အဲအေးရှား ဘလက်ဘောက်စ်မှဟု ယူဆရသော အသံလှိုင်း အချက်ပြမှုများ ရရှိခဲ့ကြောင်း အင်ဒိုနီးရှား ပြောကြား

အဲအေးရှား ဘလက်ဘောက်စ်မှဟု ယူဆရသော အသံလှိုင်း အချက်ပြမှုများ ရရှိခဲ့ကြောင်း အင်ဒိုနီးရှား ပြောကြား
Published 9 January 2015

ပျက်ကျခဲ့သော အဲအေးရှားလေကြောင်းလိုင်း ခရီးစဉ်အမှတ် ၈၅၀၁ ၏ ဘလက်ဘောက်စ်မှဟု ယူဆရသော အသံလှိုင်း အချက်ပြမှုများကို ဇန်နဝါရီ ၉ ရက်တွင် ဖမ်းယူရရှိခဲ့ကြောင်း အင်ဒိုနီးရှား တာဝန်ရှိသူများက ပြောကြားခဲ့ရာ ယင်းလေယာဉ် ပျက်ကျရသည့် အကြောင်းရင်းကို သိရှိနိုင်ရန်အတွက် အကြီးမားဆုံး အထောက်အထား ရရှိမည်ဖြစ်သည်။ အဲအေးရှားလေယာဉ် ရှာဖွေမှုတွင် ပါဝင်သော သင်္ဘောတစ်စင်းက ယင်းအသံလှိုင်း အချက်ပြမှုများကို ဖမ်းယူရရှိခဲ့ကြောင်း၊ ရေငုပ်သမားများက ယင်းနေရာသို့ ရောက်ရှိရန် ကြိုးစားနေကြောင်း ပန်ကာလန်ဘန်မြို့တွင် အခြေစိုက်ထားသော အင်ဒိုနီးရှား ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအေဂျင်စီ ညွှန်ကြားရေးမှူး အက်စ်ဘီဆူပရီယာဒီက ပြောကြားခဲ့သည်။ယင်းအသံလှိုင်း ထွက်ပေါ်လာသည့် နေရာသည် အဲအေးရှားလေယာဉ် အမြီးပိုင်း ရှာဖွေတွေ့ရှိခဲ့သည့်နေရာ အနီးမှ ဖြစ်သည်ဟု ယူဆရကြောင်း ၎င်းက ပြောကြားခဲ့သည်။ လေယာဉ်များတွင် ပါဝင်သော ဘလက်ဘောက်စ်များသည် လေယာဉ်ပျက်ကျပြီးနောက် ရက် ၃၀ ကြာသည်အထိ အသံလှိုင်း အချက်ပြမှုများ ထုတ်လွှတ်လေ့ရှိကြောင်း သိရသည်။ဘလက်ဘောက်စ်များ ထားရှိလေ့ရှိသော လေယာဉ်အမြီးပိုင်းကို ဇန်နဝါရီ ၇ ရက်တွင် ရေအောက်ကြမ်းပြင် မီတာ ၃၀ (ပေ ၁၀၀) အနက်၌ တစ်ပိုင်းတစ်စ နစ်မြုပ်နေမှုအား တွေ့ရှိခဲ့ခြင်းဖြစ်သည်။ သို့သော် ယင်းအချိန်က အသံလှိုင်း အချက်ပြမှုများ ထုတ်လွှတ်ခဲ့ခြင်း မရှိဟု သိရသည်။ဘလက်ဘောက်စ်များသည် ၎င်း၏ မူလနေရာများတွင်သာ ရှိနေမည်ဟု ယူဆ၍ ရှာဖွေရေးသမားများသည် ယင်းလေယာဉ် အမြီးပိုင်းတစ်ဝိုက် နေရာများကိုသာ ဇန်နဝါရီ ၇ ရက်နောက်ပိုင်း ဦးစားပေး ရှာဖွေခဲ့ကြသည်။ အင်ဒိုနီးရှား မရိန်းတပ်မှ ရေငုပ်သမား အများအပြားသည် လေယာဉ်အမြီးပိုင်းကို နှံ့နှံ့စပ်စပ် ရှာဖွေရန် ကြိုးပမ်းခဲ့သော်လည်း လေယာဉ်အမြီးပိုင်းသည် ရေအောက်ကြမ်းပြင်တွင် တစ်ဝက်နစ်မြုပ်နေခြင်းနှင့် ရေစီးသန်မှုတို့ကြောင့် မအောင်မြင်ခဲ့ပေ။ ယင်းအသံလှိုင်း အချက်ပြမှုများကို ခြေရာခံနိုင်ရန် ရေငုပ်သမားများသည် ဇန်နဝါရီ ၉ ရက်တွင် ရှာဖွေမှု ဆက်လက်ပြုလုပ်မည်ဟု ဆူပရီယာဒီနှင့် အင်ဒိုနီးရှား တာဝန်ရှိသူများက ပြောကြားခဲ့သည်။လေယာဉ်အမြီးပိုင်းကို ကရိန်းတစ်ခုနှင့် ပစ္စည်းဆယ်ယူသည့် ပူဖောင်းကြီးများ အသုံးပြုလျက် ဆယ်ယူရန် အင်ဒိုနီးရှား တာဝန်ရှိသူများက စီစဉ်နေကြောင်း ဆူပရီယာဒီက ပြောကြားခဲ့သည်။ အဲအေးရှားလေယာဉ်နှင့် အလောင်းများကို ရှာဖွေမှုတွင် အမေရိကန်၊ ရုရှားနှင့် အခြားပြည်ပနိုင်ငံများမှ ရေတပ်သင်္ဘောများ ပါဝင်ခဲ့ပြီး ယခုအချိန်အထိ အလောင်း ၄၆ လောင်းသာ ရရှိသေးသည်။ ယင်းတို့ထဲတွင် အင်ဒိုနီးရှားမှ ခုနစ်ဦး၊ တောင်ကိုရီးယားသုံးဦး၊ စင်ကာပူ၊ မလေးရှားနှင့် ဗြိတိန်တို့မှ တစ်ဦးစီ၊ ပြင်သစ်နိုင်ငံသား ပူးတွဲလေယာဉ်မှူး ရီမီပလီဆယ်တို့ ပါဝင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။Ref:AFP

Most Read

Most Recent