သမ္မတနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တွေ့ဆုံရာတွင် မိမိတို့၏ သဘောထားများကိုသာ တင်ပြခဲ့ကြပြီး အပြန်အလှန်ဆွေးနွေးနိုင်ခြင်း မရှိ

သမ္မတနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တွေ့ဆုံရာတွင် မိမိတို့၏ သဘောထားများကိုသာ တင်ပြခဲ့ကြပြီး အပြန်အလှန်ဆွေးနွေးနိုင်ခြင်း မရှိ
Published 6 January 2015
ဇာလီမြင့်ဦး

သမ္မတနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တွေ့ဆုံရာတွင် မိမိတို့၏ သဘောထားအသီးသီးကိုသာ တင်ပြခဲ့ကြပြီး အပြန်အလှန်ဆွေးနွေးသည့်သဘော သက်ရောက်ခဲ့ခြင်းမရှိကြောင်း သတင်းရရှိသည်။
 
ဇန်နဝါရီ ၅ ရက်တွင် နေပြည်တော်ရှိ MICC-2 တွင် နိုင်ငံတော်သမ္မတနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့တွင် ၁၂ ဖွဲ့မှ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ 
 
အဆိုပါတွေ့ဆုံပွဲနှင့် ပတ်သက်၍ ပအိုဝ့် အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဠ ဦးခွန်မြင့်ထွန်းက “အဓိကကတော့ ကျွန်တော်ထင်တာတော့ တွေ့ဆုံကြတာပါ။ တစ်ယောက်နဲ့တစ်ယောက် တစ်ဖက်နဲ့ တစ်ဖက်မှာ သူ့ဘက်ကိုယ့်ဘက် မပြောဖြစ်တာတွေ ပြောကြတယ်။ အပြန်အလှန် တွေ့ဆုံဆွေးနွေးကြတဲ့အဆင့်ကိုတော့ မရောက်ပါဘူး။ သူ့သဘောထားအမြင်တွေ၊ ကိုယ့် သဘောထားအမြင်တွေကို ပြောကြတဲ့သဘော ဖြစ်ပါတယ်။ အပြန်အလှန်တော့ ဆွေးနွေးဖြစ်တာမျိုးတော့ မရှိပါဘူး။ 
သို့သော်လည်းပဲ  ဒီထဲမှာကတော့ အားလုံးအမြင် သဘောထားတွေထဲမှာကတော့ တူညီတဲ့အချက်ကတော့ ဒီပြည်တွင်းငြိမ်းချမ်းရေး အမြန်ဆုံးရရှိအောင် ဘယ်လိုလုပ်မလဲ။ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး ပီပီပြင်ပြင် ထိထိရောက်ရောက် လုပ်ဆောင်နိုင်ဖို့ အဲဒီအချက်တွေအပေါ်မှာ အများကြီးမူတည်တယ်။ တိုင်းပြည်ကို ကောင်းအောင်လုပ်ကြမယ်ဆိုတဲ့သဘောထား၊ ညီညီညွတ်ညွတ်နဲ့ လုပ်ကြမယ်ဆိုတဲ့သဘောထား အဲဒီမှာတော့ အားလုံးက အခြေခံအားဖြင့်တော့ တူညီကြပါတယ်”ဟု ပြောကြားသည်။ 
 
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက သမ္မတနှင့် တွေ့ဆုံရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ၎င်းတို့တင်ပြလိုသည့်၊ ပြောချင်သည့် ကိစ္စရပ်များကို ပြောကြားခွင့်ရခဲ့ကြောင်း၊  သမ္မတအနေဖြင့် အချို့သောကိစ္စရပ်များတွင် တာဝန်ယူထားသည် ဖြစ်သည့်အတွက် ယုံကြည်မှု ပိုမိုတည်ဆောက်လာနိုင်မည်ဟု ပြော၍ရကြောင်း အဆိုပါတွေ့ဆုံပွဲနှင့် ပတ်သက်၍ ပြောကြားသည်။
 
“ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် အဲဒီမှာလည်း တိုင်းရင်းသားတွေဘက်မှာ မြန်မြန်သွားချင်တဲ့သူတွေရှိသလို ဖြည်းဖြည်းသွားချင်တဲ့သူတွေလည်း ရှိတယ်။ မြန်မြန်သွားချင်တဲ့သူတွေကလည်း ဒီဇင်ဘာ ၂၂၊ ၂၃ ဆွေးနွေးပွဲမှာ ထွက်ပြောတာတွေရှိတယ်။ ပြည်ထောင်စုနေ့ကြီးမှာ လက်မှတ်ထိုးကြရအောင် ဆိုပြီးတော့။ အဲဒီတော့ ပြည်ထောင်စုနေ့ကြီးမှာ လက်မှတ်ထိုးနိုင်ဖို့ဆိုတာကလည်း ကြားထဲမှာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ရမှာတွေရှိတယ်။ အဲဒီတော့ နိုင်ငံတော်သမ္မတကြီးနဲ့လည်း တွေ့သင့်တာပေါ့ဗျာ။ အဲဒါကြောင့် နိုင်ငံတော်သမ္မတကြီးကလည်း နှစ်ပေါင်း ၃ဝ ကျော် ၄ဝ ကျော်မှာ မကျင်းပနိုင်ခဲ့တဲ့ ဗိုလ်ရှုသဘင်အခမ်းအနားကြီးကို တိုင်းရင်းသားခေါင်းဆောင်တွေကို ဖိတ်ခဲ့တာပေါ့”ဟု ဝန်ကြီးဦးအောင်မင်းက ပြောကြားသည်။
 
အဆိုပါတွေ့ဆုံပွဲတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဘက်က အဆိုပြုထားသော တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲကို လာမည့်ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့)တွင် လက်မှတ်ရေးထိုးလိုသည့် လိုလားချက်နှင့် ပတ်သက်၍လည်း လက်ရှိအချိန်မှ တစ်လအတောအတွင်း နိုင်ငံရေးသဘောတူညီချက်တစ်ခု ခိုင်ခိုင်မာမာရရှိရေးအတွက် လက်တွေ့ဆွေးနွေးမှုများ ထပ်မံလိုအပ်နေကြောင်းလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက မှတ်ချက်ပြုပြောကြားခဲ့ကြောင်း သိရသည်။
 
“ကျွန်တော်တို့ကတော့ အခုလို တစ်ယောက်နဲ့တစ်ယောက် တစ်ဖက်နဲ့တစ်ဖက် မတွေ့ဆုံဖြစ်တဲ့အခါကျတော့ ကြားထဲမှာ မလိုလားအပ်တာတွေနဲ့ အထင်အမြင်လွဲမှားတာတွေ ရှိတယ်။ ဒါကြောင့်မို့လို့ ဒီလိုမျိုးတွေ့ဆုံဆွေးနွေးမှုတွေ လိုအပ်တယ်ဆိုတာကိုတော့ ပြောဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ထပ် ဘယ်နေ့ဘယ်ရက် တွေ့မယ်ဆိုတာကတော့ ချိန်းဆိုခဲ့တာမျိုး မရှိပါဘူး”ဟု ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA မှ ပြော ရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလှက ပြောကြားသည်။ 
 
လက်ရှိတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရေးအတွက် အစိုးရနှင့် ဆွေးနွေးနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့ ရှိသည့်အနက် ဗိုလ်ရှုသဘင်နှင့် တွေ့ဆုံပွဲသို့ ၁၆ ဖွဲ့လုံးကို ဖိတ်ကြားခဲ့သော်လည်း ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(KIA)၊ တအာင်းအမျိုး သားလွတ်မြောက်ရေးတပ် (TNLA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF) အဖွဲ့တို့မှာ အကြောင်းအမျိုးမျိုးကြောင့် တက်ရောက်နိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။   

Most Read

Most Recent