မြန်မာ ယူ-၂၀ အသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် တူရကီ ဖိတ်ခေါ်ပြိုင်ပွဲကို နာမည်ကြီး အသင်းအချို့ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ယူကရိန်း ယူ-၂၀ အသင်းမှာ ယင်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားပြီး မြန်မာ ယူ-၂၀ အသင်း အနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီ အတွေ့အကြုံကောင်းများ ရရှိမည့် ပြိုင်ပွဲလည်းဖြစ်သည်။တူရကီ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို လာမည့် ဇန်နဝါရီ စတုတ္ထပတ်တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာ ယူ-၂၀ အသင်း အနေဖြင့် မာရာဟာလင် ဖလားပြိုင်ပွဲ ပျက်ပြယ်ခဲ့သောကြောင့် ယခုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခြင်းလည်း ဖြစ်သည်။ တူရကီဖိတ်ခေါ် ဘောလုံးပြိုင်ပွဲကို အသင်းလေးသင်းမှ ခြောက်သင်းအထိ ကျင်းပရန် စီစဉ်ထားပြီး ပြိုင်ပွဲ ပွဲစဉ်ဇယားကို ယခုရက်ပိုင်းအတွင်း ဆက်လက်ထုတ်ပြန် သွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာ ယူ-၂၀ အသင်း အနေဖြင့် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီ နိုင်ငံတကာ ပြိုင်ပွဲများစွာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဖေဖော်ဝါရီလမှစ၍ ပြည်ပလေ့ကျင့်ရေး ခရီးစဉ်များလည်း သွားရောက်မည်ဖြစ်သည်။ မြန်မာ ယူ-၂၀ အသင်းသည် ကာတာနှင့် ဥရောပနိုင်ငံများတွင် ကာလရှည် သွားရောက်လေ့ကျင့်မည်ဖြစ်ပြီး မော်ရိုကို ဖိတ်ခေါ်ပြိုင်ပွဲကိုလည်း ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း သိရသည်။ ထို့ပြင် ပြည်တွင်း၌ ဥရောပထိပ်သီး အသင်းများကို ဖိတ်ကြား၍ လေးနိုင်ငံဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ကျင်းပမည်ဖြစ်ကြောင်းလည်း သိရသည်။မြန်မာ ယူ-၂၀ အသင်းသည် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ ရက်မှစ၍ ပဏာမ ကစားသမား ၂၄ ဦးဖြင့် လေ့ကျင့်မှုများ စတင်ပြုလုပ်လျက်ရှိပြီး ပြည်တွင်းအသင်းများနှင့် ခြေစမ်းပွဲများစွာ ယှဉ်ပြိုင်ကစားလျက်ရှိသော်လည်း နိုင်ငံတကာ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားနိုင်ခြင်း မရှိသေးပေ။ မြန်မာ ယူ-၂၀ အသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်းများ စုံလင်စွာ ထွက်ပေါ်လာခြင်း မရှိသေးဘဲ တောင်အမေရိကဇုန်၊ ကွန်ကာကပ်ဖ်ဇုန်နှင့် အာဖရိကဇုန်များ ကျန်ရှိနေသေးသည်။
မြန်မာ ယူ-၂၀ အသင်း ယှဉ်ပြိုင်မည့် တူရကီ ဖိတ်ခေါ်ပြိုင်ပွဲတွင် ယူကရိန်း ယူ-၂၀ အပါအဝင် နာမည်ကြီး အသင်းများ ယှဉ်ပြိုင်မည်









