မဂ္ဂဇင်းရုံးချုပ် တိုက်ခိုက်ခံရမှုအတွက် ပါရီတွင် သမိုင်းဝင်ချီတက်ပွဲကြီး ပြုလုပ်ရာ၌ ကမ္ဘာ့ခေါင်းဆောင်များ ပါဝင်

မဂ္ဂဇင်းရုံးချုပ် တိုက်ခိုက်ခံရမှုအတွက် ပါရီတွင် သမိုင်းဝင်ချီတက်ပွဲကြီး ပြုလုပ်ရာ၌ ကမ္ဘာ့ခေါင်းဆောင်များ ပါဝင်
Published 12 January 2015

လူပေါင်း ၁၇ ဦး သေဆုံးခဲ့ရသည့် အစ္စလာမ် အစွန်းရောက်များ၏ တိုက်ခိုက်မှုပြီးနောက် အစွန်းရောက်ဝါဒအား ကမ္ဘာလုံးဆိုင်ရာ ဆန့်ကျင်မှုအဖြစ် ဇန်နဝါရီ ၁၁ ရက်တွင် ပါရီ၌ သမိုင်းဝင် ချီတက်ပွဲကြီးတစ်ရပ် ပြုလုပ်ရာ လူပေါင်းတစ်သန်းကျော်နှင့် ကမ္ဘာ့ခေါင်းဆောင်များ ဒါဇင်နှင့်ချီလျက် ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။ပါရီတိုက်ခိုက်ခံရမှု၌ သေဆုံးခဲ့သူများထဲတွင် ဂျူးဘာသာဝင်များအပြင် မွတ်စလင် ရဲအရာရှိတစ်ဦးလည်း ပါဝင်ခဲ့ပြီး ပါရီချီတက်ပွဲ၌ မမျှော်လင့်ဘဲ အစ္စရေးနှင့် ပါလက်စတိုင်းခေါင်းဆောင်များ ပါဝင်လာကြောင်း သိရသည်။Charlie Hebdo သရော်စာ မဂ္ဂဇင်းရုံးချုပ်နှင့် ဂျူးစူပါမားကက်တစ်ခု တိုက်ခိုက်ခံရပြီးနောက် လုံခြုံရေး တင်းကျပ်ထားသည့် ပါရီမြို့တွင် ချီတက်ပွဲကို စောင့်ရှောက်ရန်အတွက် ထောင်ပေါင်းများစွာသော စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ ထပ်မံချထားပြီး ချီတက်ရာလမ်းတစ်လျှောက် လက်ဖြောင့်သေနတ်သမားများကိုလည်း နေရာယူထားစေခဲ့သည်ဟု ဆိုသည်။“လွတ်လပ်မှုကို ချစ်မြတ်နိုးမှုနဲ့ လူမှုရေးစိတ်ထားကောင်းကို ချစ်မြတ်နိုးမှုကို ပြသဖို့ လူပေါင်းသန်းနဲ့ချီပြီး လာကြမယ်ဆိုတာ သံသယဖြစ်ဖွယ် မရှိပါဘူး” ဟု ပြင်သစ်ဝန်ကြီးချုပ် မန်နျူယယ်ဗောက ဇန်နဝါရီ ၁၀ ရက်က သေနတ်သမားတစ်ဦးက စူပါမားကက်အတွင်း ဓားစာခံလေးဦးကို ပစ်သတ်ခဲ့သည့် နေရာအနီး၌ ပြောကြားခဲ့သည်။ဇန်နဝါရီ ၁၁ ရက်က ပါရီချီတက်ပွဲတွင် နေတန်ယာဟု(အစ္စရေး)၊ ကီတာ(မာလီ)၊ အော်လွန်း(ပြင်သစ်)၊ မာကယ်(ဂျာမနီ)၊ ဒေါ်နယ်(အီးယူ)၊ အဘားစ်(ပါလက်စတိုင်း)တို့ကို တွေ့ရစဉ် (ဝဲမှယာ)
ပါရီချီတက်ပွဲ မတိုင်မီမှာပင် ဇန်နဝါရီ ၁၀ ရက်က ပြင်သစ်နိုင်ငံတစ်လွှား မြို့ကြီးများရှိ လမ်းများပေါ်သို့ လူပေါင်း ၇၀၀,၀၀၀ ကျော် ရောက်ရှိလာပြီး “ငါဟာ ချာလီဖြစ်တယ်” ဟု အဓိပ္ပာယ်ရသော စာတန်းများ ကိုင်ဆောင်လျက် လှည့်လည်ခဲ့ကြသည်။ တမန်တော် မိုဟာမက်ကို သရော်ခဲ့သောကြောင့် Charlie Hebdo ရုံးချုပ် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ရာ လူပေါင်းများစွာတို့ကလည်း လွတ်လပ်စွာ ဖော်ထုတ်ပြသခွင့် သင်္ကေတ ကလောင်တံပုံများကို ကိုင်မြှောက်ခဲ့ကြသည်။ပါရီချီတက်ပွဲ၌ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနှင့် ပါလက်စတိုင်း သမ္မတ မာမွတ်အဘားတို့အပြင် ဂျော်ဒန်ဘုရင်နှင့် မိဖုရားနှင့် ဂျာမန်ဝန်ကြီးချုပ် အင်ဂျလာမာကယ်၊ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းတို့ အပါအဝင် ထိပ်တန်းဥရောပ ခေါင်းဆောင်များလည်း ပါဝင်ခဲ့သည်။ အမေရိကန်သမ္မတ ဘာရက်အိုဘားမားကို ကိုယ်စားပြုလျက် ရှေ့နေချုပ် အဲရစ်ဟိုဒါက ပါဝင်ပြီး ဟိုဒါသည် အစ္စလာမ္မစ် အစွန်းရောက်များ၏ ခြိမ်းခြောက်မှုနှင့် ပတ်သက်၍ ဆွေးနွေးမည့် ပြည်ထဲရေးဝန်ကြီးများ အရေးပေါ် အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်သည်။ ချီတက်ပွဲကို ပြင်သစ်သမ္မတဖရန်ဆွာ အော်လွန်းက ဦးဆောင်လျက် ပါရီတိုက်ခိုက်မှု၌ ဓားစာခံဖြစ်ခဲ့ရသူများကို ဂုဏ်ပြုမှုများ ပြုလုပ်ခဲ့သည်။Ref:AFP

Most Read

Most Recent