ပါရီ တိုက်ခိုက်မှုကို ကျူးလွန်သည်ဟု ယူဆရသူများ ထွက်ပြေးတိမ်းရှောင်နေချိန်တွင် ကားတစ်စီးနောက် လိုက်ဖမ်းမှုနှင့် ဓားစာခံတစ်ဦးကို ဖမ်းဆီးသွားမှုတို့ ဖြစ်ပွား

ပါရီ တိုက်ခိုက်မှုကို ကျူးလွန်သည်ဟု ယူဆရသူများ ထွက်ပြေးတိမ်းရှောင်နေချိန်တွင် ကားတစ်စီးနောက် လိုက်ဖမ်းမှုနှင့် ဓားစာခံတစ်ဦးကို ဖမ်းဆီးသွားမှုတို့ ဖြစ်ပွား
Published 9 January 2015

ပါရီမြို့တွင် Charlie Hebdo မဂ္ဂဇင်းရုံးချုပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လူ ၁၂ ဦးကို သေဆုံးစေခဲ့သည်ဟု ယူဆရသော ညီအစ်ကိုနှစ်ဦးအား ရဲတပ်ဖွဲ့က ရှာဖွေနေသည့် နေရာတွင် ဇန်နဝါရီ ၉ ရက်၌ ကားတစ်စီးကို လိုက်ဖမ်းစဉ်ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့ပြီး ဓားစာခံ တစ်ဦးထက် မနည်းကို ပါရီမြို့ အရှေ့မြောက်ပိုင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ဓားစာခံ ဖမ်းဆီးခံရမှုသည် ဒန်းမာတင်အန်းဂိုလီ အမည်ရှိ မြို့ငယ်လေးအတွင်းရှိ ပုံနှိပ်လုပ်ငန်းဇုန် တစ်ခု၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ယင်းနေရာသည် ပါရီမြို့ရှိ အဓိကလေဆိပ်ဖြစ်သော ချားဒီဂေါမှ ခုနစ်မိုင်ခန့်အကွာ၌ ရှိသည်။မသင်္ကာသူများကို အကြီးအကျယ် လိုက်လံဖမ်းဆီးနေမှုသည် လမ်းများထက်၌ ရဟတ်ယာဉ်များ တဝီဝီ ပျံဝဲနေမှုနှင့်အတူ အထွတ်အထိပ်သို့ ရောက်ခဲ့ပြီး ပြင်သစ်ပြည်ထဲရေးဝန်ကြီး ဘားနက်ကာဇင်နျူဗေးက မသင်္ကာသူတို့၏ရန်ကို ရှင်းလင်းရန်အတွက် စစ်ဆင်ရေးဆောင်ရွက် နေဆဲဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။အပြန်အလှန် ပစ်ခတ်မှု မဖြစ်ပွားမီ မသင်္ကာဖွယ်လူများက Peugeot 206 အမျိုးအစား ကားတစ်စီးကို အမျိုးသမီးတစ်ဦးထံမှ လုယူကာ ထွက်ပြေးသွားခဲ့ပြီး အဆိုပါ အမျိုးသမီးက သူတို့သည် မသင်္ကာဖွယ် ညီအစ်ကိုနှစ်ဦးဖြစ်သော ရှရစ်ကီအော်ရှီနှင့် ဆာအိကီအော်ရှီတို့ဖြစ်ကြောင်း မှတ်မိသည်ဟု ပြောကြားခဲ့သည်။ အဆိုပါ ညီအစ်ကိုနှစ်ဦးသည် Charlie Hebdo မဂ္ဂဇင်းရုံးချုပ်ကို ဇန်နဝါရီ ၇ ရက်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လူပေါင်း ၁၂ ဦးကို သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံထားရသူများ ဖြစ်သည်။ယင်းနေ့က ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုသည် နှစ်ပေါင်း ၅၀ ခန့်အတွင်း ပြင်သစ်နိုင်ငံတွင် လူအသေအပျောက် အများဆုံး တိုက်ခိုက်ခံရမှု ဖြစ်သည်။အဆိုပါ ညီအစ်ကိုနှစ်ဦးသည် အမေရိကန်၏ အကြမ်းဖက်မှုဆိုင်ရာ စောင့်ကြည့်ရေးစာရင်း၌ နှစ်အတန်အကြာ ပါဝင်နေကြောင်း ပေါ်ထွက်လာပြီးနောက် သူတို့နှစ်ဦးအား အသည်းအသန် ရှာဖွေမှုများ ပြုလုပ်နေခြင်းဖြစ်သည်။တိုက်ခိုက်မှုများ ဖြစ်ပေါ်မည်ဟု စိုးရိမ်မှုများ ပျံ့နှံ့နေချိန်တွင် ဗြိတိန်နိုင်ငံ၏ ပြည်တွင်းထောက်လှမ်းရေး အေဂျင်စီဖြစ်သော MI5 ၏ အကြီးအကဲက အစ္စလာမ္မစ် စစ်သွေးကြွများသည် အနောက်တိုင်း ဆန့်ကျင်ရေးအဖြစ် ကြီးမားသော တိုက်ခိုက်မှုများ ပြုလုပ်ရန် စီစဉ်နေကြောင်းနှင့် ထောက်လှမ်းရေးဌာနများ အနေဖြင့် ၎င်းတို့အား ရပ်တန့်အောင် ပြုလုပ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ကြောင်း သတိပေးခဲ့သည်။ဇန်နဝါရီ ၇ ရက်တွင် ပါရီမြို့ရှိ သရော်စာမဂ္ဂဇင်းဖြစ်သော Charlie Hebdo တိုက်ခိုက်ခံရမှုက တစ်ကမ္ဘာလုံးကို ဒေါသထွက်စေခဲ့ပြီး စာနယ်ဇင်းလွတ်လပ်ခွင့်ကို ထောက်ခံအားပေးရန်အတွက် ကမ္ဘာတစ်လွှား၌ ပါရီတိုက်ခိုက်မှုကို ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။ ဝါရှင်တန်တွင် ဝမ်းနည်းခြင်းမှတ်တမ်း စာအုပ်၌ အမေရိကန်သမ္မတ ဘာရက်အိုဘားမားက နောက်ဆုံးအဖြစ် လက်မှတ်ရေးထိုးပေးခဲ့ပြီး တစ်နိုင်ငံလုံး ကြေကွဲခြင်းနေ့အဖြစ် သတ်မှတ်ထားသော ဇန်နဝါရီ ၈ ရက်တွင် ပါရီမြို့၌ ထောင်ပေါင်းများစွာသော လူများ စုဝေးခဲ့ကြပြီး သေဆုံးသူများကို ဂုဏ်ပြုသောအားဖြင့် အီဖယ်မျှော်စင်က မီးရောင်များကို မှိန်ထားခဲ့သည်။နိုင်ငံရေးအရ သဘောထားကွဲလွဲကာ အကျပ်အတည်း တွေ့နေသော ပြင်သစ်နိုင်ငံတွင် ယခုကဲ့သို့ ကြေကွဲဖွယ်ဖြစ်ရပ် ဖြစ်ပွားခဲ့သောကြောင့် ပြန်လည်ရင်ကြားစေ့ရန် ကြိုးပမ်းလာသည်။ ဥရောပတွင် အကြီးဆုံးဖြစ်သော ပြင်သစ်မွတ်စလင် အသိုင်းအဝိုင်း၏ ခေါင်းဆောင်က ဇန်နဝါရီ ၉ ရက်၌ ဆုတောင်းပွဲ ပြုလုပ်သည့်အခါ အကြမ်းဖက်မှုကို ပြစ်တင်ရှုတ်ချကြရန် ဗလီဆရာများအား တောင်းဆိုခဲ့သည်။လူပေါင်း သိန်းနှင့်ချီလျက် ပါဝင်သည်ဟု မျှော်လင့်ထားသော ဇန်နဝါရီ ၁၁ ရက်တွင် ပြုလုပ်မည့် ရီပက်ဘလီကင် ချီတက်ပွဲအတွက် လှုံ့ဆော်ပြင်ဆင်နေချိန်၌ အလွန်လုပ်ရိုးလုပ်စဉ် မကျသော ခြေလှမ်းတစ်ရပ်အဖြစ် ပြင်သစ်သမ္မတ ဖရန်ဆွာအော်လွန်သည် အစွန်းရောက် လက်ယာဝါဒီခေါင်းဆောင် မာရင်းလီပင်းကို ဇန်နဝါရီ ၉ ရက်၌ အယ်လီဆီးနန်းတော်၌ တွေ့ဆုံရန် ချိန်းဆိုခဲ့သည်။Ref:AFP

Most Read

Most Recent