ရာဂျာပက်ဆာကို အနိုင်ရခဲ့သော သီရိသေနာ သီရိလင်္ကာ သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆို

ရာဂျာပက်ဆာကို အနိုင်ရခဲ့သော သီရိသေနာ သီရိလင်္ကာ သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆို
Published 9 January 2015

သီရိလင်္ကာနိုင်ငံ၏ လက်ရှိသမ္မတ မဟင်ဒါရာဂျာပက်ဆာသည် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ကြောင်း ဝန်ခံခဲ့ပြီးနောက် အနိုင်ရသွားခဲ့သည့် မေသီရိပါလာသီရိသေနာသည် ဇန်နဝါရီ ၉ ရက်တွင် ကျမ်းသစ္စာ ကျိန်ဆိုမည်ဟု သိရသည်။ ခြစားမှုများနှင့် အာဏာရှင်ဆန်လာသော အုပ်ချုပ်မှုတို့သည် ရာဂျာပက်ဆာကို ယခုရွေးကောက်ပွဲတွင် ရှုံးနိမ့်စေခဲ့ကြောင်း သိရသည်။ဇန်နဝါရီ ၈ ရက်တွင် အလုံးအရင်းဖြင့် မဲပေးကြသူများ၏ ဆုံးဖြတ်ချက်ကို သမ္မတ ရာဂျာပက်ဆာက လက်ခံသည်ဟု သူ၏ထိပ်တန်း လက်ထောက်တစ်ဦးက ပြောကြားခဲ့သည်။ ရာဂျာပက်ဆာသည် သေချာပေါက် အနိုင်ရမည်ဟု ယုံကြည်ထားစဉ် ယခုကဲ့သို့ မမျှော်လင့်သည့် အခြေအနေဆိုးနှင့် တွေ့ကြုံခဲ့ရခြင်း ဖြစ်သည်။ “သမ္မတဟာ အရှုံးကိုဝန်ခံပြီး အာဏာလွှဲပြောင်းမှုကိုလည်း ချောချောမွေ့မွေ့ဖြစ်အောင် ဆောင်ရွက်ပေးသွားမှာပါ။ ပြည်သူတွေရဲ့ ဆန္ဒကိုလည်း လေးစားတယ်လို့ ဆိုပါတယ်” ဟု သမ္မတ၏ ပြန်ကြားရေးဆိုင်ရာ အတွင်းရေးမှူး ဗီဂျေယာနန်ဒါဟီရေ့က အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။ ထို့ပြင် ရာဂျာပက်ဆာသည် ရှုံးနိမ့်မှုကြီးနှင့် ကြုံခဲ့ရပြီးနောက် သမ္မတနန်းတော်မှ ထွက်ခွာသွားပြီဟု သိရသည်။  သီရိသေနာကလည်း ယင်းကဲ့သို့ ရွေးကောက်ပွဲကော်မရှင်ရုံးတွင် အရှုံးကို တရားဝင်လက်ခံသည့် ရာဂျာပက်ဆာကို ကျေးဇူးတင်ကြောင်းနှင့် ရာဂျာပက်ဆာသည် သူ့ကို သမ္မတဖြစ်လာစေသည့် တရားမျှတသော ရွေးကောက်ပွဲကို ကျင်းပပေးခဲ့ကြောင်း ပြောကြားခဲ့သည်။ ယခု ရွေးကောက်ပွဲတွင် သီရိသေနာသည် မဲ ၅၁ ဒသမ ၂၈ ရာခိုင်နှုန်းနှင့် ရာဂျာပက်ဆာသည် ၄၇ ဒသမ ၅၈ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့သည်။ကျန်းမာရေးဝန်ကြီးဟောင်း တစ်ဦးဖြစ်သည့် သီရိသေနာသည် စည်းလုံးမှုမရှိသည့် အတိုက်အခံများကို စုစည်းပြီး ယခုကဲ့သို့ မမျှော်လင့်သော အောင်မြင်မှုရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။ သူသည် ဇန်နဝါရီ ၉ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီတွင် လွတ်လပ်ရေးရင်ပြင်၌ ကျမ်းကျိန်မည်ဖြစ်ကြောင်း သိရသည်။ အခြေအနေ အရပ်ရပ်သည် အာဏာလွှဲပြောင်းမှု ချောမွေ့စွာ ဖြစ်ပေါ်ရေးအတွက် ဦးတည်နေကြောင်း သီရိလင်္ကာ၏ ဝန်ကြီးချုပ်ဖြစ်လာမည့် အတိုက်အခံ အမျိုးသားစည်းလုံးရေးပါတီ (UNP) မှ ခေါင်းဆောင် Ranil Wickremesinghe က ပြောကြားခဲ့သည်။သီရိသေနာသည် သမ္မတရာထူးနှင့် ပတ်သက်၍ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ကာ သမ္မတ၏ စီမံခန့်ခွဲရေးအာဏာ အများအပြားကိုလည်း ပါလီမန်သို့ အပ်နှင်းသွားမည်ဟု ကတိပေးခဲ့သည်။    Ref:AFP

Most Read

Most Recent