နောက်အစိုးရလက်ထက် ရောက်မှသာ ပြည်ထောင်စုအဆင့် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ပေါ်ပေါက်မည်

နောက်အစိုးရလက်ထက် ရောက်မှသာ ပြည်ထောင်စုအဆင့် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ပေါ်ပေါက်မည်
Published 13 January 2015

နောက်အစိုးရလက်ထက် ရောက်မှသာ ပြည်ထောင်စုအဆင့် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ပေါ်ပေါက်မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဇန်နဝါရီ ၁၃ ရက်တွင် ပြောကြားသည်။ဦးတီခွန်မြတ်က “ဒီဥပဒေကြမ်းအတွက် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်တွေနဲ့ ပြည်သူ့လွှတ်တော်ကို ပြန်ပို့လာတယ်။ အဲဒါကို ပြည်သူ့လွှတ်တော်က ဆွေးနွေးအတည်ပြုချက် ယူမယ်။ ပြီးရင် ပြည်ထောင်စုလွှတ်တော်ကို ပို့မယ်။ တကယ်လို့ လွှတ်တော်နှစ်ရပ် သဘောထား မကွဲရင်တော့ သမ္မတထံ ပို့မယ်။ သမ္မတကလည်း ၁၄ ရက်အတွင်း သဘောထားမှတ်ချက်နဲ့ ပြန်ပေးပို့လာမယ်။ သမ္မတကလည်း သဘောတူလို့ လက်မှတ်ရေးထိုးတယ်ဆိုရင် ဥပဒေတစ်ရပ် ပေါ်လာမယ်” ဟု ပြောကြားသည်။ဥပဒေ ပေါ်ပေါက်လာပါက ငြိမ်းချမ်းရေးအတွက်လည်း အထောက်အကူရမည်ဖြစ်ကြောင်း၊ လွန်ခဲ့သည့် အချိန်များတွင် ဖွဲ့စည်းပုံအရ ဥပဒေသုံးခု ရှိကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ သုံးခုစလုံးတွင် တိုင်းရင်းသားများ၏ အခွင့်အရေးများကို ဖော်ပြထားပေမယ့် စာအုပ်ထဲမှာသာ ရှိကြောင်း၊ တကယ် အကောင်အထည်ဖော်သည့် နေရာတွင် လက်ဆုပ်လက်ကိုင် ဥပဒေ မရှိသည့်အတွက် သံသယစိတ်များက အမြဲဝင်နေကြောင်း၊ အဆိုပါစိတ်များ ပျောက်ပြယ်သွားပြီ ဆိုပါက တိုင်းရင်းသား စည်းလုံးညီညွတ်မှု၊ အမျိုးသားပြန်လည် သင့်မြတ်ရေးများအတွက် အထောက်အကူ ပြုသွားနိုင်ကြောင်း၊ ဖက်ဒရယ်စနစ်နှင့် သွားနေခြင်းဖြစ်ကြောင်း၊ နိုင်ငံတော် အကျပ်အတည်း မဖြစ်အောင် ခြောက်ပွင့်ဆိုင် အဆိုတင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒါတွေဟာ ညင်ညင်သာသာနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ရည်ရွယ်ခြင်းဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။“ဒီဥပဒေ ပေါ်လာပြီဆိုရင် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ပေါ်လာမယ်။ ပေါ်လာမယ်ဆိုရင်လည်း ၂၀၁၆ ခုနှစ်ကျမှ ပေါ်လာမှာပါ။ ပေါ်လာတဲ့အချိန်မှာ ပြည်သူ့ဘဏ္ဍာနဲ့ တိုင်းရင်းသားတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို စာပေယဉ်ကျေးမှု အနုပညာတွေကို ပြည်သူ့ဘဏ္ဍာနဲ့ ဖော်ဆောင်သွားမယ်ဆိုရင် အများကြီး အကျိုးရှိသွားမှာ ဖြစ်တယ်။ သံသယစိတ်တွေလည်း ပြေပျောက်သွားမှာ ဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့က လုပ်နေတာပါ။ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးအတွက်က ဖွဲ့စည်းပုံမှာပဲ ရေးထားတယ်။ ဥပဒေမရှိတော့ အကောင်အထည် မဖော်နိုင်တော့ သံသယရှိတဲ့ သူတွေကတော့ ရှိနေမှာပဲ။ ဒါတွေက ရှိတယ်။ လက်တွေ့မှာ အကောင်အထည် မဖော်နိုင်တဲ့အတွက် ဖြစ်နေတာပါ။ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်အောင် လုပ်နေတဲ့ ဥပဒေ ဖြစ်ပါတယ်။ ဥပဒေအရ တည်ဆောက်ရမှာ ဖြစ်ပါတယ်။ ဒါတွေ နားလည်ပြီဆိုရင် ဖွံ့ဖြိုးတိုးတက် စည်းလုံးသွားမှာပါ” ဟု ဦးတီခွန်မြတ်က ပြောကြားသည်။ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က “တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနတစ်ခု ရှိဖို့ လိုတယ်ဆိုပြီး အဆိုတင်တယ်။ အဆိုကလည်း အောင်ခဲ့တယ်။ ပြီးတော့ လွှတ်တော်မှာ ဥပဒေကြမ်း ရေးဆွဲတယ်။ တိုင်းရင်းသားရေးရာ ဝန်ကြီးတွေနဲ့ တွေ့ဆုံပြီးတော့ ဘာတွေပါသင့်တယ်ဆိုတာကို ဆွေးနွေးတယ်။ အခုတော့ ပြည်သူ့လွှတ်တော်ဘက်ကို ရောက်နေပြီ။ အမြန်ဆုံး အကောင်အထည်ဖော်နိုင်အောင် ကြိုးစားရမှာပေါ့” ဟု ဦးဇော်အေးမောင်က ပြောကြားသည်။တိုင်းရင်းသားလူမျိုးများ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေအား (၁၂) ကြိမ်မြောက် လွှတ်တော်မှာ အတည်ပြုနိုင်အောင် ဆောင်ရွက်နေကြောင်း၊ အတည်ပြုနိုင်မည်ဟု ယူဆကြောင်း၊ ဥပဒေ ပြဋ္ဌာန်းပြီးပါက နောင်တက်လာမည့် အစိုးရလက်ထက်တွင် အသက်ဝင်လာမည်ဖြစ်ကြောင်း သိရသည်။ဦးစောလှထွန်းက “အခု ဆွေးနွေးတာကတော့ ကျွန်တော်တို့ လွှတ်တော်မှာ ဆွေးနွေးနေတာတွေကို တိုင်းရင်းသားရေးရာ ဝန်ကြီးတွေကို ချပြတာပါ။ သူတို့တွေ ကွန်းမန့်ပေးလို့ ရအောင်ရယ်။ အဲဒီဟာတွေက လွှတ်တော်က ရယူဆောင်ရွက်နိုင်ဖို့ အတွက်ပါ။ ဒီဥပဒေကြမ်းထဲမှာ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနဖြစ်ဖို့ အဓိကထား ရေးဆွဲထားတာပါ။ ဒါကို လွှတ်တော်က အတည်ပြုပြီးရင်တော့ ဝန်ကြီးဌာနဆိုတာလည်း အတည်ဖြစ်သွားမှာပါ။ ဖြည့်စွက်ဆွေးနွေးတာလေးတွေတော့ ရှိပါတယ်” ဟု ပြောကြားသည်။ဇန်နဝါရီ ၁၃ ရက်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ တိုင်းရင်းသားရေးရာ ဝန်ကြီးများနှင့် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းတို့ တွေ့ဆုံခဲ့ကြောင်း၊ တိုင်းရင်းသားလူမျိုးများ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေကြမ်းအပေါ် အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။တိုင်းရင်းသားရေးရာ ဝန်ကြီးများနှင့် ယခုကဲ့သို့ တွေ့ဆုံမှုသည် နိုင်ငံတွင် လိုလားနေသည့် ငြိမ်းချမ်းရေးအတွက် အများကြီး အထောက်အကူဖြစ်ကြောင်း၊ လိုချင်သည့် ငြိမ်းချမ်းရေး ရရန်အတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ရှိရမည်ဖြစ်ကြောင်း၊ ထို့အတွက် တိုင်းရင်းသားရေးရာ ဝန်ကြီးများနှင့် တွေ့ဆုံမှုကြောင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အများကြီး အထောက်အကူပြုသည့်အတွက် ငြိမ်းချမ်းရေး ရဖို့အတွက်လည်း အများကြီး အခြေအနေ ကောင်းလာပါကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။