ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်အတွင်း ပေါင်းလောင်းဆည် ရေကာတာ တည်ဆောက်မှုကြောင့် နစ်မြုပ်ခဲ့သော လယ်ယာမြေများအား ပြန်လည်အစားထိုးပေးမည်ဟု လျှပ်စစ်ဌာနမှ ကတိပေးထားသော်လည်း ယခုအချိန်အထိ မရရှိသေးကြောင်း ပေါင်းလောင်းဒေသခံများထံမှ သိရသည်။“လက်တွေ့မှာ ဘာမှမရကြသေးဘူး။ ကျေးရွာက လူတွေအားလုံး စိုက်ပျိုးမစားရတာ နှစ်နှစ်ရှိပြီ။ နောက်နှစ်မှ လုပ်မစားရရင် အားလုံး ဒုက္ခရောက်ကုန်တော့မယ်။ အခုတောင် တခြားမြို့ရွာတွေထွက် အလုပ်လုပ်စား နေကြရတယ်။ ပေါင်းလောင်းသမိုင်းကို သိတဲ့လူတိုင်း မေးကြည့်ပါ။ ပေါင်းလောင်းဟာ ရှမ်းပြည်နယ်ရဲ့ စပါးကျီတစ်ခု ဖြစ်ခဲ့တဲ့ နေရာပါ။ စားဝတ်နေရေးခက်ခဲ အလုပ်လက်မဲ့ဖြစ်တော့ တစ်သက်လုံး တစ်ခါမှ မကြားဖူးတဲ့ ပစ္စည်းခိုးတာတွေပါ တွေ့နေမြင်နေရတယ်။ တချို့ဆို ဆန်ပြုတ်တောင် နပ်မမှန်ချင်တော့ဘူး။ အချင်းချင်းလည်း မကူနိုင်တော့ဘူး။ ဘယ်နေ့ လယ်ယာအစားထိုး ပြန်ရမယ်ဆိုတာ တပ်အပ်မပြောနိုင်တော့ ရှိတဲ့ လူတွေကလည်း မပေးမကမ်းရဲတော့ဘူး” ဟု ကျောင်းရွာသစ်နေ ပေါင်းလောင်းကွန်ရက် အဖွဲ့ဝင် ဦးညွန့်ဝင်းက ပြောကြားသည်။လယ်ယာမြေများ အစားထိုးပေးရာတွင် အိမ်ထောင်စုတစ်စုလျှင် နှစ်ဧကနှုန်းဖြင့် ရေမလွတ်၍ ပြောင်းရွှေ့ခဲ့ရသော ကျေးရွာ ၂၃ ရွာရှိ အိမ်ထောင်စုများအတွက် ခန့်မှန်းဧက ၁၀၀၀ ကျော်အားပေးရန် ပုံစံစာရွက်များ ဖြည့်သွင်းခြင်းအား ပြီးခဲ့သည့် စက်တင်ဘာမှ စတင်၍ လုပ်ဆောင်နေပြီး သစ်တောမြေနေရာအား တောင်ယာလုပ်ကိုင်ရန်အတွက် သတ်မှတ်ထားကြောင်း သိရသည်။လျှပ်စစ်ဌာနမှ အစားထိုးပြန်လည်ပေးမည်ဟု သတ်မှတ်ထားသော တောင်ယာမြေများမှာ ကျေးရွာ ၂၃ ရွာ တည်ရှိသောနေရာနှင့် အနည်းဆုံး နှစ်မိုင်ကျော်ခန့် ကွာဝေးသော နေရာတွင် တည်ရှိပြီး တောင်ယာသို့ သွားရောက်ရန်အတွက် ရေနစ်မြုပ် ဧရိယာများအား စက်လှေဖြင့် လည်းကောင်း၊ ကုန်းလမ်းဖြင့် လည်းကောင်း ဖြတ်ကျော်၍ သွားရောက်လုပ်ကိုင်ရမည့် နေရာများ ဖြစ်သည်ဟု သိရသည်။ရေမြုပ်ဧရိယာအတွင်း ကျရောက်သဖြင့် ပြောင်းရွှေ့ခဲ့ရသော ကျေးရွာ ၂၃ ရွာအား လယ်ယာမြေများ အမြန်ဆုံး အစားထိုးပေးမည်ဟု ကတိပေးခဲ့ခြင်းအပြင် လျှပ်စစ်မီးရရှိရန် ဆောင်ရွက်ပေးမည်ဟူသော ကတိကို ပေးခဲ့သော်လည်း ရွှေ့ပြောင်းခဲ့ပြီး နှစ်နှစ်ကျော်သည်အထိ လုပ်ဆောင်ပေးခြင်း မရှိသေးကြောင်း သိရသည်။
ပေါင်းလောင်းဆည် တည်ဆောက်မှုကြောင့် နစ်မြုပ်ခဲ့သော ပင်လောင်းမြို့နယ် အတွင်းမှ လယ်ယာမြေများအား ပြန်လည်အစားထိုးပေးမည်ဟု ကတိပြုထားသော်လည်း ယခုအချိန်အထိ မရသေး









