စောင်ရေသုံးသန်း ထုတ်ဝေခဲ့သော ပြင်သစ်မဂ္ဂဇင်း Charlie Hebdo နိုင်ငံတစ်ဝန်း၌ ရောင်းကုန်သွားခဲ့၍ ငါးသန်းအထိ တိုးမြှင့်ထုတ်ဝေမည်

စောင်ရေသုံးသန်း ထုတ်ဝေခဲ့သော ပြင်သစ်မဂ္ဂဇင်း Charlie Hebdo နိုင်ငံတစ်ဝန်း၌ ရောင်းကုန်သွားခဲ့၍ ငါးသန်းအထိ တိုးမြှင့်ထုတ်ဝေမည်
Published 15 January 2015

မဂ္ဂဇင်းရုံးကို အစ္စလာမ္မစ်ဂျီဟတ်တို့က ဝင်ရောက်တိုက်ခိုက် သတ်ဖြတ်ခဲ့ပြီးနောက် ပထမဆုံးထုတ်ဝေသော Charlie Hebdo မဂ္ဂဇင်းကို အရောင်းဆိုင်များ၌ တန်းစီဝယ်ယူခဲ့ကြပြီး ပြင်သစ်နိုင်ငံတစ်ဝန်းတွင် နာရီပိုင်းအတွင်း၌ ရောင်းကုန်သွားခဲ့ကြောင်း သိရသည်။ ပုံမှန်အားဖြင့် စောင်ရေ ၆ဝဝဝဝ ခန့်သာ ထုတ်ဝေသော ယင်းမဂ္ဂဇင်းကို စောင်ရေသုံးသန်းအထိ ထုတ်ဝေသွားမည် ဖြစ်ကြောင်း ဖြန့်ချိသူများက ကနဦးတွင် ကြေညာခဲ့သော်လည်း နောက်ပိုင်းတွင် စောင်ရေငါးသန်းအထိ ထုတ်ဝေသွားမည်ဟု သိရသည်။
“အားလုံးကို ခွင့်လွှတ်ပါတယ်” ဟူသော ခေါင်းစဉ်အောက်တွင် Je Suis Charlie ဆိုင်းဘုတ်ကိုင်ထားပြီး မျက်ရည်ကျနေသော ပရောဖက်မိုဟာမက်၏ပုံကို မျက်နှာဖုံးတွင် ထပ်မံဖော်ပြထားသည့် နောက်ဆုံးထုတ်မဂ္ဂဇင်းကို ပါရီမြို့သားများက အရုဏ်မတက်မီ သတင်းစာ အရောင်းဆိုင်များ၌ တန်းစီစောင့်ဆိုင်း ဝယ်ယူခဲ့ကြသည်။ ပထမဆုံးထုတ် စောင်ရေ ၇ဝဝဝဝဝ အနက်မှ တစ်စောင်ကို မဝယ်ယူနိုင်ခဲ့သည့်အတွက် စိတ်ပျက်နေသော အသက် ၅၈ နှစ်အရွယ် ဆရာဝန် ကက်သရင်းဘိုနီဖေ့က “ဒီမဂ္ဂဇင်းက ပြယုဂ်ပါ။ သူတို့ရဲ့ ဇွဲကို ကိုယ်စားပြုပြီး အကြမ်းဖက်မှုကို သူတို့က အရှုံးမပေးခဲ့ပါဘူး” ဟု ပြောကြားခဲ့သည်။
Charlie Hebdo မဂ္ဂဇင်းကို အင်္ဂလိပ်၊ စပိန်၊ အီတလီ၊ အာရပ်နှင့် တူရကီဘာသာတို့ဖြင့်ပါ ထုတ်ဝေသွားမည်ဟု သိရသည်။ တမန်တော်မိုဟာမက် ကာတွန်းပုံကို ထပ်မံဖော်ပြရန် ဆုံးဖြတ်ချက်သည် အလွန်အမင်း မိုက်မဲကြောင်း IS အဖွဲ့က ရှုတ်ချခဲ့သည်။ ယင်းကာတွန်းကို အချို့မွတ်စလင် ခေါင်းဆောင်များကလည်း ဝေဖန်ခဲ့ကြပြီး အီဂျစ်အစိုးရက ထောက်ပံ့ထားသည့် အစ္စလာမ္မစ် အာဏာပိုင်အဖွဲ့ Dar al-Ifta က မဂ္ဂဇင်းသစ်သည် ပြင်သစ်နှင့်အနောက် လူ့အဖွဲ့အစည်းတွင် အမုန်းများ ထပ်မံပွားများစေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မျက်နှာဖုံးကာတွန်းကို ရေးဆွဲခဲ့သော Charlie Hebdo မဂ္ဂဇင်းမှ ကာတွန်းရေးသူ ရေးနောလူစီယာက မျက်နှာဖုံးကာတွန်း ရေးဆွဲပြီးနောက် ငိုယိုခဲ့ရကြောင်း ပြောကြားခဲ့သည်။ နောက်ဆုံးထုတ် မဂ္ဂဇင်းသစ်ကို eBay တွင် ဒေါ်လာ ၁၇၆၈ဝ ဖြင့် ရောင်းသူတစ်ဦးက လေလံတင်ခဲ့သည်။ ယင်းကဲ့သို့ လေလံတင်ခြင်းကို ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့က အခွင့်အရေးယူမှု ဖြစ်သည်ဟု ရှုတ်ချခဲ့သည်။
Ref:AFP
 
 

Most Read

Most Recent