သီရိလင်္ကာအစိုးရက ရာဂျာပက်ဆာ၏ အာဏာသိမ်းရန် ကြံစည်မှုကို စုံစမ်းစစ်ဆေးမည်

သီရိလင်္ကာအစိုးရက ရာဂျာပက်ဆာ၏ အာဏာသိမ်းရန် ကြံစည်မှုကို စုံစမ်းစစ်ဆေးမည်
Published 11 January 2015
Ref : AFP

သီရိလင်္ကာအစိုးရအဖွဲ့သစ်သည် မဟင်ဒါရာဂျာပက်ဆာ၏ အာဏာသိမ်းရန်ကြံစည်မှုကို စုံစမ်းစစ်ဆေးမှု ပြုလုပ်မည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၁ ရက်တွင် ကြေညာခဲ့သည်။ မဟင်ဒါရာဂျာပက်ဆာသည် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက သမ္မတရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီးနောက် အာဏာဆက်လက်တည်မြဲစေရန်အတွက် အာဏာသိမ်းရန် ကြံစည်ခြင်းဖြစ်သည်ဟု ဆိုသည်။“လူတွေက ငြိမ်းချမ်းတဲ့ အသွင်ပြောင်းမှုလို့ ထင်ထားတယ်။ အဲဒီလိုပါပဲ၊ ဒါပေမဲ့...” ဟု အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မန်ဂလာဆာမာရာဝီရက သတင်းထောက်များအား ပြောကြားခဲ့သည်။ အစိုးရအဖွဲ့သစ်သည် ပထမဆုံးအဖြစ် ရာဂျာပက်ဆာ၏ အာဏာသိမ်းမှုနှင့် ကြံစည်မှုများကို စုံစမ်းစစ်ဆေးမည်ဟု ဆိုသည်။“စစ်ဦးစီးချုပ်နဲ့ ရဲချုပ်တို့က သူဘက်ကမပါဘူးလို့ပြောမှပဲ သူလက်လျှော့သွားတာပါ”ဟု မန်ဂလာက ပြောကြားခဲ့သည်။ရာဂျာပက်ဆာသည် ဇန်နဝါရီ ၈ ရက် ရွေးကောက်ပွဲ၏မဲများကို ရေတွက်၍မပြီးခင် ပြိုင်ဘက် မေသရီပါလာသီရိသေနာကို လိုက်မမီတော့ကြောင်း သဘောပေါက်သွားပြီး ဇန်နဝါရီ ၉ ရက် အစောပိုင်းမှာပင် သူရှုံးနိမ့်သွားပြီဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့သောကြောင့် လူအများ၏ ချီးကျူးမှုကို ခံခဲ့ရသေးသည်။သို့သော် မန်ဂလာက သီရိလင်္ကာကို ၂၀၀၅ ခုနှစ်ကတည်းက အုပ်စိုးလာခဲ့သော အသက် ၆၉ နှစ်အရွယ်ရှိ ရာဂျာပက်ဆာသည် ရွေးကောက်ပွဲရလဒ်များကို ဖျက်သိမ်းလျက် အာဏာကို ဆက်လက်ဆုပ်ကိုင်ထားနိုင်ရန် အစွမ်းကုန်ကြိုးပမ်းခဲ့သည်ဟု ပြောကြားခဲ့သည်။ရဲချုပ် အန်ကေအီလန်ဂါကွန်းသည် အလွန်ပွင့်လင်းပြီး အာဏာသိမ်းမှု၌ ကြံရာပါမဖြစ်လိုကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။ စစ်ဦးစီးချုပ် ဒါယာရပ်နာယာကေးသည်လည်း ရဲတပ်ဖွဲ့နှင့်အတူ ရပ်တည်ခဲ့ပြီး အာဏာသိမ်းရန် ရာဂျာပက်ဆာအတွက် တပ်များမပေးနိုင်ကြောင်း ငြင်းဆိုခဲ့သည်ဟု ဆိုသည်။ ထိုစဉ် နိုင်ငံတော်ရှေ့နေချုပ်ရုံးက အန္တရာယ်ကြီးမားသော အကျိုးဆက်များကို သတိပေးခဲ့သည်ဟု မန်ဂလာက ပြောကြားခဲ့သည်။ရာဂျာပက်ဆာသည် သူ့အနေဖြင့် သေချာပေါက်ရှုံးနိမ့်နေပြီဖြစ်ကြောင်း သိရှိသည့်အခါ မဲရေတွက်မှုများကို ရပ်တန့်ပစ်ရန်စီစဉ်ခဲ့ပြီး သူသည်သာ သမ္မတဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခြင်းဖြင့် သမ္မတနေရာ၌ တည်မြဲစေရန် ကြိုးပမ်းခဲ့သည်ဟု မန်ဂလာက ပြောကြားခဲ့သည်။“ကမ္ဘာ့ခေါင်းဆောင်တချို့က ရာဂျာပက်ဆာနဲ့ စကားပြောခဲ့ကြပြီး ငြိမ်းချမ်းတဲ့ လွှဲပြောင်းရေးကို အာမခံဖို့ တိုက်တွန်းခဲ့ပါတယ်။ ဘယ်သူတွေနဲ့ ပြောခဲ့တယ်ဆိုတာ ကျွန်တော်မသိပေမယ့် ကမ္ဘာ့ခေါင်းဆောင်တချို့က သူ့ကို တိုက်တွန်းပြောကြားခဲ့ပါတယ်”ဟု အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ မန်ဂလာက ပြောကြားခဲ့သည်။ 

Most Read

Most Recent