက် ဖြစ်ကြောင်း၊ မိုက်ရူးရဲလုပ်သူများ၏ စွန့်စားမှုမှန်သမျှသည် ကိုယ်ကျိုးအတွက်ဖြစ်ကြောင်း ဗိုလ်ချုပ်အောင်ဆန်းအား ဥပမာပေး၍ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
“မိုက်ရူးရဲဆိုတဲ့အထဲမှာ ကိုယ်ကျိုးအတွက် ဆိုတဲ့အထဲမှာ မမှန်တဲ့မာန်မာနတွေလည်း ပါပါတယ်။ လူများအထင်ကြီး စေချင်လု့ိ မလုပ်သင့်တဲ့ကိစ္စကို လုပ်ပြတာ အဲဒါမိုက်ရူးရဲ စိတ်ဓာတ်ပဲ။ သူရဲကောင်းစိတ်ဓာတ် မဟုတ်ပါဘူး။ သူရဲကောင်း ဆိုတာတော့ အများအကျိုးအတွက် စွန့်စားမယ်ဆိုတာကို စဉ်းစားဆင်ခြင်ပြီးတော့ လုပ်တဲ့သူတွေပါ။ စဉ်းစားဆင်ခြင်ပြီးမှ စွန့်စားရတာဟာ အင်မတန်မှ ခက်ခဲပါတယ်။ သွေးဆူ၊ သွေးပူတုန်း စွန့်စားရတာလွယ်ပါတယ်။ ခေါင်းအေးအေးနဲ့ စဉ်းစားပြီးမှ စွန့်စားဖို့ဆိုတာ မလွယ်ပါဘူး။ ဒါကြောင့် ဒီလိုစိတ်ဓာတ်မျိုးဟာ မွေးယူရ တယ်။ ပြုစုပျိုးထောင်ယူရတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ထို့အတူ သူရဲကောင်းများအား သတိရအားကျဖို့လိုသလို လူမိုက်လူဆိုးများနှင့် ပတ်သက်၍လည်း မေ့မထားသင့်ဘဲ သတိရပြီး ၎င်းတို့ကဲ့သို့မဖြစ်ရန် ရှောင်ရှားသင့်ကြောင်း၊ လူကြီးမိဘများအနေဖြင့် ကလေးများ အားမကျသင့်သူများကို အားမကျရန် သွန်သင်ပေးရန်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြောကြားသည်။

ရမည်းသင်းမြို့ ရွှေစည်းခုံဘုရားဝင်းတွင် ဇန်နဝါရီ ၁၇ ရက်က ဗိုလ်ချုပ်ရာပြည့် အထိမ်းအမှတ် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်
“ပိုက်ဆံရှိလို့ အာဏာရှိလို့ ရာထူးရှိလို့ အားကျအောင် မသင်ပေးပါနဲ့။ တကယ် နိုင်ငံအတွက် မှန်ကန်တဲ့စိတ်ဓာတ် ရှိတဲ့သူတွေကိုသာ အားကျအောင် သင်ပေးပါလို့ တိုက်တွန်းချင်ပါတယ်။ အခုဆိုလို့ရှိရင် ကျွန်မတို့နိုင်ငံဟာ စဉ်းစားတာလည်း ကြာပြီဆိုတော့ လူကြီးတွေက ပိုက်ဆံဘက်ကို လူငယ်တွေ တွန်းပို့နေတာဟာ သိပ်တော့ အံ့အားသင့်စရာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီဟာတွေ ရပ်တန်းက ရပ်ကြပါလို့ ကျွန်မအနေနဲ့ တိုက်တွန်းချင်ပါတယ်။ ပိုက်ဆံရှာတာ အရေးမကြီးလို့ မဟုတ်ပါဘူး။ ပိုက်ဆံဆိုတာ လိုပါတယ်။ ဒါပေမဲ့ မှန်မှန်ကန်ကန်ရှာဖို့က အရေးကြီးလို့ သတိပေးချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
အောင်ဆန်းစိတ်ဓာတ် ဆိုသည်မှာ အခြေခံအားဖြင့် တာဝန်သိသိဖြင့်လုပ်သင့်သည့် ကိစ္စကို လုပ်ရဲသည့်စိတ်ဓာတ်၊ တာဝန်သိသိဖြင့် လုပ်သင့်သည့်ကိစ္စကို လုပ်နိုင်သည့် အရည်အချင်းနှင့် မည်သည့်ကိစ္စကို လုပ်ရမည်ဆိုသည့် အမြော်အမြင်သာဖြစ်ကြောင်း၊ ထိုကဲ့သို့ စိတ်ဓာတ်မျိုးရှိမှသာ လူငယ်များအနေဖြင့် နိုင်ငံကိုအောင်မြင်မှုအထိ ခေါ်ဆောင်သွားနိုင်မည် ဖြစ်ကြောင်း၊ လူငယ်တွေ စိတ်ဓာတ်မှန်မှသာ အနာဂတ်အတွက် စိတ်ချရမည်ဖြစ်ကြောင်း၊ လက်ရှိခေတ်ကာလတွင် ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုကို အများစုက အလေးထားပြီး အပြစ်မမြင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
“ပုထုဇဉ်လူသားများဟာ သက်သက်သာသာနဲ့ နေချင်တယ်ဆိုတာ သဘာဝလည်းကျတယ်။ အပြစ်ကြီးလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ စွန့်စားသင့်တဲ့ အချိန်မှာ စွန့်စားရမယ်။ စွန့်လွှတ်သင့်တဲ့အချိန်မှာ စွန့်လွှတ်ရမယ်။ ဒါမှကျွန်မတို့ နိုင်ငံသာမက ကျွန်မတို့ကမ္ဘာကြီးဟာ မှန်ကန်တဲ့လမ်းပေါ် ရောက်သွားမှာဖြစ်ပါတယ်။ အမြဲပဲကိုယ်လိုချင်တာ ရဖို့၊ ကိုယ်သက်သာ ဖို့အတွက် စဉ်းစားနေမယ်ဆိုရင် ရှေ့တိုးတက်မှုဟာ အင်မတန်မှ နှောင့်နှေးပါလိမ့်မယ်။ စွန့်စားသင့်တဲ့ အချိန်မှာ မစွန့်စားဘူးဆိုရင် အောင်မြင်သင့်တဲ့ အချိန်မှာ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
လူတစ်ဦးတစ်ယောက်နှင့် တစ်ယောက် အမြင်မတူသည့်အခါ မြန်မာနိုင်ငံအပါအဝင် လူ့အသိုင်းအဝင်းတွင် အဆင်ပြေစေရန် အဆင်ပြေမည့် စနစ်တစ်ခုကိုရှာဖွေရပြီး နိုင်ငံအရေးအရ ပြောရမည်ဆိုလျှင် ဒီမိုကရေစီစနစ်ပင် ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ် ဆိုသည်မှာ အများ၏ဆန္ဒကို လေးစား၍ လုပ်ကိုင်ရပြီး လူနည်းစု၏ အခွင့်အရေးများကိုလည်း ကာကွယ်သည့် စနစ်ဖြစ်ကာ အခြေခံလူ့အခွင့်အရေးကို တန်းတူခံစားပိုင်ခွင့်ရှိခြင်းပင် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
မြန်မာနိုင်ငံသည် လူ့အခွင့်အရေး ကြေညာစာတမ်းကို လက်မှတ်ရေးထိုးထားသော်လည်း အဆိုပါစာချုပ် ကတိပေါ်ဖောက်ဖျက်ခြင်းနှင့် နိုင်ငံသူနိုင်ငံသားတွေပေါ်မှာ ထားသင့်သည့် တာဝန်သိစိတ်ကို ချိုးဖောက်မှုများ ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဟောပြောပွဲအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်သည် ရမည်းသင်းမြို့ မြို့မိမြို့ဖများ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင်များနှင့် သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့သည်။
ကျော်ဇင်ဝင်း၊ နေရိုင်း
 
 

Most Read

Most Recent