တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးအတွက် စာချုပ်ပါအချက်များ ပြေလည်မှုနှင့် စစ်ရေးတည်ငြိမ်မှုရှိရန် လိုအပ်၍ ပြည်ထောင်စုနေ့တွင် လက်မှတ်ရေးထိုးမှု ဖြစ်မဖြစ်မှာ အစိုးရနှင့် တပ်မတော်အပေါ် မူတည်ဟု NCCT အဖွဲ့ဝင် ပြောကြား

တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးအတွက် စာချုပ်ပါအချက်များ ပြေလည်မှုနှင့် စစ်ရေးတည်ငြိမ်မှုရှိရန် လိုအပ်၍ ပြည်ထောင်စုနေ့တွင် လက်မှတ်ရေးထိုးမှု ဖြစ်မဖြစ်မှာ အစိုးရနှင့် တပ်မတော်အပေါ် မူတည်ဟု NCCT အဖွဲ့ဝင် ပြောကြား
Published 9 January 2015
အောင်ဇော်ထွန်း

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်နိုင်ရန်အတွက် အပစ်ရပ်စာချုပ်ပါ အချက်များ ပြေလည်မှုရရှိရန်နှင့် မြေပြင်တွင် စစ်ရေးတည်ငြိမ်မှုရှိရန် လိုအပ်၍ နှစ်ဖက်လုံးက ရည်ရွယ်ထားသော ပြည်ထောင်စုနေ့တွင် လက်မှတ်ရေးထိုးမှု ဖြစ် မဖြစ်မှာ အစိုးရနှင့် တပ်မတော်အပေါ်တွင် မူတည်သည်ဟု တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC) နှင့် NCCT တို့၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို ယခုဇန်နဝါရီလလယ်တွင် ပြုလုပ်ရန် နှစ်ဖက်သဘောတူညီထားပြီး ယင်းဆွေးနွေးပွဲမတိုင်မီ အလွတ်သဘော တွေ့ဆုံညှိနှိုင်းမှုများ လုပ်ဆောင်ရန် စီစဉ်ထားကာ လာမည့်ဆွေးနွေးပွဲတွင် အပစ်ရပ်စာချုပ်မူကြမ်းအား အချောသပ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဗိုလ်ရှုသဘင် အခမ်းအနားသို့ တက်ရောက်လာသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်း ဆောင်များသည် ဇန်နဝါရီ ၅ ရက်က နေပြည်တော်၌တွေ့ဆုံ၍ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး အပြန်အလှန် သဘောထားအမြင်များကို ပြောကြားခဲ့ကြောင်း သိရသည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာက “လက်မှတ်ထိုးရမယ့် စာချုပ်ထဲမှာ ပုဒ်မသုံးဆယ်ရှိတယ်။ အခန်းပေါင်း ခုနစ်ခန်းရှိတယ်။ အဲဒီ ပုဒ်မ သုံးဆယ်ထဲမှာ ပုဒ်မသုံးလေးခုက အခုထက်ထိ ကျစ်ကျစ်လျစ်လျစ် မဖြစ်သေးဘူး။ အဲဒါလေးကို ကျစ်ကျစ်လျစ်လျစ် လုပ်ဖို့လိုတယ်။ ကျစ်ကျစ်လျစ်လျစ် ဖြစ်သွားရင်တော့ စာချုပ်အပေါ်မှာ ပြောစရာ သိပ်မရှိတော့ဘူး။ အဆင်သင့်ဖြစ်ပြီ။ သို့သော် မြေပြင်အခြေအနေကလည်း အဆင်သင့်ဖြစ်ဖို့လိုတယ်။ စာချုပ်မှာ ဘယ်လောက်ကောင်းကောင်း မြေပြင်မှာ ပစ်နေခတ်နေတိုက် နေတာတွေရှိတယ်။ စစ်ဆင်ရေးတွေ ရှိတယ်။ မြေပြင်မှာ သေနတ်သံတွေ ဖြစ်နေရင်လည်း အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်တာ အဓိပ္ပာယ်မရှိဘူး။ ဒါကြောင့် မြေပြင်မှာရှိတဲ့ စစ်ဆင်ရေးတွေ ထိုးစစ်တွေ စစ်ရေးအရ ရန်လိုမှုတွေ ဒါတွေအားလုံး ရပ်ထားဖို့လိုတယ်။ ဒီနှစ်ချက် ပြည့်စုံရင်တော့ ပြည်ထောင်စုနေ့ Target Date က ဖြစ်နိုင်ခြေရှိတယ်” ဟု ပြောကြားသည်။
ဆက်လက်၍ ဗိုလ်မှူးကြီးခွန်ဥက္ကာက “ကျွန်တော်တို့ ဘက်ကတော့ တော်တော်လေးရှင်းနေပြီ။ တိုင်းပြည်က အပြစ်တင်ရင် ကချင်ကြောင့်၊ တိုင်းရင်းသားကြောင့် ကြာတယ်ဆိုတာ လုံးဝမဟုတ်ဘူး။ ကျွန်တော်တို့ အားလုံးက တစ်သံတည်းပဲ။ ထိုးကိုထိုးမယ်။ အပြစ်တင်ချင်းတင်ရင် တာဝန်ရှိတာက လက်ရှိအစိုးရက စာချုပ်မှာ တိုင်ပင်တဲ့နေရာမှာ သူတို့တာဝန်ရှိတယ်။ မြေပြင်မှာ ရပ်ဖို့က စစ်တပ်မှာ တာဝန်ရှိတယ်။ ဒီနှစ်ခုတော့ သူတို့လုပ်ရမယ်။ ဒါမှဒီပြည်ထောင်စုနေ့ကို မီမယ်။ အဲဒါ မလုပ်ရင်တော့ မမီဘူး” ဟု ပြောကြားသည်။
စစ်ဘက်ဆိုင်ရာ ကိစ္စများနှင့်ပတ်သက်ပြီး ပြည်နယ်တစ်ခုနှင့် တစ်ခုအကြား၊ အဖွဲ့အစည်းတစ်ခုနှင့် တစ်ခုအကြား အနေအထား မတူညီမှုများကြောင့်  နှစ်ဖက်စစ်သည်များ လိုက်နာရမည့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များနှင့် အပစ်အခတ်ရပ်စဲရေးအပေါ် ပူးတွဲစောင့်ကြည့်ရေးဆိုင်ရာ ကိစ္စများနှင့် ပတ်သက်ပြီး အသေးစိတ်ဆွေးနွေးရမည့် အချက်အလက်များကို အလုပ်အဖွဲ့များ ဖွဲ့စည်းလုပ်ဆောင်သွားရန် ဩဂုတ်လက ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတွင် နှစ်ဖက်သဘောတူညီ ခဲ့သော်လည်း အကောင်အထည် မဖော်နိုင်ခဲ့၍ ယခုကဲ့သို့ စာချုပ်တွင် ပြန်လည်ထည့်သွင်းရန် NCCT  ဘက်က လိုလားခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် NCCT အဖွဲ့ဝင် အဖွဲ့အစည်း ၁၆ ဖွဲ့အနက် အစိုးရက ဆွေးနွေးဖက်အဖြစ် အသိအမှတ်ပြုထားသည့် ရက္ခိုင့်တပ်မတော် (AA)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ‘ဝ’ အမျိုးသားအဖွဲ့ချုပ် (WNO)၊  ရခိုင်အမျိုးသားကောင်စီ (ANC)၊ မြန်မာ နိုင်ငံအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့မှာ အစိုးရနှင့် တစ်ဖွဲ့ချင်းစီ တိုက်ရိုက်တရားဝင် ဆွေးနွေးနိုင်ခြင်း မရှိသေးသည့် အဖွဲ့များဖြစ်ရာ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ်တွင် မည်သည့်အဖွဲ့များ ပါဝင်လက်မှတ် ရေးထိုးမည်ဆိုသည့် ကိစ္စနှင့်ပတ်သက်ပြီး နှစ်ဖက်သဘောတူညီမှုရရှိရန် ကျန်နေသေးကြောင်း သိရသည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာက “စာချုပ်ထဲမှာ ပုဒ်မတစ်ခုပါတယ်။ အားလုံး အတူတကွ လက်မှတ်ရေးထိုးကြရန် ဆိုတာပါတယ်။ အတူတကွ မဟုတ်ရင် ဘယ်သူမှမထိုးဘူး။ လေးငါးဖွဲ့ပဲထိုးတယ်။ ကျန်တဲ့သူမလာရင်လည်း ဘယ်သူမှ မထိုးဘူး။ အစိုးရကလည်း လက်မခံဘူး။ အစိုးရလည်း သိက္ခာကျတယ်။ သို့သော် အစိုးရမှာလည်း သူ့စာရင်းရှိတယ်။ ဘယ်သူထိုးရမလဲဆိုတဲ့ စာရင်းရှိတယ်။ ကျွန်တော်တို့ဘက်မှာလည်း ကျွန်တော်တို့စာရင်းရှိတယ်။ အဲဒီစာရင်းနှစ်ခုကို ညှိနှိုင်းနေတယ်။ အသေးစိတ်တော့ ကျွန်တော်မပြောတော့ဘူး” ဟု ပြောကြားသည်။
တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးပါက အမေရိကန်၊ ဗြိတိန်၊ ဂျပန်၊ နော်ဝေ၊ တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံများကို သက်သေအဖြစ် ဆောင်ရွက်ရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဘက်က လိုလားနေကြောင်း သိရသည်။
 
 
 

Most Read

Most Recent