ပြုပြင်ပြောင်းလဲမှုများရပ်တန့်နေခြင်းမှာ တရားစီရင်ရေးမဏ္ဍိုင်ကို အုပ်ချုပ်ရေးမဏ္ဍိုင်က ဝင်ရောက်စွက်ဖက်ခြင်း၊ အဂတိလိုက်စားမှုမထိန်းချုပ်နိုင်ခြင်းနှင့် အခြားအချက်များကြောင့်ဖြစ်ဟု NLD ကြေညာချက်ထုတ်ပြန်

ပြုပြင်ပြောင်းလဲမှုများရပ်တန့်နေခြင်းမှာ တရားစီရင်ရေးမဏ္ဍိုင်ကို အုပ်ချုပ်ရေးမဏ္ဍိုင်က ဝင်ရောက်စွက်ဖက်ခြင်း၊ အဂတိလိုက်စားမှုမထိန်းချုပ်နိုင်ခြင်းနှင့် အခြားအချက်များကြောင့်ဖြစ်ဟု NLD ကြေညာချက်ထုတ်ပြန်
Published 13 January 2015
အောင်ဇော်ထွန်း

ပြုပြင်ပြောင်းလဲမှုများရပ်တန့်နေခြင်းမှာ အဂတိလိုက်စားမှုမထိန်းချုပ်နိုင်ခြင်း၊ တရာစီရင်ရေးမဏ္ဍိုင်ကို အုပ်ချုပ်ရေးမဏ္ဍိုင်က ဝင်ရောက်စွက်ဖက်ခြင်းနှင့် အခြားအချက်များကြောင့်ဟုသုံးသပ်ကြောင်း အတိုက်အခံအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဇန်နဝါရီ ၁၃ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ဇန်နဝါရီ ၁၂ ရက် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၌ နိုင်ငံတော်သမ္မတ၊ နိုင်ငံရေးခေါင်းဆောင်များ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ တိုင်းရင်းသားကိုယ်စားလှယ်ခေါင်းဆောင်များတွေ့ဆုံပွဲတွင် ဆွေးနွေးချက်များကို NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ နိုင်ငံရေးပါတီခေါင်းဆောင်များနှင့် တိုင်းရင်းသားရေးရာဝန်ကြီးများပါဝင်သော တွေ့ဆုံဆွေးနွေးပွဲတွင် "ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် ပြုပြင်ပြောင်းလဲမှုဆက်လက်ဖြစ်ထွန်းရေး"၊ "ငြိမ်းချမ်းရေးဖြစ်စဉ်ကိုအခြေခံသည့် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲများ စတင်ကျင်းပနိုင်ရေး"၊ "လွတ်လပ်၍တရားမျှတသော (၂၀၁၅) ခုနှစ် အထွေထွေရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး၊ မြင်သာသောအသွင်ကူးပြောင်းမှု နိုင်ငံရေးလုပ်ငန်းစဉ်များပေါ်ပေါက်ရေးနှင့် ကျန်ရှိနေသေးသည့် ကြားကာလနိုင်ငံရေးတည်ငြိမ်မှုရှိရေး" စသည့်ခေါင်းစဉ်သုံးရပ်နှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း သိရသည်။"ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် ပြုပြင်ပြောင်းလဲမှုဆက်လက်ဖြစ်ထွန်းရေး" နှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကဆွေးနွေးရာတွင် ပြုပြင်ပြောင်းလဲမှုများရပ်တန့်နေခြင်းမှာ "(၁)ပြုပြင်ပြောင်းလဲလိုသောဆန္ဒအားနည်းခြင်း၊ (၂) ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရက ဆန္ဒထက်သန်မှုမရှိခြင်း၊ ဤကိစ္စနှင့်ပတ်သက်၍ ပြည်သူလူထု၏ဆန္ဒကို အလေးထားမှုအားနည်းခြင်း၊ (၃) လူတစ်ဦးချင်းစီ၏အခွင့်အရေးများကို အလေးထားဆောင်ရွက်မှုအားနည်းခြင်း၊ (၄) နိုင်ငံ၏လူဦးရေအများစုဖြစ်သော တောင်သူလယ်သမားများ၏ ရေရှည်အကျိုးဖြစ်စေမည့် ဆောင်ရွက်မှုများအားနည်းခြင်း၊ (၅) ဗဟိုချုပ်ကိုင်မှုဆက်လက်ကျင့်သုံးနေခြင်းနှင့် လွှတ်တော်နှင့်ပူးပေါင်းဆောင်ရွက်မှုအားနည်းခြင်း၊ (၆) အဂတိလိုက်စားမှုမထိန်းချုပ်နိုင်ခြင်း၊ (၇) တရားစီရင်ရေးမဏ္ဍိုင်ကို အုပ်ချုပ်ရေးမဏ္ဍိုင်က ဝင်ရောက်စွက်ဖက်ခြင်းနှင့် (၈) ပြည်ထောင်စုလွှတ်တော်၏အတည်ပြုချက်နှင့်အညီ ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးဖြစ်မြောက်စေရန် ပြည်ထောင်စုအစိုးရက ယခုအထိ ဆောင်ရွက်မှုမရှိခြင်းတို့ကြောင့်ဖြစ်သည်ဟု သုံးသပ်ဆွေးနွေးခဲ့ကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။"ငြိမ်းချမ်းရေးဖြစ်စဉ်ကိုအခြေခံသည့် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲများ စတင်ကျင်းပနိုင်ရေး" နှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး ညှိနှိုင်းဆွေးနွေးပွဲများကို တစ်ပြိုင်နက်တည်းဆောင်ရွက်သင့်ကြောင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ်ကိုအကြောင်းပြုပြီး ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲကဲ့သို့သော အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးဆွေးနွေးပွဲများကို ရှောင်ရှားခြင်းမျိုးမဖြစ်သင့်ကြောင်း ဆွေးနွေးခဲ့သည်ဟု NLD ၏ထုတ်ပြန်ချက်အရ သိရသည်။ထို့ပြင် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်ပြီး NLD က နိုင်ငံရေးမူဘောင်များချထားပြီးဖြစ်သကဲ့သို့ အခြားနိုင်ငံရေးပါတီများကလည်း နိုင်ငံရေးမူဘောင်များချထားပြီးဖြစ်သည်ဟု နားလည်ကြောင်း၊ ထို့ကြောင့် အပစ်အခတ်ရပ်စဲရေးပြီးပြတ်သည်နှင့် တင်ပြရန်အသင့်ရှိကြောင်း၊ လက်ရှိနိုင်ငံရေးအခြေအနေအရ အမျိုးသားရင်ကြားစေ့ရေးကိုဦးတည်သော အနှစ်သာရရှိသည့်ဆွေးနွေးပွဲများ အမြန်ဆုံးစရန်မှာအဓိကဖြစ်ကြောင်း၊ ယခုပြုလုပ်နေသောအစည်းအဝေးကို အနှစ်သာရရှိသည့် တွေ့ဆုံဆွေးနွေးပွဲဟုသတ်မှတ်ရန် ခက်ခဲကြောင်း၊ နိုင်ငံရေးအရ အနှစ်သာရရှိပြီး အဓိပ္ပာယ်ပြည့်ဝသည့် တွေ့ဆုံဆွေးနွေးပွဲများကို အမြန်ဆုံးစတင်ပြီး စဉ်ဆက်မပြတ်ဆောင်ရွက်သင့်ကြောင်း၊ ယင်းသို့ပြုလုပ်ခြင်းဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်များကိုလည်း များစွာအထောက်အကူပြုနိုင်ပါသည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်ကဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားမှုများအရ သိရသည်။ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်က "လွတ်လပ်၍ တရားမျှတသော (၂၀၁၅) ခုနှစ် အထွေထွေရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး၊ မြင်သာသောအသွင်ကူးပြောင်းမှု နိုင်ငံရေးလုပ်ငန်းစဉ်များပေါ်ပေါက်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူများ၏ဆန္ဒနှင့်အညီ ပြုပြင်ပြောင်းလဲရန်မှာ အရေးကြီးဆုံးလိုအပ်ချက်ဖြစ်သည်" ဟုပြောကြားဆွေးနွေးခဲ့ကြောင်း NLD ၏ထုတ်ပြန်ချက်တွင် ပါရှိသည်။ရွေးကောက်ပွဲတရားမျှတရေးအတွက် နိုင်ငံတော်အစိုးရက ဘက်လိုက်မှုကင်းစင်ရန်လိုအပ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စည်းမျဉ်းစည်းကမ်းဥပဒေနှင့်မကိုက်ညီသော အပြုအမူအပြောအဆိုများကို ထိရောက်စွာဟန့်တားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အုပ်ချုပ်ရေးအာဏာပိုင်များက နိုင်ငံရေးပါတီများအား ခွဲခြား၍ ဘက်လိုက်ဆောင်ရွက်ခြင်းများရပ်တန့်ရန် လိုအပ်သည်ဟုလည်း NLD ကထုတ်ပြန်ခဲ့သည်။၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးအကျပ်အတည်းများ အဆင်ပြေချောမွေ့စေရန်အတွက် နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ပါဝင်သည့် လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ရန် NLD က ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင်တစ်ကြိမ်၊ ၂၀၁၄ နှစ်လယ်တွင်တစ်ကြိမ် တောင်းဆိုထားသော်လည်း လေးပွင့်ဆိုင်တွေ့ဆုံရေး ဖြစ်ပေါ်လာခြင်းမရှိခဲ့ပေ။အလားတူ ပြည်ထောင်စုလွှတ်တော်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးအပါအဝင် နိုင်ငံ၏အနာဂတ်ကောင်းမွန်စေရန်အတွက် နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးတို့ပါဝင်သော ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ရန် ၂၀၁၄ နိုဝင်ဘာလက အတည်ပြုတိုက်တွန်းခဲ့သော်လည်း ခြောက်ပွင့်ဆိုင်တွေ့ဆုံရေးမှာလည်း လက်ရှိအချိန်အထိ ဖြစ်မလာသေးပေ။အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် ၂၀၁၄ အောက်တိုဘာ ၃၁ ရက်ကဆောင်ရွက်ခဲ့သော အစိုးရ၊ လွှတ်တော်၊ တပ်မတော်မှခေါင်းဆောင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများမှခေါင်းဆောင်များပါဝင်သော ၁၄ ပွင့်ဆိုင်ဆွေးနွေးပွဲနှင့် ယခု ၂၀၁၅ ဇန်နဝါရီ ၁၂ ရက်ကပြုလုပ်ခဲ့သည့် နိုင်ငံရေးဆွေးနွေးပွဲတို့မှာ အနှစ်သာရမရှိသော ဟန်ပြဆွေးနွေးပွဲများဖြစ်သည်ဟု ဝေဖန်သုံးသပ်မှုများရှိနေကြောင်း သိရသည်။