စတော့အိတ်ချိန်းမှာ မည်သည့်အစိုးရတက်လာသည်ဖြစ်စေ လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဒုဝန်ကြီးပြောကြား

စတော့အိတ်ချိန်းမှာ မည်သည့်အစိုးရတက်လာသည်ဖြစ်စေ လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဒုဝန်ကြီးပြောကြား
Published 12 January 2015
ဖြိုးဝေ

ရန်ကုန်စတော့အိတ်ချိန်းကို ၂၀၁၅ ရွေးကောက်ပွဲပြုလုပ်နိုင်သည့် အောက်တိုဘာတွင်စတင်ရန် စီစဉ်ထားသောကြောင့် စီမံကိန်းပျက်ပြယ်သွားနိုင်ကြောင်းနှင့် အဆိုပါစီမံကိန်းမှာ နိုင်ငံရေးအရ လှည့်ကွက်ကဲ့သို့ ဝေဖန်နေမှုများရှိနေကြောင်းနှင့် မြန်မာနိုင်ငံ၏စတော့အိတ်ချိန်းသည် မည်သည့်အစိုးရတက်လာသည်ဖြစ်စေ ဆက်လက်လုပ်ဆောင်ရမည့်လုပ်ငန်းသာဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်းက ဇန်နဝါရီ ၁၀ ရက်တွင် ပြောကြားသည်။    ရန်ကုန်စတော့အိတ်ချိန်းစတင်မည်ဆိုခြင်းအပေါ် ဝေဖန်မှုလေးမျိုးကြုံခဲ့ရပြီး အဆိုပါဝေဖန်မှုများမှာ မြန်မာနိုင်ငံတွင်စတင်ထူထောင်မည့် စတော့အိတ်ချိန်းသည် မအောင်မြင်နိုင်ကြောင်း၊ စောလွန်းနေသေးကြောင်း၊ ဟန်ပြလုပ်ဆောင်မှုသာဖြစ်နိုင်ကြောင်းနှင့် နိုင်ငံရေးအရ ဝေဖန်စရာသာဖြစ်နေကြောင်း ဝေဖန်မှုများထွက်ပေါ်ခဲ့သည်ဟု ဒေါက်တာမောင်မောင်သိမ်းကဆိုသည်။    ထိုသို့ဝေဖန်မှုများအပေါ် ဒေါက်တာမောင်မောင်သိမ်းက စောလွန်းသည်ဆိုခြင်းမှာ ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၁၉၈ နိုင်ငံအနက် စတော့အိတ်ချိန်းမရှိသည့်နိုင်ငံသည် ကိုးနိုင်ငံသာရှိပြီး အဆိုပါနိုင်ငံများအနက် ခြောက်နိုင်ငံမှာ ကျွန်းနိုင်ငံငယ်လေးများဖြစ်နေကာ ကျန်နိုင်ငံသုံးနိုင်ငံအနက် စတော့အိတ်ချိန်းထူထောင်ရန်မလိုအပ်နိုင်သည့် ဘရူနိုင်းနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံတို့ဖြစ်နေကြောင်းနှင့် ယခုကာလတွင်မှစတော့ အိတ်ချိန်းထူထောင်ရန်ကြိုးစားနေခြင်းမှာ နောက်ကျသည်ဟုပင်ဆိုနိုင်ကြောင်း ပြောကြားသည်။ ထို့ြ့ပင် ယခင်အနှစ် ၆၀ ခန့်က သင်ရိုးသင်္ချာတစ်ခုဖြစ်သည့် ဦးပန်းရည်၏သင်္ချာစာအုပ်တွင် စတော့တွက်နည်းများအားပြဋ္ဌာန်းခဲ့သဖြင့် ယခင်အနှစ် ၆၀ ခန့်ကပင် မြန်မာနိုင်ငံ၌ စတော့ဈေးကွက်ပေါ်ထွက်ရန် လုပ်ဆောင်မှုများရှိခဲ့သည်ဟုယူဆနိုင်ကြောင်း ဒေါက်တာမောင်မောင်သိမ်းကဆိုသည်။        ထို့အတူ မအောင်မြင်နိုင်ဆိုသည့် ဝေဖန်မှုများမှာလည်း ကမ္ဘာပေါ်တွင် စတော့ဈေးကွက်ဝင်ကုမ္ပဏီတစ်ခုနှင့်ပင်စတင်သည့် စတော့ဈေးကွက်များရှိကြောင်းနှင့် စတင်လုပ်ဆောင်ရန်အမြတ်အစွန်းများသည့် အများပိုင်ကုမ္ပဏီများကိုသာ စတော့ဈေးကွက်ဝင်ကုမ္ပဏီအဖြစ် စိစစ်လက်ခံမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။    ဟန်ပြသာလုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဝေဖန်မှုများအပေါ်တွင်လည်း ထိုသို့ဟန်ပြသာလုပ်ဆောင်နေမည်ဆိုပါက ရုံးခန်းတစ်ခုအားချက်ချင်းဖွင့်၍ မြန်မာစတော့အိတ်ချိန်းအား ထူထောင်နိုင်ပြီဖြစ်ကြောင်း ကြော်ငြာရုံသာရှိ၍ ယခုကဲ့သို့ ဂျပန်နိုင်ငံနှင့်ပူးပေါင်းလုပ်ဆောင်မှုများ၊ နည်းဥပဒေ၊ ဥပဒေများအားရေးဆွဲရန်လုပ်ဆောင်မှုများ ရှိလာနိုင်မည်မဟုတ်ကြောင်းနှင့် စတော့အိတ်ချိန်းပေါ်ပေါက်လာရန် အမှန်တကယ်လုပ်ဆောင်နေကြောင်း ၎င်းကဆက်လက်ပြောကြားသည်။    အလားတူပင် နိုင်ငံရေးအရဝေဖန်မှုများကိုလည်း အစိုးရပြောင်းလဲပါကလည်း အဆိုပါစီမံကိန်းမှာ ရပ်တန့်သွားနိုင်မည်မဟုတ်ကြောင်းနှင့် ဆေးရုံတစ်ရုံတည်ဆောက်သကဲ့သို့၊ မည်သည့်အစိုးရပြောင်းပြောင်း ဆက်လက်လုပ်ဆောင်ရမည်ဖြစ်သကဲ့သို့ ရန်ကုန်စတော့အိတ်ချိန်းသည်လည်း မည်သူတက်လာသည်ဖြစ်စေ လုပ်ဆောင်ရမည့်စီမံကိန်းသာဖြစ်ကြောင်း ၎င်းကဆိုသည်။    ရန်ကုန်စတော့အိတ်ချိန်းကို မြန်မာ့စီးပွားရေးဘဏ်က ရှယ်ယာ ၅၁ ရာခိုင်နှုန်း၊ ဂျပန်ဘက်မှ Daiwa Group နှင့် Japan Exchange Group တို့က ၄၉ ရာခိုင်နှုန်းဖြင့် အသီးသီးထည့်ဝင်လုပ်ဆောင်ကြမည်ဖြစ်သည်။               

Most Read

Most Recent