ထိုက်တန်သောလစာနှင့် ပြည်သူ့ဝန်ထမ်း

ထိုက်တန်သောလစာနှင့် ပြည်သူ့ဝန်ထမ်း
Published 8 January 2015
သစ်ထွဋ်

အစိုးရဝန်ထမ်းများရဲ့လစာကို ထပ်မံတိုးမြှင့်သွားမယ်လို့အစိုးရက ထုတ်ပြန်ခဲ့ပြီးနောက် လက်ရှိအချိန်မှာ မည်၍မည်မျှအထိတိုးပေးမယ်ဆိုတာ မသိရသေးပေမယ့် ဝန်ထမ်းလစာများ တိုးမြှင့်ပေးမယ့်အပေါ် အမြင်မျိုးစုံရှိနေတာကို တွေ့နေရပါတယ်။အမြင်မျိုးစုံတိုးမြှင့်လာမယ့် ဝန်ထမ်းလစာနှုန်းထားများကို လက်ရှိမှာ အမျိုးမျိုးမျှော်မှန်းပြောဆိုမှုတွေရှိနေပြီး လစာနှုန်းထားများကို ရှစ်ဆအထိ တိုးမြှင့်ပေးမယ်ဆိုတဲ့သတင်းများလည်း ထွက်ပေါ်ခဲ့သလို ရှစ်ဆတိုးပေးမယ်ဆိုတာ မဟုတ်မှန်ဘဲ သင့်တင့်တဲ့လစာနှုန်းထားများဖြစ်လာစေဖို့ ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိတယ်လို့လည်း လွှတ်တော်ပြည်သူ့ ငွေစာရင်းကော်မတီက ပြောဆိုခဲ့တာလည်းရှိခဲ့ပါတယ်။ အစိုးရဝန်ထမ်းများရဲ့လစာများ တိုးမြှင့်ပေးမယ်ဆိုတဲ့သတင်းများအပေါ်တုံ့ ပြန်မှုမျိုးစုံကို အရပ်ထဲမှာကော လူမှုကွန်ရက်ပေါ်မှာ ကြားရ၊ မြင်ရပြီး အချို့က လစာတိုးပေးခြင်းအပေါ် ထောက်ခံကြကာ အချို့ကလည်း ကုန်ဈေးနှုန်းများလိုက်ပြီး မြင့်တက်သွားမှာကို စိုးရိမ်နေကြသူများလည်း ရှိနေကြပါတယ်။ လစာတိုးပေးဖို့ ထောက်ခံသူအများစုက ဝန်ထမ်းတွေကို လစာတိုးမြှင့်ပေးတာဟာ လက်ရှိအခြေအနေမှာ ဖြစ်သင့်တဲ့ကိစ္စဖြစ်ပြီး လက်ရှိစားဝတ်နေရေးစရိတ်များနဲ့ နှိုင်းယှဉ်ကြည့်ရင် အစိုးရဝန်ထမ်းတွေရရှိနေတဲ့လစာဟာ လောက်ငမှုမရှိတာကို အဓိကထောက်ပြကြပါတယ်။ အချို့ကလည်း ဝန်ထမ်းတွေ လစာတိုးပေးလိုက်တိုင်း ဈေးတွေတက်သွားတတ်တဲ့ ကုန်စည်ဈေးနှုန်းများ ရဲ့အခြေအနေကို ထောက်ပြပြီး အစိုးရဝန်ထမ်းမဟုတ်တဲ့ အခြားသူများအပေါ် စားဝတ်နေရေးစရိတ်တွေ ပိုတိုးလာမှာကို စိုးရိမ်ကြောင့်ကြနေကြတာ ဖြစ်ပါတယ်။ အဲဒီလိုအစိုးရဝန်ထမ်းတွေ လစာတိုးပေးဖို့အတွက် အမြင်အမျိုးမျိုးရှိနေပေမယ့် လက်ရှိမှာတော့ တိုးမြှင့်လစာနှုန်းထားကို အစိုးရက တရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးဘဲ ညှိနှိုင်းလျက်ရှိနေဆဲဖြစ်တယ်လို့ သတင်းများမှာ ပါရှိခဲ့ပါတယ်။မလောက်ငမှုများအစိုးရဝန်ထမ်းအများစုရဲ့လက်ရှိရနေကြတဲ့ လစာနှုန်းထားတွေဟာ ယနေ့စားဝတ်နေရေးစရိတ်နဲ့ ပြန်တွက်ကြည့်ရင် ဘယ်လိုမှ လောက်ငမှုမရှိနိုင်ဘူးဆိုတာ အလွယ်တကူ သိနိုင်တဲ့အရာတစ်ခုပါ။ ယနေ့ ဝန်ထမ်းအများစုရနေကြတဲ့ တရားဝင်လစာဆိုတာ အားလုံးသိကြတဲ့အတိုင်း မိသားစုတစ်စုကို မပြောနဲ့ တစ်ဦးတစ်ယောက်အနေနဲ့ သုံးမယ်ဆိုရင်တောင် စစ်စစ်စီစီသုံးနိုင်ပါမှ မနည်းလောက်ငအောင် သုံးရတဲ့အခြေအနေမှာရှိနေတာ ဖြစ်ပါတယ်။ အပိုမသုံးဘဲ အခြေခံစားဝတ်နေရေး အသုံးစရိတ်တွေအတွက်ကိုပဲ ဝန်ထမ်းတွေဟာ သူတို့ရဲ့လစာနဲ့ မလုံလောက်လို့ အခြားဝင်ငွေတွေနဲ့ စိုက်ပြီးသုံးနေရတယ်ဆိုတာ ဒီနေ့ဝန်ထမ်းအများစု ကြုံ တွေ့နေရတဲ့ အဖြစ်အပျက်ပါ။ ဒီအတွက် အစိုးရဝန်ထမ်းတွေအတွက် လစာတွေကိုတိုးပြီးရဖို့ လိုအပ်နေတယ်ဆိုတာ ငြင်းလို့ ရတဲ့ အမှန်တရားတစ်ခုပါ။ တစ်ဖက်မှာလည်း အစိုးရဝန်ထမ်းလစာတွေ တိုးလာတိုင်းကုန် ဈေးနှုန်းတွေလိုက်ပြီး တက်လာတတ်တယ်ဆိုတာဟာလည်း အရင်တုန်းက လစာတိုးခဲ့ပြီး အခြေအနေတွေကို ပြန်ကြည့်ရင်ဈေးနှုန်းတွေ မတက်ခဲ့ပါဘူးလို့ ယတိပြတ်ငြင်းလို့မရတဲ့ အခြေအနေဖြစ်ပါတယ်။ တကယ်တမ်းလစာတွေ တိုးခဲ့တဲ့နှုန်းတွေကို ပြန်ကြည့်ရင်လည်း နိုင်ငံရဲ့ဘတ်ဂျက်သုံးစွဲနိုင်မှုအနေအထားအရ ပမာဏအများကြီးတိုးပေးနိုင်စွမ်းမရှိခဲ့တာကြောင့် အများကြီးမျှော်လင့်ထားလို့မရတဲ့အရာဆိုတာ အားလုံးကသိကြပါတယ်။ပြည်သူ့ဝန်ထမ်းစစ်စစ်တကယ်တော့အစိုးရဝန်ထမ်းတွေရဲ့ လစာကို တိုးပေးတယ်ဆိုတာ လက်ရှိအခြေအနေအရ လုပ်ကိုလုပ်ပေးသင့်တဲ့ကိစ္စရပ်ပဲ ဖြစ်ပါတယ်။ သို့ပေမဲ့လည်း လစာတွေ ကျပ်သောင်းဂဏန်းလောက် မကြာခဏတိုးမြှင့်ပေးနေတာဟာ ရေတိုဖြေရှင်းနည်းလို့သာ မြင်မိပါတယ်။အဓိက က အစိုးရဝန်ထမ်းတွေဟာ အရည်အသွေးပြည့်မီတဲ့ စွမ်းဆောင်ရည်ပြည့်ဝတဲ့ ဝန်ထမ်းတွေဖြစ်လာအောင် လုပ်ပေးနိုင်ဖို့က ပိုပြီးလိုအပ်ပါတယ်။ အရည်အသွေး၊ စွမ်းဆောင်ရည်ပြည့်မီတဲ့ အစိုးရဝန်ထမ်းတွေဖြစ်လာမယ်ဆိုရင် ကျပ် ၁ဝ သိန်းပေးရမယ်ဆိုလည်း ပေးပျော်ပါတယ်။ အရည်အသွေးပြည့်မီတဲ့ ဝန်ထမ်းတွေမဟုတ်ဘဲ လုပ်ငန်းမကျွမ်းကျင်တဲ့ မိုးကျရွှေကိုယ်တွေ၊ ရေသာခိုဝန်ထမ်းတွေသာ များနေမယ်ဆိုရင်တော့ လစာတွေ ဘယ်လောက်တိုးပေးပေး ပြည်သူတွေအကျိုးအတွက် ဆောင်ရွက်ပေးနိုင်မယ့် ပြည်သူ့ဝန်ထမ်းစစ်စစ်တွေကို ပြည်သူတွေ မရနိုင်ပါဘူး။ ဒီအတွက် တာဝန်ကျေပဲ အလုပ်လုပ်၊ အချိန်တန်တော့ လစာရမှာပဲဆိုတဲ့ ဝန်ထမ်းတွေနဲ့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ပြီး ဝင်ငွေရှာနေသူတွေ ဝန်ထမ်းတွေများနေဦးမယ်ဆိုရင်တော့ အစိုးရယန္တရားကို မောင်းနှင်ရာမှာ အဓိကနေရာမှာရှိတဲ့ ဌာနဆိုင်ရာတွေအတွက် စွမ်းဆောင်ရည်အားနည်းချက်တွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီအတွက်အရေးကြီးတာက အစိုးရဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်ကို တိုးမြင့်လာစေမယ့် အစီအမံတွေလုပ် ဆောင်ပေးဖို့လိုအပ်သလို တိုးမြင့်လာတဲ့စွမ်းဆောင်ရည်နဲ့ ထိုက်တန်သောခေတ်နဲ့ လျော်ညီတဲ့ လစာငွေများကို မဖြစ်မနေ ချီးမြှင့်ပေးမှသာ ရေရှည်မှာ ဝန်ထမ်းတွေဟာ လုပ်ချင်ကိုင်ချင်စိတ်၊ တာဝန်ခံ၊ တာဝန်ယူတဲ့အမူအကျင့်တွေ ပိုပြီး ရှိလာကြမှာဖြစ်ပါတယ်။ပြုပြင်ပြောင်းလဲမှုဒီလိုထိုက်တန်တဲ့ လစာပေးဖို့ဆိုရာမှာလည်း အရေးကြီးတာက တချို့ဝေဖန်နေကြသလို ဌာနဆိုင်ရာတွေမှာ ရာထူးအပြောင်းအရွှေ့ကအစပြုလို့ ထမ်းဆောင်ရတဲ့ တာဝန်ကိုရယူရာမှာ အပေးအကမ်းတွေ၊ အလျော်အစားတွေနဲ့ ရောယှက်ပြည့်နှက်နေတယ်ဆိုတာတွေကလည်း ဒီနေ့ဝန်ထမ်းအများစုအတွက် အလုပ်ကို ကြိုးစားချင်စိတ်တွေ လျော့ကျသွားစေနိုင်တာကြောင့် အရိုးစွဲနေကြတဲ့စိတ်ဓာတ်တွေ အမူအကျင့်တွေကို ပြုပြင်ပေးနိုင်မယ့် အစီအမံတွေရှိသင့်တာ ဖြစ်ပါတယ်။အရေးယူသင့်တာကို တကယ်အရေးယူ၊ တကယ်တော်တဲ့သူကို တကယ်မြှောက်စားမှုမျိုးတွေ အစိုးရဝန်ထမ်းလောကမှာ မရှိလာသရွေ့တော့ လစာတိုးပေးနေလည်း ဌာနဆိုင်ရာတွေရဲ့ စွမ်းဆောင်ရည်က တိုးလာဖို့ မမျှော်လင့်နိုင်ပါဘူး။ ဒါက ဘာနဲ့တူသလဲဆိုတော့ ဆိုဗီယက်ယူနီယံခေတ်က ဟာသတစ်ခုထဲကလို အစိုးရက လခပေးချင်ယောင်ဆောင်ပြီး ဝန်ထမ်းတွေက အလုပ်လုပ်ချင်ယောင်ဆောင်ကြတယ်ဆိုတဲ့ အဖြစ်နဲ့တူနေပါတယ်။ ဒါ့အပြင် အစိုးရကပေးနိုင်တဲ့ လစာနည်းလို့ အခက်တွေ့သူတွေ အများစုဟာ အောက်ခြေဝန်ထမ်းအများစုသာ ဖြစ်နေကြပေမယ့် တချို့ကတော့ ဝန်ထမ်းလစာကို လှည့်မကြည့်အားအောင်ကို ဝင်ငွေတွေရနေတဲ့ ဝန်ထမ်းတွေရှိနေသေးတယ်ဆိုတဲ့ ဝေဖန်မှုတွေရှိနေတာကလည်း အစိုးရဝန်ထမ်းလောကမှာ လစာတိုးပေးခြင်းအပြင် အခြားအရေးကြီးတဲ့ ပြုပြင်ပြောင်းလဲမှုတွေလုပ်ပေးဖို့ လိုအပ်နေတာကို ပြဆိုနေပါတယ်။ယနေ့ကြွေးကြော်နေတဲ့  သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်တဲ့အုပ်ချူပ်ရေးဆိုတာတွေ တကယ်ဖြစ်လာဖို့က အစိုးရဝန်ထမ်းတွေဟာ အရည်အချင်းပြည့်မီပြီး စွမ်းဆောင်ရည်ပြည့်ဝတဲ့ ပြည်သူ့ဝန်ထမ်းတွေဖြစ်မှသာ တကယ်ဖြစ်လာမှာပါ။ အထူးသဖြင့် ယနေ့ခေတ်မှာ သတင်းအချက်အလက်နည်းပညာပြောင်းလဲလာမှုတွေနဲ့ စီမံခန့်ခွဲမှုနည်းနာတွေဟာလည်း ပြောင်းလဲလာပါပြီ။ ဒီအတွက် ဝန်ထမ်းတွေကို လစာလေး အနည်းငယ်တိုးပေးပြီး နှစ်သိမ့်တာထက်စာရင် အစိုးရဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်တွေတကယ် တိုးမြင့်လာအောင် ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ ဒီနေ့ခေတ်မှာ နိုင်ငံတွေရဲ့အစိုးရဌာနဆိုင်ရာတွေဟာ အရေအတွက်များများရှိနေတာထက် အရည်အသွေးကောင်းမွန်တဲ့သူတွေနဲ့ ကျစ်ကျစ်လျစ်လျစ်ဖွဲ့စည်းထားပြီး ရလဒ်ကောင်းကောင်းထွက်အောင် လုပ်နေကြပါပြီ။သင့်တော်သူတွေကို သင့်တော်တဲ့နေရာမှာ နေရာချထားပေးပြီး ထိုက်တန်တဲ့လစာဝင်ငွေတွေ ပေးအပ်ဖို့ဟာ စီမံခန့်ခွဲခွင့်ရယူထားတဲ့ အစိုးရတာဝန်ရှိသူများမှာ တာဝန်ရှိနေပါတယ်။ ဒီအတွက် သမ္မတလစာ သိန်း၅ဝ ယူတာ၊ လွှတ်တော်ကိုယ်စားလှယ် ၁ဝ သိန်းယူတာ၊ အစိုးရဝန်ထမ်းတွေ လစာဘယ်လောက်ယူထားတယ်ပြောဆိုနေကြတာထက် သူတို့ရယူထားကြတဲ့လစာများနဲ့ ထိုက်တန်တဲ့လုပ်ဆောင်မှု အရည်အသွေး ရှိ၊ မရှိကသာ နိုင်ငံနဲ့ နိုင်ငံသားများအတွက် ကောင်းမွန်တဲ့ လုပ်ဆောင်ချက်များကို ဆောင်ရွက်ပေးနိုင်မယ့် ပြည်သူ့ဝန်ထမ်းများ၊ ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်မဖြစ်ကို ပြည်သူများက အကဲဖြတ်ရှုမြင်သုံးသပ်ကြမှာ ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

Most Read

Most Recent