ဘင်္ဂလားဒေ့ရှ်တွင် ဆန္ဒပြပွဲများ ပိတ်ပင်လိုက်ကာ အတိုက်အခံ ခေါင်းဆောင်ကို ထိန်းသိမ်းထား

ဘင်္ဂလားဒေ့ရှ်တွင် ဆန္ဒပြပွဲများ ပိတ်ပင်လိုက်ကာ အတိုက်အခံ ခေါင်းဆောင်ကို ထိန်းသိမ်းထား
Published 5 January 2015

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာတွင် ဆန္ဒပြပွဲများ ပြုလုပ်ခြင်းကို ရဲများက ဇန်နဝါရီ ၄ ရက်မှ စတင်ပိတ်ပင်လိုက်ပြီး အဓိက အတိုက်အခံခေါင်းဆောင် ခါလီဒါဇီယာကိုလည်း မြို့တော်ရှိ သူ၏ရုံးမှ ထွက်မသွားနိုင်အောင် ပိတ်ထားခဲ့သည်ဟု သိရသည်။ ဇီယာ၏ပါတီက သပိတ်မှောက်ပြီး မပါဝင်ခဲ့သည့် ရွေးကောက်ပွဲကို ကျင်းပခဲ့ခြင်း တစ်နှစ်ပြည့်မတိုင်မီ တင်းမာမှုများ မြင့်တက်လာချိန်၌ ယခုဖြစ်ရပ်များ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ရွေးကောက်ပွဲ တစ်နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ ဇန်နဝါရီ ၅ ရက်ဖြစ်ပြီး ဇီယာက အဆိုပါနေ့ကို “ဒီမိုကရေစီ အသတ်ခံရသည့်နေ့” ဟု ခေါ်ဆိုခဲ့ပြီး ထိုနေ့တွင် မြို့တော်ဒါကာ၌ လူထုချီတက်ပွဲကြီးများကို ပြုလုပ်သွားမည်ဟု ခြိမ်းခြောက်ထားသည်။ ဇီယာ၏ ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ (BNP) နှင့် မဟာမိတ် အစ္စလာမ္မစ် ပါတီများသည် ထိုရွေးကောက်ပွဲ ကျင်းပစဉ်က အာဏာရပါတီ၏ အကွက်ဆင်ခြင်းကို ခံရမည်စိုးသဖြင့် ရွေးကောက်ပွဲ၌ ပါဝင်ရန် ငြင်းဆန်ခဲ့ပြီး သပိတ်မှောက်ခဲ့ခြင်းဖြစ်သည်။ဇီယာကို သူ၏ပါတီရုံးထဲတွင် ပိတ်လှောင်ထားကာ ပါတီရုံးနေရာနှင့် လမ်းများကိုလည်း ရဲများက ပိတ်ဆို့တားဆီး ထားသည်ဟု ဇီယာ၏ လက်ထောက်ဖြစ်သူ အက်စ်အာရှီမူဘစ်ဝက်စ်က အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။ မြို့တော် ဒါကာတွင် ဇန်နဝါရီ ၄ ရက် ဒေသစံတော်ချိန် ညနေ ငါးနာရီမှစပြီး ဆန္ဒပြမှု၊ စုဝေးမှုများ ပြုလုပ်ခြင်းကို နောက်ထပ်ထုတ်ပြန်ချက်တစ်ခု ထပ်မံ မထုတ်ပြန်မချင်း ပိတ်ပင်ထားမည်ဟု သိရသည်။မြို့တော်ဒါကာ အလယ်ပိုင်းတွင်ရှိသည့် အတိုက်အခံပါတီ၏ ရုံးချုပ်ကို ဇန်နဝါရီ ၃ ရက် သန်းခေါင်အချိန်ကတည်းက ရဲများက ပိတ်ဆို့ထားခဲ့ခြင်းဖြစ်ပြီး အနီးအနားရှိ လမ်းများကိုလည်း ရဲကားများဖြင့် ပိတ်ဆို့ထားသည်ဟု ရုပ်သံသတင်းများတွင် ပြသချက်အရ သိရသည်။ ဇီယာသည် ရုံးထဲမှ ကားဖြင့်ထွက်ခွာရန် ကြိုးပမ်းခဲ့သော်လည်း ပါတီရုံးထဲ၌ တစ်ညနေလုံး ပိတ်ဆို့ခံထားရသည်ဟု သူ၏လက်ထောက်က ပြောကြားခဲ့သည်။ ဇီယာနှင့်တွေ့ရန် လုံခြုံရေး အတားအဆီးများကို ဖြတ်ကာ ရုံးထဲသို့ဝင်ရန် ကြိုးပမ်းခဲ့သည့် လူများကို ရဲများက ဖမ်းဆီးခဲ့သည်ကို တိုက်ရိုက်ရုပ်သံ ထုတ်လွှင့်မှု သတင်းများတွင် တွေ့ခဲ့ရသည်။ရဲအရာရှိ ဖီရိုဇ်ကာဘီယာက ဇီယာသည် ပါတီရုံးထဲ၌ အတင်းအကျပ် ထိန်းသိမ်းခံထားရခြင်း မဟုတ်ဟု ဆိုခဲ့သည်။“ကျွန်တော်တို့က သူ့ကို ထိန်းသိမ်းထားတာ မဟုတ်ပါဘူး။ သူ့လုံခြုံရေးကိုပဲ တိုးမြှင့်ထားတာပါ။ သူ့ဘာသာသူ ရုံးထဲက မထွက်တာပါ” ဟု ၎င်းက ဆိုခဲ့သည်။ဇီယာက ဘက်မလိုက်သော အိမ်စောင့်အစိုးရ၏ လက်အောက်တွင် ရွေးကောက်ပွဲအသစ်များ ထပ်မံကျင်းပ ပြုလုပ်ပေးရန် တောင်းဆိုလိုက်ပြီး သပိတ်မှောက်သွားမည်ဟု ခြိမ်းခြောက်ခဲ့သည့် ဇန်နဝါရီ ၁ ရက်နောက်ပိုင်း တင်းမာမှုများမှာ မြင့်တက်လာခဲ့သည်။         
Ref:AFP 

Most Read

Most Recent