ပြီးခဲ့သည့်ဘဏ္ဍာနှစ် ဘတ်ဂျက်သုံးစွဲမှုများနှင့်ပတ်သက်၍ စာရင်းစစ်ချုပ်ရုံးက စစ်ဆေးတွေ့ရှိသဖြင့် ကန့်ကွက်ထားသည့် ဝန်ကြီးဌာနအချို့ကို လွှတ်တော်ကခေါ် တွေ့မည်

ပြီးခဲ့သည့်ဘဏ္ဍာနှစ် ဘတ်ဂျက်သုံးစွဲမှုများနှင့်ပတ်သက်၍ စာရင်းစစ်ချုပ်ရုံးက စစ်ဆေးတွေ့ရှိသဖြင့် ကန့်ကွက်ထားသည့် ဝန်ကြီးဌာနအချို့ကို လွှတ်တော်ကခေါ် တွေ့မည်
Published 6 January 2015
ဝေယံဖြိုးဦး

ပြီးခဲ့သည့်ဘဏ္ဍာနှစ် ဘတ်ဂျက်သုံးစွဲမှုများနှင့် ပတ်သက်၍ စာရင်းစစ်ချုပ်ရုံးမှ စစ်ဆေးတွေ့ရှိသဖြင့် ကန့်ကွက်ထားသည့် ဝန်ကြီးဌာနအချို့ကို လွှတ်တော်ကခေါ်တွေ့မည်ဟု သတင်းရရှိသည်။
 
ပြီးခဲ့သည့် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်များကို ဝန်ကြီးဌာနများမှ သက်ဆိုင်ရာစီမံကိန်းအလိုက် သုံးစွဲပြီးနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ စစ်ဆေးပြီးနောက် ဝန်ကြီးဌာနအချို့ကို စာရင်းစစ်ချုပ်ရုံးမှ ကန့်ကွက်ထားသည်များရှိခဲ့ကြောင်း၊ ထိုသို့ စာရင်းစစ်ချုပ်ရုံးမှ ကန့်ကွက်ထားမှု များပြားသည့် ဝန်ကြီးဌာနများနှင့် လွှတ်တော်ကော်မတီတို့ ဆွေးနွေးရန် ဇန်နဝါရီ ၈ ရက်နှင့် ၉ ရက်များတွင် ဖိတ်ခေါ်ထားသည်။
 
ပြည်သူ့လွှတ်တော်ပြည်သူ့ငွေစာရင်း ကော်မတီဥက္ကဠ ဦးသူရိန်ဇော်က “ပြီးခဲ့တဲ့ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်အတွက် ဝန်ကြီးဌာနတွေက ဘတ်ဂျက်တွေသုံးပြီး ဖြစ်တယ်။ အဲဒီသုံးပြီးတာတွေကို စာရင်းစစ်ချုပ်က စစ်တယ်။ စစ်ပြီး ကန့်ကွက်ထားတဲ့ ဝန်ကြီးဌာနတွေရှိတယ်။ 
အဲဒီဝန်ကြီးဌာနတွေပါမယ်။ စာရင်း စစ်ချုပ်အဖွဲ့တွေပါမယ်။ လွှတ်တော်ကော်မတီအဖွဲ့တွေပါမယ်။ ဇန်နဝါရီ ၈ ရက်၊ ၉ ရက်မှာ တွေ့ဆုံကြဖို့ ရှိပါတယ်။ ဝန်ကြီးဌာနတွေများတဲ့အတွက် နှစ်ရက်ခွဲပြီး အစည်းအဝေးလုပ်မှာ ဖြစ်ပါတယ်။ ပြီးတော့ စာရင်းစစ်ချုပ်ရုံးအစီရင်ခံစာကို ဆွေးနွေးပါမယ်။ စာရင်းစစ်ချုပ်ရုံး အစီရင်ခံစာကို လာမယ့် ပြည်ထောင်စုလွှတ်တော်မှာ တင်ပြဖို့ ပူးပေါင်းကော်မတီအနေနဲ့ အစည်းအဝေးခေါ်ထားတာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။
 
ဆက်လက်၍ ၎င်းက “စာရင်းစစ်ချုပ်ရုံးက ကန့်ကွက်ထားတဲ့ ဝန်ကြီးဌာနတွေအကုန်ပါမယ်။ ငွေသုံးနည်းတဲ့ ဝန်ကြီးဌာနတွေတော့ မပါဘူး။ စာရင်းစစ်က ကန့်ကွက်ထားတာအချက်များတဲ့ ဝန်ကြီးဌာနတွေပါမယ်။ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်အတွက် ငွေသုံးများတဲ့ ဝန်ကြီးဌာနတွေ များများပါမယ်” ဟု ပြောကြားသည်။
 
ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း ဝန်ကြီးဌာနအချို့၏ ဘတ်ဂျက်သုံးစွဲမှုအပေါ် စာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကိုလည်း လာမည့်လွှတ်တော်သို့ တင်သွင်းမည်ဟု သိရသည်။
 
အမျိုးသားလွှတ်တော်ဥက္ကဠ ဦးခင်အောင်မြင့်သည် ၂ဝ၁၄ ခုနှစ် စက်တင်ဘာ ၁၆ ရက် လွှတ်တော်အစည်းအဝေးတွင် အစိုးရဝန်ကြီးဌာနများ၏ ဘတ်ဂျက်ငွေများအပေါ် လာဘ်စားမှုများကို ထုတ်ဖော်ပြောကြားခဲ့ပြီး ဝန်ကြီးဌာန၏ ဘတ်ဂျက်ငွေများ နှင့်ပတ်သက်၍ “ပွဲဈေးတန်းမှာ ဆီးသီးဗန်းမှောက်ကျသလိုပဲ။ မှောက်လည်းကျရော ဟိုလူက တစ်ဆုပ်နှိုက်စား၊ ဒီလူက တစ်ဆုပ်နှိုက်စား ဆီးသီးက တစ်ဝက်လောက်ပဲ ကျန်တော့တယ်။ ဘတ်ဂျက်က အဲဒီလိုဖြစ်နေတယ်”ဟု ပြောကြားသည်။
 
ထို့နောက် ဝန်ကြီးဌာနများ၏ ဆီးသီးဗန်းမှောက်သည့်ကိစ္စနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိတို့၏ သက်ဆိုင်ရာမဲဆန္ဒနယ်များအတွင်း လေ့လာစုံစမ်းမှုများ ပြုလုပ်ကြရန် အမျိုးသားလွှတ်တော်ဥက္ကဠက ညွှန်ကြားထားသည်။
 
ဦးခင်အောင်မြင့်၏ ညွှန်ကြားချက်အရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အချို့သည် လေ့လာစုံစမ်းမှုများပြုလုပ်ကာ ဝန်ကြီးဌာနအချို့၏ စီမံကိန်းတွင် သတ်မှတ်ထားသည့် စံချိန်စံညွှန်းအတိုင်း ဆောင်ရွက်နေခြင်းမရှိသည့် အချက်အလက်အချို့ကို ရရှိနေကြောင်း၊ ရရှိထားသည့် ဝန်ကြီးဌာနအချို့ နှင့် ပတ်သက်သည့် အချက်အလက်များကို အမျိုးသားလွှတ်တော်ဥက္ကဠထံ တင်ပြထားကြောင်းနှင့် ပြည်သူများက အချက်အလက်အတိအကျဖြင့် ဝန်ကြီးဌာနများ၏ စီမံကိန်းဆိုင်ရာ အရည်အသွေးညံ့ဖျင်းမှုများကို တိုင်ကြားလာပါက လွှတ်တော်သို့ ထပ်မံတင်ပြသွားရန်ရှိသည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက ပြောကြားထားသည်။

Most Read

Most Recent