၂၀၁၅ ရွေးကောက်ပွဲနှစ်တွင် မြန်မာနိုင်ငံ၌ တရားဥပဒေစိုးမိုးမှု ပိုမိုရှိလာစေရေး ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂတို့နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု လွှတ်တော်တရားဥပဒေစိုးမိုးရေးကော်မတီ ပြောကြား

၂၀၁၅ ရွေးကောက်ပွဲနှစ်တွင် မြန်မာနိုင်ငံ၌ တရားဥပဒေစိုးမိုးမှု ပိုမိုရှိလာစေရေး ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂတို့နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု လွှတ်တော်တရားဥပဒေစိုးမိုးရေးကော်မတီ ပြောကြား
Published 9 January 2015
ဝေယံဖြိုးဦး

ယခု ၂ဝ၁၅ ရွေးကောက်ပွဲနှစ်တွင် မြန်မာနိုင်ငံ၌ တရားဥပဒေစိုးမိုးမှုပို မိုရှိလာစေရေး ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂတို့နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က ဇန်နဝါရီ ၈ ရက်တွင် ပြောကြားသည်။ပြီးခဲ့သည့် ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံအတွင်း၌ ဘာသာရေး ပဋိပက္ခများ၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဆိုင်ရာ ပဋိပက္ခများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပဋိပက္ခများစသည့် တရားဥပဒေစိုးမိုးရေးအားနည်းမှုကြောင့် ဖြစ်ပေါ်လာသည့် ပဋိပက္ခများစွာ ဖြစ်ပေါ်ခဲ့သည်။အလားတူ ယခု ၂ဝ၁၅ခုနှစ်သည် တိုင်းပြည်၏ ဒီမိုကရေစီအလှည့်အပြောင်းဖြစ်လာမည့် ရွေးကောက်ပွဲရှိနေသဖြင့် တိုင်းပြည်၏ တည်ငြိမ်အေးချမ်းမှုမှာ အလွန်အရေးပါနေကြောင်း ဦးဝင်းမြင့်က ပြောကြားသည်။“၂ဝ၁၅ မှာ နိုင်ငံတည်ငြိမ်အေးချမ်းရေးက အရေးကြီးဆုံးနှစ်လို့ ပြောလို့ရတယ်။ ၂ဝ၁၅ က နိုင်ငံအေးချမ်းဖို့အတွက်က အဓိကပဲလေ။ ရွေးကောက်ပွဲနှစ်လည်းဖြစ်တယ်။ ရွေးကောက်ပွဲနှစ်ဆိုတာ တိုင်းပြည်ရဲ့ အလှည့်အပြောင်းနှစ်လည်း ဖြစ်တယ်။နိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်း သွားမလား၊ မသွားသေးဘူးလား ဆုံးဖြတ်ပေးမယ့် နှစ်ပဲ။ ပြည်သူရဲ့လိုလားတဲ့ ဆန္ဒတွေဖြစ်လာဖို့ လိုတယ်လေ။ ဒါ့ကြောင့် ဒီနှစ်က အရေး ကြီးတဲ့ နှစ်ပဲလေ။ ဒီနှစ်မှာ ကော်မတီအနေနဲ့ ပိုလုပ်ဖို့ရှိတာပေါ့”ဟု  ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အတွင်းရေးမှူးဦးဝင်းမြင့်က ပြောကြားသည်။ဆက်လက်၍ ၎င်းက“တရားဥပဒေစိုးမိုးမှုရှိမှ တည်ငြိမ်မှုရှိမှာ။ တိုင်းပြည်တည်ငြိမ်မှ တိုင်းပြည်တိုးတက်မှာ။ နောက်တစ်ခုက ပြည်သူတွေက တည်ငြိမ်မှုမရှိလို့၊ အပစ်အခတ်ရပ်စဲရေး မရှိသေးလို့ ရွေးကောက်ပွဲရွှေ့ နိုင်တယ်လို့ မီဒီယာတွေအပါအဝင် ပြည်သူတွေက ပြောနေကြတာတွေရှိတယ်။ ပြည်သူတွေကလည်း သူတို့ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံနဲ့ ပြောနေတဲ့အခါကျတော့ ပြည်သူရဲ့ ထင်မြင်ယူဆချက်ကို မှားတယ်လို့လည်း သုံးသပ်လို့မသင့်ဘူး”ဟု ပြောကြားသည်။တရားဥပဒေစိုးမိုးရေးဆိုသည်မှာ  လွှတ်တော်တစ်ခုတည်းလုပ်၍ မရကြောင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် အစိုးရမှလည်း ပူးပေါင်းဆောင်ရွက်ရန် လိုသည်ဟု ဦးဝင်းမြင့်က ဆိုသည်။“ကော်မတီက တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် လွှတ်တော်က ပေးတဲ့ တာဝန်ကျေပွန်အောင် အစွမ်းကုန်ကြိုးစားသွားမယ်။ လွှတ်တော်က ပေးထားတဲ့အထဲမှာ နိုင်ငံတည်ငြိမ်အေးချမ်းရေးလည်းပါတယ်။ တရားဥပဒေစိုးမိုးမှုရှိအောင် EU နဲ့ ပူးပေါင်းပြီး ရဲတွေကို လူစုလူဝေးထိန်းတတ်အောင်၊ ရပ်ရွာအေးချမ်းသာယာအောင် သင်တန်းတွေ ပေးနေတာလည်း ကော်မတီအနေနဲ့ လုပ်ဆောင်ချက်တွေကို တိုးမြှင့်လုပ်ဆောင်နေတာပါပဲ။ အန်ကယ်တို့ ကုလသမဂ္ဂတို့၊ ဥရောပသမဂ္ဂတို့နဲ့လည်း ပိုမိုပူးပေါင်းဆောင်ရွက်သွားဖို့ ရှိပါတယ်”ဟု ဦးဝင်းမြင့်က ဆိုသည်။ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီသို့ တစ်နှစ်တာအတွင်း တိုင်ကြားစာပေါင်း ၇၂၇ဝ ရရှိပါကြောင်း၊ တရားစီရင်ရေးနှင့်စပ်လျဉ်း၍ ၃၅ဝဝစောင်၊ လယ်ယာမြေနှင့်စပ်လျဉ်း၍ ၂၅ဝဝ စောင်၊ အုပ်ချုပ်ရေးနှင့်စပ်လျဉ်း၍ ၁၁၇ဝ စောင်၊ တပ်မတော်နှင့် စပ်လျဉ်း၍ ၁ဝဝ စောင်တို့ဖြစ်ကြောင်း ၎င်းကော်မတီ၏ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြခဲ့သည်။ တိုင် ကြားစာများအနက် တရားစီရင်ရေးနှင့် ပတ်သက်၍ တိုင်ကြားခဲ့သည်မှာ အများဆုံးဖြစ်သည်ဟု သိရသည်။ထို့ပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုကလည်း မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးအခြေအနေသည် လွန်စွာအားနည်းနေပြီး တရားရေးနယ်ပယ်တွင် အဂတိလိုက်စားမှုများ လွှမ်းမိုးနေကြောင်း ပြောကြားထားသည်။        

Most Read

Most Recent