နေပြည်တော် စည်ပင်သာယာရေး ကော်မတီနှင့် သစ်တောတို့က တရားစွဲ၍ ထောင်ချခံ တောင်သူများ စုပေါင်းကာ တရားဝင် မြေနေရာ ရရှိရန် သမ္မတထံ အသနားခံစာ တင်ပြမည်

နေပြည်တော် စည်ပင်သာယာရေး ကော်မတီနှင့် သစ်တောတို့က တရားစွဲ၍ ထောင်ချခံ တောင်သူများ စုပေါင်းကာ တရားဝင် မြေနေရာ ရရှိရန် သမ္မတထံ အသနားခံစာ တင်ပြမည်
Published 12 January 2015
နေရိုင်း၊ စိုးမင်းထိုက်

နေပြည်တော် စည်ပင်သာယာရေး ကော်မတီနှင့် သစ်တောတို့က တရားစွဲ၍ ထောင်ချခံနေရသည့် တောင်သူများ စုပေါင်းကာ တရားဝင်မြေနေရာ ရရှိရန် ဇန်နဝါရီ ၁၂ ရက်တွင် နိုင်ငံတော်သမ္မထံသို့ အသနားခံစာ တင်သွားမည်ဖြစ်ကြောင်း နေပြည်တော်မှ ကျူးကျော်အဖြစ် သတ်မှတ်ခံရထားသည့် ဒေသခံ တောင်သူများ၏ ပြောပြချက်အရ သိရသည်။နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ဒေသခံ တောင်သူများအား နေပြည်တော် စည်ပင်ပုဒ်မ ၂၆၊ ပုဒ်မ ၂၇ နှင့် သစ်တောဥပဒေပုဒ်မ ၄၀ (က)တို့ဖြင့် ထောင်ချနေသည့် အပေါ်ဒေသခံများမှ ကျေနပ်မှု မရှိသောကြောင့် မိမိတို့ အနေဖြင့် တရားဝင်မြေနေရာ သတ်မှတ်ပေးရန် လိုအပ်နေ၍ နိုင်ငံတော်သမ္မတထံသို့ အသနားခံ တင်ပြရခြင်းဖြစ်ကြောင်း သိရသည်။နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ကုလားကြီးကုန်းကျေးရွာ၊ သဲဖြူအရှေ့ရွာ၊ သဲဖြူအနောက်ရွာနှင့် ဦးမဲလေးကုန်း ကျေးရွာများတွင် နေထိုင်သည့် တောင်ယာစိုက်ပျိုး လုပ်ကိုင်နေသော မိသားစုများနှင့် ကျပန်းအလုပ်ဖြင့် နေထိုင်ကြသည့် မိသားစုများအား စည်ပင်သာယာရေး ကော်မတီတရားရုံးမှ တရားစွဲဆို ခံထားရသော မိသားစုများနှင့် နေရာအတည်တကျ မရှိသေးသော မိသားစုများမှ တရားဝင်မြေနေရာများ ရှာဖွေခြင်း၊ တောင်းခံခြင်း၊ မိသားစု စုပေါင်းနေထိုင်သွားနိုင်ရန်အတွက် လက်ရှိအစိုးရ အာဏာပိုင်များထံသို့ အသနားခံ တင်ပြသွားမည်ဟု သိရသည်။“ကျွန်တော်တို့ကို လက်ရှိမှာ စည်ပင်သာယာရေး ဥပဒေပုဒ်မ ၂၆ နဲ့ တရားစွဲထားတဲ့ နေရာထိုင်ခင်း မရှိတဲ့သူတွေ ရွာလေးရွာပေါင်းပြီး နိုင်ငံတော်အစိုးရထံ တရားဝင်စာတင်ပြီး နေထိုင်ခွင့်ရအောင် တောင်းခံသွားမှာပါ။ အခုလက်ရှိ ရွာလေးရွာမှာ မြေယာမဲ့တွေစုပြီး ကော်မတီ ဖွဲ့စည်းထားပါတယ်။ ရွာလေးရွာပေါင်းရဲ့ နေစရာ မရှိဘဲ အိုမဲ့အိမ်မဲ့တွေကို စာရင်းကောက်ထားတာ ၁၀၀ ကျော် ရှိနေပါပြီ” ဟု ကုလားကြီးကုန်းကျေးရွာ ဒေသခံ တောင်သူတစ်ဦးက ပြောကြားသည်။နေပြည်တော်ရှိ ဝန်ကြီးဌာနများ၏ ဝန်ထမ်းဟောင်းများမှ မြေကွက်ဝယ်ယူ နေထိုင်သူများရှိပြီး အဆိုပါ ဝန်ထမ်းဟောင်းများမှာလည်း ကျူးကျော်အဖြစ် သတ်မှတ်ခံရကာ သစ်တောဥပဒေ ပုဒ်မ ၄၀ (က) ဖြင့် ဇဗ္ဗူသီရိ တရားရုံးတွင် တရားရင်ဆိုင်လျက်ရှိကြောင်း ရှေ့နေတစ်ဦးထံမှ သိရသည်။နေပြည်တော်စည်ပင် ပုဒ်မ ၂၆ ဖြင့် စတင်တရားစွဲဆို ထောင်ချခြင်း၊ ဆက်လက်နေထိုင်ပါက ပုဒ်မ ၂၇ ဖြင့် တရားစွဲဆို ထောင်ချခြင်း၊ သစ်တောဥပဒေ ပုဒ်မ ၄၀ (က)ဖြင့် တရားရင်ဆိုင်နေရသူ စုစုပေါင်း ၂၅၀ ခန့်ရှိကြောင်း သိရသည်။တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ညိုက “သစ်တောမြေပေါ်မှာ ဝန်ကြီးဌာန ၁၀ ခုရဲ့ ဝန်ထမ်းဟောင်းတွေက မြေကွက်တွေဝယ်ပြီး နေထိုင်သူတွေကိုလည်း တရားစွဲထားတာ ရှိတယ်။ သူတို့ကို တရားခံစစ်မယ့်အဆင့် ရောက်နေပြီ။ ဒေသခံတွေ အနေနဲ့ အသနားခံစာတင်တဲ့ ကိစ္စက အစောကြီးကတည်းက လုပ်ရမှာပါ။ မြေယာစီမံခန့်ခွဲမှု ဗဟိုကော်မတီကိုလည်း စာတင်ရမယ်။ ကျွန်တော်တို့ လောလောဆယ် လယ်သမား ၃၄ ဦးကို စက်တင်ဘာမှာ စာတင်ပေးထားတယ်။ ဘာမှတော့ မထူးသေးဘူး။ စည်ပင်ကလာပြီး မေးမြန်းတဲ့အဆင့်ပဲ ရှိသေးတယ်” ဟု ပြောကြားသည်။နေပြည်တော်စည်ပင် ဥပဒေပုဒ်မ ၂၆ ဖြင့် တရားစွဲခံထားရသည့် တောင်သူများမှာ လယ်မြေလုပ်ပိုင်ခွင့် စာအုပ်များအား တရားရုံးသို့ သက်သေခံ တင်ပြခဲ့ရာ တရားရုံးမှ လက်ခံသော်လည်း အမှုစစ်ဆေးရာတွင် အကျုံးမဝင်သဖြင့် တရားရုံးက ပယ်ချခဲ့ကြောင်း တောင်သူများထံမှ သိရသည်။“ဒေသခံ တောင်သူတွေ အခုလို အသနားခံစာ တင်တာကောင်းတယ်။ ဒီကိစ္စကို အာဏာပိုင်တွေ အနေနဲ့ စီစဉ်ဆောင်ရွက်ပေးရမယ့် တာဝန်ရှိတယ်။ ကျွန်တော်တို့လည်း တောင်သူတွေကို လိုအပ်တဲ့ အကူအညီ ပေးမှာပါ။ ကျွန်တော်တို့အားလုံးဝိုင်းပြီး လုပ်ဆောင်ပေးသွားမှာပါ” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံလင်းက ပြောကြားသည်။နိုင်ငံတော်သမ္မတထံ အသနားခံစာ တင်ရန်အတွက် ကုလားကြီးကုန်း၊ သဲဖြူ  (အရှေ့၊ အနောက်ရွာ)၊ ဦးမဲလေးကုန်း ကျေးရွာများမှ ၁၂ ဦးပါ ကော်မတီ ဖွဲ့စည်းထားကြောင်း၊ မြေမဲ့ယာမဲ့ဦးရေ ကောက်ယူရာတွင် ၁၀၀ ကျော် ရရှိနေပြီဖြစ်ကြောင်း၊ စာရင်းကောက်ယူပြီးပါက နေရာအတည်တကျ ရရှိရန်အတွက် နိုင်ငံတော်သမ္မတထံ အသနားခံစာ တင်သွင်းမည်ဖြစ်ကြောင်း တောင်သူများ၏ ပြောကြားချက်အရ သိရသည်။

Most Read

Most Recent