သမ္မတ၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုလွှတ်တော်နာယက၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံရေးပါတီခေါင်းဆောင်များနှင့် တိုင်းရင်းသားရေးရာဝန်ကြီးများပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲ နေပြည်တော်၌ပြုလုပ်

သမ္မတ၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုလွှတ်တော်နာယက၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံရေးပါတီခေါင်းဆောင်များနှင့် တိုင်းရင်းသားရေးရာဝန်ကြီးများပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲ နေပြည်တော်၌ပြုလုပ်
Published 12 January 2015
စိုးမင်းထိုက်၊ ကျော်ဇင်ဝင်း၊ နေရိုင်း

သမ္မတ၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုလွှတ်တော်နာယက၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ နိုင်ငံရေးပါတီကိုယ်စားပြုခေါင်းဆောင်များပါဝင်သည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကို ဇန်နဝါရီ ၁၂ ရက်က နေပြည်တော်ရှိ သမ္မတအိမ်တော်ငုရွှေဝါခန်းမ၌ပြုလုပ်ခဲ့သည်။အဆိုပါတွေ့ဆုံပွဲကို နံနက် ၉ နာရီခွဲတွင်စတင်ခဲ့ပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် ပြုပြင်ပြောင်းလဲမှုများဆက်လက်ဖြစ်ထွန်းရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်ကိုအခြေခံသည့် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး၊ သက်ဆိုင်ရာနိုင်ငံရေးဆွေးနွေးပွဲများစတင်ကျင်းပနိုင်ရေး၊ လွတ်လပ်၍တရားမျှတသော ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ပြီး ညင်သာစွာအသွင်ကူးပြောင်းသောနိုင်ငံရေးဖြစ်စဉ်များပေါ်ပေါက်ရေးတို့အတွက် ညနေ ၄ နာရီခန့်အထိ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။တွေ့ဆုံဆွေးနွေးပွဲသို့ သမ္မတဦးသိန်းစိန်၊ လူထုခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း၊ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၊ UNA ကိုယ်စားပြုအဖြစ် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ NBF ကိုယ်စားပြုအဖြစ် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း၊ FDA ကိုယ်စားပြုအဖြစ် အမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီဥက္ကဋ္ဌ ဦးသန်းတင် (ယခင်ပွဲတွင် ဗဟိုအလုပ်အမှုဆောင် ဦးသိန်းထွန်းတက်ရောက်) တို့တက်ရောက်ခဲ့ပြီး အဆိုပါ ၁၄ ဦးသည် ၂၀၁၄ ခုနှစ် အောက်တိုဘာ ၃၁ ရက်က သမ္မတအိမ်တော်၌ ပထမအကြိမ်တွေ့ဆုံပွဲတွင် ပါဝင်ခဲ့သူများဖြစ်သည်။ထပ်မံပါဝင်လာသည့် နိုင်ငံရေးပါတီခေါင်းဆောင်များမှာ ဦးအေးသာအောင် (ဗဟိုအလုပ်အမှုဆောင်၊ ရခိုင်အမျိုးသားပါတီ)၊ ဒေါက်တာတူးဂျာ (ဥက္ကဋ္ဌ၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီဥက္ကဋ္ဌ)၊ ဦးဖိုးရယ် (ဥက္ကဋ္ဌ၊ လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ)၊ ဦးစောထွန်းအောင်မြင့် (ဥက္ကဋ္ဌ၊ ကရင်ပြည်သူ့ပါတီ၊ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး)၊ ဦးဇိုဇမ် (ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ)၊ ဒေါက်တာမင်းနွယ်စိုး (အထွေထွေအတွင်းရေးမှူး၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ) တို့ဖြစ်သည်။

ဇန်နဝါရီ ၁၂ ရက်က သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုလွှတ်တော်နာယက၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံရေးပါတီခေါင်းဆောင်များနှင့် တိုင်းရင်းသားရေးရာဝန်ကြီးများပါဝင်သောဆွေးနွေးပွဲ သမ္မတအိမ်တော် ငုရွှေဝါခန်းမ၌ပြုလုပ်နေစဉ်ထို့ပြင် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ အခြားသောတိုင်းရင်းသားရေးရာဝန်ကြီး စုစုပေါင်း ၂၈ ဦး တွေ့ဆုံပွဲသို့တက်ရောက်ဆွေးနွေးခဲပြီး သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တွေ့ဆုံပွဲတက်ရောက်သူအားလုံး စုစုပေါင်း ၄၈ ဦးတက်ရောက်ခဲ့သည်။"မထူးဘူး။ မကောင်းဘူး။ ခက်တာကဘယ်လိုပြောရမလဲ။ ကျွန်တော်တို့ခေါ်ခေါ်ပြီးတော့ စကားပြောကြ။ အကြောင်းအရာသုံးခုကို လူ  ၅၀ ခေါ်တော့ တချို့ကအိပ်ကုန်ပြီပေါ့။ အရင် ၁၄ ဦးတုန်းက လူနည်းတော့တစ်မျိုးပေါ့။ ဒါကြီးက လူများတော့ပြောကြတာပေါ့။ တခြားဟာတွေပါလာတာပေါ့။ မြို့နယ်မှူးမကောင်းတာတွေ။ အုပ်ချုပ်ရေးမှူးမကောင်းတာတွေ။ ဗိုလ်ကျတာတွေ။ မှတ်ပုံတင်မရှိတာတွေ။ အကုန်လုံးအစုံပေါ့။ သူ့လူတွေပဲ။ တိုင်းရင်းသားရေးရာဝန်ကြီးတွေလာတယ်။ စရိတ်ကုန်တာပေါ့။ မည်မည်ရရဆွေးနွေးလို့မရပါဘူး။ အနှစ်သာရသိပ်အရှိကြီးဘယ်ဟုတ်မလဲ။ ဒီအကြောင်းအရာသုံးခုပဲဟာ။ အစိုးရလူတွေပဲလေ။ ကျွန်တော့်အမြင်က အဓိက,က ငြိမ်းချမ်းရေးပဲ။ ငြိမ်းချမ်းရေးမရမှာစိုးရိမ်တယ်။ သူက ဖေဖော်ဝါရီ ၁၂ မှာရချင်တယ်။ ရပါ့မလား။ တချို့ထပြောတဲ့သူရှိတယ်။ ဘာထပြောလဲဆိုတော့မပါထားခဲ့တဲ့။ လွယ်လိုက်တာ။ တစုတစည်းတည်းဖြစ်အောင် ပညာပါပါလုပ်နေတာကိုမပါထားခဲ့ဆိုတော့ ဆက်ကိုင်ပြီးဆက်ဆော်နေဦးမှာပေါ့။  နိုင်ငံရေးနားမလည်ဘဲ ထပြောတာပေါ့ဗျာ။ လေးပွင့်ဆိုင်လည်းမပေးဘူး။ ခြောက်ပွင့်ဆိုင်လည်းမပေးဘူး။ ၁၂ ပွင့်ဆိုင်လား။ အဲဒါလည်းမပေးဘူး။ မပေးလို့အများကြီးခေါ်ထွက်လာတာ" ဟု UNA အဖွဲ့ကိုယ်စားပြုအဖြစ်တက်ရောက်ခဲ့သည့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကပြောကြားသည်။ယခုကဲ့သို့ နိုင်ငံတော်သမ္မတဦးဆောင်၍ ဒေါ်အောင်ဆန်းစုကြည်ပါဝင်သော တွေ့ဆုံဆွေးနွေးပွဲအား ဒုတိယအကြိမ်ထပ်မံကျင်းပသော်လည်း ပြည်ထောင်စုလွှတ်တော်မှ ကန့်ကွက်သူမရှိအတည်ပြုထားသော သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တိုင်းရင်းသားကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးပါဝင်သော ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးအဆိုနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတအနေဖြင့် သဘောထားမှတ်ချက်တစ်စုံတရာ တရားဝင်ထုတ်ဖော်ပြောကြားခြင်းမရှိသေးပေ။

ဆွေးနွေးပွဲသို့တက်ရောက်ရန်ရောက်ရှိလာသော လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ကို သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ကြိုဆိုနေစဉ်
ထိုသို့ သမ္မတ၏ခြောက်ပွင့်ဆိုင်အပေါ် သဘောထားနှင့်ပတ်သက်၍ သမ္မတ၏ပြောaရးဆိုခွင့်ရှိသူ ဦးရဲထွဋ်က "နံပါတ်တစ်အနေနဲ့ အားလုံးပါဝင်နိုင်ဖို့၊ နှစ်နိုင်ငံတိုးတက်ရေးအတွက် အကြံပြုချက်အားလုံးကို ထည့်သွင်းစဉ်းစားတာပါ။ ပထမအစုအဖွဲ့ကြီးငါးဖွဲ့နဲ့တွေ့လိုက်တယ်။ အဲဒီအပေါ်မူတည်ပြီးတော့ သဘောထားတွေထုတ်ပြန်တယ်။ ပုဂ္ဂိုလ်ပေါ်မူတည်ပြီး အပွင့်နဲ့ပြောတာရှိတယ်။ တိုင်းရင်းသားတွေက သူတို့ပိုပါချင်တယ်လို့ပြောတာရှိတယ်။ ဒါတွေကိုအခြေခံပြီး ဒီနေ့ဆွေးနွေးပွဲမှာဆွေးနွေးခဲ့တာရှိတယ်။ ဒါကြောင့်ဘယ်နည်းလမ်းကိုမှမပစ်ပယ်ပါဘူး။ အားလုံးကိုထည့်သွင်းစဉ်းစားလျက်ရှိပါတယ်။ တစ်ခါမှ ကျွန်တော်တို့မဖြစ်နိုင်ဘူးလို့ပြောခဲ့တာမဟုတ်ပါဘူး။ အဲဒါဖြစ်တော့ ကျွန်တော်ရန်ကုန်မှာ အစိုးရကိုယ်စားဖြေတဲ့အချိန်မှာ ချဉ်းကပ်ပုံချင်းမတူသေးတဲ့အတွက်ကြောင့် လောလောဆယ်မဖြစ်နိုင်သေးဘူးလို့ပြောခဲ့ပါတယ်။ နောက်ပိုင်းမှာ အောက်တိုဘာ ၃၁ နဲ့ရော၊ ခြောက်ပွင့်ဆိုင်နဲ့ပတ်သက်လို့ရော အယူအဆအမျိုးမျိုးပေါ်ထွက်လာခဲ့ပါတယ်။ အဲဒီအယူအဆတွေပေါ်မူတည်ပြီးတော့ အခုဆွေးနွေးပွဲပုံစံကို တိုးပြီးဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ တိုင်းရင်းသားဘက်ကပါလို့ရအောင် တိုင်းရင်းသားအစုအဖွဲ့တစ်ဖွဲ့ထပ်တိုးလို့ အဖွ့ဲကြီးခြောက်ဖွဲ့ဖြစ်သွားပါတယ်။တချို့တိုင်းရင်းသားတွေကပြောပါတယ်။ တိုင်းရင်းသားရေးရာဝန်ကြီးနဲ့ တိုင်းရင်းသားပါတီတွေကရွေးချယ်ပြီးတော့ ဖိတ်လိုက်တာပေါ့။ တချို့ကထပ်အကြံပြုတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနဲ့ဒေသကြီးတွေက ဦးစီးအဖွဲ့ဝင်တွေရှိတယ်။ သူတို့ကိုလည်းဖိတ်သင့်တယ်လို့အကြံပြုတာရှိပါတယ်" ဟု တွေ့ဆုံပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင်ပြောကြားသည်။

ဇန်နဝါရီ ၁၂ ရက်က သမ္မတအိမ်တော် ငုရွှေဝါခန်းမ၌ နိုင်ငံရေးဆွေးနွေပွဲပြုလုပ်နေစဉ် (ဓာတ်ပုံ-စိုးမင်းထိုက်)"နိုင်ငံရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးတော့မှ တော်တော်လေးအရေးကြီးတဲ့အဆင့်ကိုရောက်လာပြီ။ ဒီနှစ်ကုန်ပိုင်းမှာရွေးကောက်ပွဲလည်းကျင်းပတော့မယ်လေ။ ရွေးကောက်ပွဲကျင်းပချိန်၊ သမ္မတကြီးက သူ့သက်တမ်း၊ သူ့လက်ထက်မှာ၊ အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲကိုစတင်ဆောင်ရွက်ချင်တယ်ဆိုတာ အားလုံးလည်းသိပြီးသားဖြစ်တယ်။ ဒါကြောင့်မို့ အချိန်အားဖြင့်မကျန်တော့ဘူး။ ဒီလလယ်လောက်မှာ NCCT  နဲ့ UPWC ထပ်တွေ့မယ်။ အဲဒီလိုမတွေ့ဆုံခင် အခုလိုတိုင်းရင်းသားကိုယ်စားလှယ်များများဖိတ်ပြီးတော့ အခြားအရေးကြီးတဲ့ နိုင်ငံရေးခေါင်းဆောင်တွေလည်းဖိတ်ကြားပြီးတော့ သူ့အနေနဲ့ အဲဒီခုနကပြောတဲ့ ဇန်နဝါရီလလယ်ဆွေးနွေးပွဲအတွက် အချက်အလက်ကောင်းများရမလား။ အကြံဉာဏ်ကောင်းများရမလားဆိုပြီး ကျင်းပတာလားလို့ယူဆတယ်။ ဒါကြောင့်မို့ အဓိပ္ပာယ်တော့ရှိပါတယ်" ဟု  တွေ့ဆုံပွဲတက်ရောက်ခဲ့သည့် ကချင်ပြည်နယ်ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဒေါက်တာတူးဂျာက ပြောကြားသည်။ထို့အတူ ယခုတွေ့ဆုံပွဲသို့တက်ရောက်ရန်ဖိတ်ကြားစဉ်က နိုင်ငံရေးပါတီခေါင်းဆောင်များအား အမည်၊ ပါတီအမည်ဖြင့် တိုက်ရိုက်ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး ပါတီရုံးချုပ်မှပင်မသိရှိခဲ့ရဘဲ ရွေးချယ်ဖိတ်ကြားသည့်အခြေအနေမျိုးဖြစ်ပေါ်ခဲ့သဖြင့် လူပုဂ္ဂိုလ်အားဖိတ်ကြားခြင်း (သို့မဟုတ်) ပါတီအားဖိတ်ကြားခြင်း နှစ်ခုအကြား ဝိဝါဒများဖြစ်ပေါ်ခဲ့ကာ မေးခွန်းထုတ်မှုများရှိခဲ့သည်။ဥပမာအားဖြင့် တွေ့ဆုံပွဲသို့ ရခိုင်အမျိုးသားပါတီမှ ဗဟိုအလုပ်အမှုဆောင် ဦးအေးသာအောင်တက်ရောက်ခဲ့သော်လည်း ၎င်းအားဖိတ်ကြားခြင်းသည် တိုက်ရိုက်ဖိတ်ကြားခြင်းဖြစ်ပြီး ပါတီ၌ ၎င်းထက်တာဝန်ယူမှုမြင့်မားသည့် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများအား ဖိတ်ကြားခဲ့ခြင်းမရှိပေ။ ထို့ပြင် ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်သည် ပြည်ထောင်စုလွှတ်တော်က ခြောက်ပွင့်ဆိုင်တွေ့ဆုံရေးအတွက် လျှို့ဝှက်မဲစနစ်ဖြင့် တိုင်းရင်းသားကိုယ်စားလှယ်များကရွေးချယ်ထားသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။အတိုက်အခံလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံပြင်ဆင်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးအကျပ်အတည်းများ အဆင်ပြေချောမွေ့စေရေးအတွက် လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုထားသည်။သို့ရာတွင် သမ္မတဦးသိန်းစိန်က အားလုံးပါဝင်နိုင်ရေးမူအား ကြွေးကြော်ရပ်တည်၍ မြန်မာနိုင်ငံသို့ အမေရိကန်သမ္မတအိုဘားမားမလာရောက်မီ ရက်ပိုင်းအလို ၂၀၁၄ ခုနှစ် အောက်တိုဘာ ၃၁ ရက်တွင် ၁၄ ဦးတွေ့ဆုံဆွေးနွေးရေးဖော်ဆောင်ခဲ့သော်လည်း တွေ့ဆုံရာ၌ တစ်ဦးလျှင် ၁၀ မိနစ်ခန့်ဖြင့် လက်ဖက်ရည်သောက်တွေ့ဆုံပွဲပုံစံဖြင့်အဆုံးသတ်ခဲ့သည်။ထို့နောက် ပြည်ထောင်စုလွှတ်တော်က လေးပွင့်ဆိုင်အားတိုးချဲ့၍ ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးအရေးကြီးအဆိုကို နိုဝင်ဘာ ၂၅ ရက်က အာဏာရပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်းကတင်သွင်းခဲ့ရာ ကန့်ကွက်သူမရှိအတည်ပြုခဲ့သည်။ထို့နောက်တွင် ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး၌ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးသာပါဝင်သဖြင့် တိုင်းရင်းသားမျိုးနွယ်စုကြီးတစ်စုလျှင် တစ်ဦးဖြင့်ထည့်သွင်း၍ ၁၂ ပွင့်တွေ့ဆုံဆွေးနွေးရေးပြုလုပ်ပေးရန်အဆိုကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားဝန်ကြီး ဦးစောထွန်းအောင်မြင့်က ဒီဇင်ဘာ ၉ ရက်တွင်တင်သွင်းခဲ့ပြီး ကိုယ်စားလှယ် ၁၁ ဦးကထောက်ခံ၍ သုံးဦးကကန့်ကွက်ဆွေးနွေးခဲ့ကာ အဆိုကိုအတည်ပြုခဲ့သည်။