ဆွေသဟာလား ငွေအသပြာလား

ဆွေသဟာလား ငွေအသပြာလား
Published 15 January 2015
သစ်ထွဋ်

ပြီးခဲ့တဲ့ရက်ပိုင်းက ဆက်သွယ်ရေးအော်ပရေတာ တစ်ခုဖြစ်တဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က မိုဘိုင်းဖုန်းသုံးစွဲမှုဆိုင်ရာ ဝန်ဆောင်မှုအသစ်များကို ထုတ်ပြန်ကြေညာခဲ့ရာမှာ အများမျှော်လင့်ထားခဲ့တဲ့ ဝန်ဆောင်မှုအနေအထားများ မပါဝင်လာခဲ့တာကြောင့် ဝေဖန်မှုများ ဆူညံသွားခဲ့ပါတယ်။ပြင်းထန်သော  ဝေဖန်မှုများအထူးသဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ကြေညာခဲ့တဲ့ ဆွေသဟာအစီအစဉ်သစ်ကို ဝေဖန်မှုများရှိခဲ့ပြီး မိုဘိုင်းဖုန်းသုံးစွဲခများကို ထင်သလောက်မလျှော့ချခဲ့ခြင်းနဲ့ အင်တာနက်သုံးစွဲခကို လက်ရှိထက် တိုးမြှင့်ကောက်ခံမယ့် ယင်းအစီအစဉ်အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေရှိခဲ့တာတွေ့ရပါတယ်။ ဝေဖန်မှုတွေဟာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဝန်ဆောင်မှုသစ်နဲ့ ပတ်သက်ပြီး သတင်းဖော်ပြကြတဲ့ သတင်းဌာနများရဲ့ faebook စာမျက်နှာများတွင် ပြင်း ပြင်းထန်ထန်ဝေဖန်ကြသလို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့တရားဝင် faebook  စာမျက်နှာမှာလည်း ဝင်ရောက်ဝေဖန်မှုတွေဟာ အတောမသတ်နိုင်အောင်ရှိခဲ့တာတွေ့ခဲ့ရပါတယ်။ ဒီလိုဝေဖန်ကြရာမှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့အစီအစဉ်သစ်များဟာ သုံးစွဲသူများအတွက် ဝန်ဆောင်မှုပေးခြင်းထက် ယခင်အတိုင်း အမြတ်ထုတ်နေဆဲဖြစ်တယ်လို့ ဝေဖန်ကြသလို ဖုန်းပြောခလျှော့ပေးသယောင်နဲ့ အင်တာနက်သုံးစွဲခတွေကို တိုးမြင့်ကောက်ခံမယ့်အစီအစဉ်ကို အများစုက သဘောမကျကြဘဲဝေဖန်ကြတာ ဖြစ်ပါတယ်။ ဝေဖန်သူအချို့ကတော့ MPT က ချထားပေးတဲ့ မိုဘိုင်းဆင်းမ်ကတ်တွေကို ဆက်လက်သုံးစွဲဖို့ ဆန္ဒမရှိတော့ကြောင်း ပြောဆိုကြသလို အချို့ကလည်း MPT ကို ဖုန်းအဝင်ခေါ်ဆိုမှုအတွက်သာ သုံးတော့မယ်လို့ပြောဆိုကြတာတွေလည်း လူမှုကွန်ရက်မှာ အများအပြားတွေ့ခဲ့ရပါတယ်။တိုးမည့်  အင်တာနက်သုံးစွဲခဒီလိုဝေဖန်မှုတွေ အများကြီးရှိခဲ့တဲ့ MPT ရဲ့ ဇန်နဝါရီ ၁၂ မှာ စတင်ခဲ့တဲ့ ဆွေသဟာအစီအစဉ်ကို လေ့လာကြည့်တော့ အဲဒီအစီအစဉ်ကို ရယူသူဟာ မည်သည့်ဖုန်းကိုမဆို ခေါ်ဆိုခ တစ်မိနစ်လျှင် ၃၅ ကျပ်နဲ့ SMS တစ်စောင်လျှင် ၁၅ ကျပ် သုံးစွဲနိုင်မှာဖြစ်ပြီး အင်တာနက်အသုံးပြုခြင်းကိုတော့ ယခင် မိနစ်အလိုက်ကောက်ခံတဲ့ပုံစံမှ Data Based ဖြင့် ကောက်ခံတဲ့ပုံစံဖြင့် ပြောင်းလဲပြီး ပုံမှန် အင်တာနက်အသုံးပြုခြင်းအတွက် 1 MB လျှင် ၁၅ ကျပ် ကျသင့်မှာ ဖြစ်တာကိုတွေ့ရပါတယ်။ ဆွေသဟာအစီအစဉ်သစ်မှာ အခြားဝန်ဆောင်မှုများရှိနေသေးသော်လည်း အများစုကတော့ ဖုန်းခေါ်ဆိုခတွေ ထင်သလောက်မလျော့ခဲ့ခြင်းနဲ့အတူ အခြားအစီအစဉ်များကို စိတ်ဝင်စားမှုလျော့ကျခဲ့တဲ့ အခြေအနေတွေကို တွေ့ရပါတယ်။ ဒါအပြင် အဲဒီဝန်ဆောင်မှုသစ်ကို GSM နဲ့ WCDMA မိုဘိုင်းဖုန်းများတွင်သာ အသုံးပြုနိုင်မှာဖြစ်ပြီး အခြားဖုန်းများတွင် သုံးစွဲနိုင်ခြင်းမရှိတာကြောင့် ယခင်ဈေးနှုန်းအမျိုးမျိုးရောင်းချပေးခဲ့တဲ့ ၇၃၊ ၄၉ နံပါတ်များနဲ့ အစပြုတဲ့ မိုဘိုင်းဖုန်းများမှာတော့ သုံးစွဲလို့မရတာကြောင့် အကန့်အသတ်ရှိနေတဲ့ ဝန်ဆောင်မှုလို့လည်း ပြောလို့ရပါတယ်။ ဒီအတွက် နယ်ဒေသတွေမှာ အသုံးများတဲ့ ၇၃၊ ၄၉ နဲ့စတဲ့ CDMA ဖုန်းတွေဟာ ဝန်ဆောင်မှုအသစ်ကို မရရှိတာကြောင့် တစ်ပြေးညီဝန်ဆောင်မှုမရဘူးလို့ ပြောဆိုတာတွေလည်း ရှိနေပါတယ်။အထူးသဖြင့် တိုးမြှင့်မယ့် အင်တာနက်သုံးစွဲခတွေဟာ လက်ရှိသုံးစွဲခများထက် လေးငါးဆများလာခြင်းနဲ့ အခြားအော်ပရေတာများနဲ့စာရင်လည်း များပြားနေတာဟာ အများဝေဖန်စရာဖြစ်နေရတာပါ။ကာမိအောင်လားဒီဝန်ဆောင်မှုအသစ်တွေနဲ့ပတ်သက်ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း စီးပွားရေးဌာနမှ အရာရှိတစ်ဦးကတော့ မြန်မာနိုင်ငံမှာ တယ်လီကွန် Industry ဖြစ်ထွန်းအောင် မြင်အောင် ကြိုးစားခါစ ရှိပါသေးတာကြောင့် ဒီဟာကို အရှိန်အဟုတ်မြှင့်တင်ပြီးတော့မှ တည်ငြိမ်အေးချမ်းပြီး တိုးတက်လာဖို့အတွက် ဒါကို စီမံဆောင်ရွက်ထားတာ ဖြစ်တယ်လို့ MPT ရဲ့ဝန်ဆောင်မှုအသစ်များ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ကြောင်းသတင်းမီဒီယာတွေမှာ ဖော်ပြထားတာဖတ်ရပါတယ်။ ဒါအပြင် ဖုန်းခေါ်ဆိုခတွေကို ထင်သလောက် မလျော့ရခြင်းမှာ အခြား ဆက်သွယ်ရေးအော်ပရေတာများ (အူရီဒူးနဲ့ တယ်လီနော) များ ရဲ့ဈေးကွက်ကို ထိခိုက်မှုမရှိစေဖို့ ဆောင်ရွက်ရခြင်းဖြစ်တယ်လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတွေကို ကိုးကားပြီး ဖော်ပြခဲ့တဲ့သတင်းအချို့ကိုလည်း ဖတ်လိုက်ရပါတယ်။ သို့ပေမယ့်လည်း ဆွေသဟာအစီအစဉ်မှာ ဈေးကွက်မထိခိုက်အောင် ဖုန်းပြောဆိုခကို ၃၅ ကျပ်အထိ လျှော့ချလိုက်ပေမယ့် အင်တာနက်အသုံးပြုခကိုတော့ 1MB လျှင် ၁၅ ကျပ် ကောက်ခံမယ်ဆိုတာက ဖုန်းခကို ဈေးအနည်းငယ်ချပေးပြီး လျှော့ပေးရတာကာမိအောင် အင်တာနက်သုံးစွဲခကို တိုးကောက်မယ့်အစီအစဉ်ဖြစ်နေသလားဆိုတာ မေးခွန်းထုတ်စရာဖြစ်ရပါတယ်။ တကယ်တော့ အင်တာနက်ကို Data Based နဲ့ကောက်ခံဖို့ ယခင်ကလည်း အသံတွေထွက်လာခဲ့ဖူးပြီး ဝေဖန်မှုများကြောင့် ရပ်ဆိုင်းသွားခဲ့တဲ့အစီအစဉ်တစ်ခု ဖြစ်ပါတယ်။ ဒါအပြင် လက်ရှိနိုင်ငံမှာရှိနေတဲ့ အင်တာနက်မြန်နှုန်းအရလည်း ဆွေသဟာအစီအစဉ်ကို အသုံးပြုသူတွေက မြန်နှုန်းမြင့်တဲ့ အင်တာနက်ကို သုံးခွင့်ရမယ်ဆိုတာဟာ အခြားဆွေသဟာကို မသုံးစွဲသူတွေရဲ့အင်တာနက်မြန်နှုန်းအပေါ်သွားပြီး သက်ရောက်မှုတွေရှိနိုင်မလားဆိုတာကို စိုးရိမ်နေသူတွေလည်း ရှိနေပါတယ်။တစ်ရက်  ဒေါ်လာတစ်သန်းလောက်တကယ်တော့ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းဆိုတာ အမြတ်အစွန်းကြီးမားတာကြောင့် စီးပွားရေးနယ်ပယ်မှာ လူတိုင်းလုပ်ကိုင်လိုကြတဲ့ လုပ်ငန်းကြီးတစ်ခုဖြစ်ပါတယ်။ အကျိုးအမြတ်ကြီးမားတာကြောင့် နိုင်ငံတကာမှာရှိတဲ့ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းကြီးတွေဟာ နှစ်စဉ်အမြတ်ငွေတွေ တိုးပြီးရနေကြတာတွေ့နိုင်ပါတယ်။ မြန်မာနိုင်ငံမှာလည်း လက်ရှိချထားပေးထားတဲ့ မိုဘိုင်းဖုန်းအရေအတွက်နဲ့ တွက်ကြည့်ရင် တစ်ရက် တစ်ရက်ဝင်တဲ့ ဝင်ငွေက မနည်းလှတာကို တွေ့ရမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ မီဒီယာတွေမှာ ဖော်ပြချက်အရ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဈေးနှုန်းအမျိုးမျိုး၊ လိုင်းအမျိုးမျိုးနဲ့ ချထားပေးခဲ့တဲ့ မိုဘိုင်းဆင်းမ် ကတ် ၁ဝ သန်းကျော်ရှိနေတာ ဖြစ်ပါတယ်။ ဒီလိုများပြားလှတဲ့ မိုဘိုင်းဖုန်းဆင်းမ်ကတ်တွေကို အသုံးပြုသူတွေရဲ့နေ့စဉ်အသုံးပြု နေကြတဲ့ ဖုန်းခေါ်ဆိုခတွေဟာ မနည်းလှပါဘူး။ မိုဘိုင်းဖုန်းအသုံးပြုသူတွေဟာ တစ်ဦးကို တစ်ရက်လျှင် ပျမ်းမျှကျပ် ၁ဝဝ နှုန်းသုံးမယ့်အခြေအနေနဲ့ တွက်ကြည့်မယ်ဆိုရင်တောင် တစ်ရက်ကို ကျပ်သန်းတစ်ထောင်လောက် (ဒေါ်လာ တစ်သန်းလောက်) ဝင်ငွေရှိနိုင်တဲ့ လုပ်ငန်းကြီးတစ်ခု ဖြစ်နိုင်ပါတယ်။ ဒါအပြင် ပုဂ္ဂလိကအော်ပရေတာများက ချထားပေးတာတွေမပါဘဲ မိုဘိုင်းဖုန်းဖြင့် အင်တာနက်အသုံးပြုသူသန်းနဲ့ချီပြီး ရှိနေနိုင်တာကြောင့် အင်တာနက်သုံးစွဲခနေ့စဉ် ရငွေတွေဟာလည်း မနည်းလှတဲ့ ဝင်ငွေတွေဖြစ်မှာပါ။ ဒါကြောင့် ဆက်သွယ်ရေးဝန်ဆာင်မှုလုပ်ငန်းဟာ စတင်ရင်နှီးမြှုပ်နှံတဲ့ ရင်နှီးငွေပမာဏများပေမယ့် လုပ်ငန်းလည်ပတ်နေစဉ်မှာ နေ့စဉ်ဝင်ငွေသေချာတဲ့ လုပ်ငန်းတစ်ခုဖြစ်တာကြောင့်လည်း ကမ္ဘာစီးပွားရေးနယ်ပယ်မှာ လုပ်ကိုင်လိုသူတွေများနေတဲ့ လုပ်ငန်းဖြစ်နေတာပါ။ပြန်ကြည့်ရင် ဒီလိုဝင်ငွေများပြီး အကျိုးအမြတ်သေချာတဲ့ လုပ်ငန်းကြီးတစ်ခုကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဦးစီးလုပ်ကိုင်ခဲ့တာ နှစ်ကာလရှည်ကြာခဲ့ပြီ ဖြစ်ပါတယ်။ အရင်လုပ်ကိုင်ခဲ့တဲ့ကာလတစ်လျှောက်လုံးမှာလည်း ဝန်ဆောင်မှုပေးရတဲ့လုပ်ငန်းဖြစ်ပေမယ့် ဝယ်ယူသုံးစွဲသူတွေ စိတ်ကြိုက်ဝန်ဆောင်မှုကို ထည့်မတွက်ဘဲ ဈေးကွက်ကို စိတ်ကြိုက်ခြယ်လှယ်ကာ ဖုန်းလိုင်းအမျိုးမျိုးကို ဈေးနှုန်းအမျိုးမျိုးဖြင့် သတ်မှတ်ရောင်းချခဲ့တဲ့ဖြစ်ရပ်များကို သုံးစွဲသူတွေကြုံတွေ့ခဲ့ရပြီး ဖြစ်ပါတယ်။ ယခင်က သုံးစွဲသူတွေဟာ ဖုန်းခေါ်ဆိုခ ကောက်ခံရုံတင်မကဘဲ ကနဦးတပ်ဆင်ခ၊ ငှားရမ်းခဆိုပြီး ကျပ်သိန်းဆယ်ဂဏန်းချီပြီးပေးပြီး ဝယ်ယူသုံးစွဲကြခဲ့ရတာ ဖြစ်ပါတယ်။ ဒီလိုကာလရှည် ဈေးကွက်ကို ခြယ်လှယ်ခဲ့သလို ဒီနေ့အချိန်မှာလည်း ဖုန်းခေါ်ဆိုခတွေကို သိသာစွလျှော့ချပေးမယ်လို့ မကြာခဏ ပြောကြားခဲ့ပေမယ့် တကယ်တမ်းမှာတော့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်တာကြောင့် သုံးစွဲသူတွေဟာ စိတ်ပျက်နေကြတာဖြစ်ပါတယ်။တကယ်တော့ ဆက်သွယ်ရေးအော်ပရေတာလုပ်ငန်းဆိုတာ ဝန်ဆောင်မှုလုပ်ငန်းမျိုး ဖြစ်ပါတယ်။ ဝန်ဆောင်မှုလုပ်ငန်းဖြစ်တာကြောင့် သုံးစွဲသူတွေအတွက်ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကို လုပ်ဆောင်ပေးဖို့ အဓိကအရေးကြီးပါတယ်။ သုံးစွဲသူတွေရဲ့တုံ့ပြန်သံတွေကို နားထောင်ဖို့လိုအပ်ပါတယ်။ အထူးသဖြင့် နှစ်ပေါင်းကြာရှည်စွာသုံးစွဲသူများအပေါ် အမျိုးမျိုးအမြတ်ထုတ်လာခဲ့တဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပါဝင်လုပ်ဆောင်နေတဲ့ အော်ပရေတာတစ်ခုအနေနဲ့အခြေအနေအချိန်အခါနဲ့ လိုက်လျောညီထွေရှိ ပြီးသုံးစွဲသူတွေအတွက် မျှတတဲ့ဝန်ဆောင်မှုတွေ လုပ်ဆောင်ပေးသင့်ပါတယ်။ အကျိုးအမြတ်တွေအများကြီး ရယူထားခဲ့ရင် ဝန်ဆောင်မှုတွေကိုလည်း ကောင်းမွန်အောင်လုပ်ပေးဖို့ လိုပါတယ်။ သုံးစွဲခတွေ တိုးယူထားပြီး ဝန်ဆောင်မှုတွေက ကောင်းမလာရင် သုံးစွဲသူတွေအတွက် မျှတမှုရှိမှာ မဟုတ်ပါဘူး။ အရင်က အင်တာနက် မြန်နှုန်းတွေကောင်းလာဖို့ဆိုပြီး သုံးခဲ့တဲ့ ငွေတွေဘယ်လောက်ရှိသလဲဆိုတာ မသိနိုင်ခဲ့ပေမယ့် ဒီနေ့အချိန်အထိ အင်တာနက်မြန်နှုန်းတွေ ကောင်းမလားသေးတာ လက်တွေ့အဖြစ်အပျက်ပါ။ ဒီအတွက် အစိုးရတစ်ပိုင်း ပါဝင်လုပ်ကိုင်နေတဲ့ အော်ပရေတာတစ်ခုအနေနဲ့ရလာမယ့် ဝင်ငွေအသပြာတွေကိုသာ ရှေးရှုမနေဘဲ သုံးစွဲသူအများ ပြည်သူတွေ စိတ်တိုင်းကျစေမယ့် ဝန်ဆောင်မှုတွေကို ပိုမိုဆောင်ရွက်ပေးနိုင်ပါစေကြောင်း အများအကျိုးမျှော်ရေးသား တင်ပြလိုက်ရပါတယ်။

Most Read

Most Recent