စည်ပင်သာယာ ရွေးကောက်ပွဲ၌ ရွေးချယ်ခံခဲ့ရသည့် ကိုယ်စားလှယ်များ ဇန်နဝါရီ ၆ ရက်တွင် ကတိသစ္စာပြုပြီး စတင်တာဝန်ထမ်းဆောင်မည်

စည်ပင်သာယာ ရွေးကောက်ပွဲ၌ ရွေးချယ်ခံခဲ့ရသည့် ကိုယ်စားလှယ်များ ဇန်နဝါရီ ၆ ရက်တွင် ကတိသစ္စာပြုပြီး စတင်တာဝန်ထမ်းဆောင်မည်
Published 3 January 2015
ကျော်ထင်

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင်ဆင့် ရွေးကောက်ပွဲများ၌ ရွေးချယ်ခံခဲ့ရသည့် ကိုယ်စားလှယ်များသည် ဇန်နဝါရီ ၆ ရက်တွင် ကတိသစ္စာပြုပြီး စတင်တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ဒီဇင်ဘာ ၂၇ ရက်တွင် ပြုလုပ်ခဲ့သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲများတွင် စုစုပေါင်း ကိုယ်စားလှယ်လောင်း ၂၉၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်အဆင့်တွင် လေးဦး၊ ခရိုင်စည်ပင်သာယာရေး ကော်မတီ အဆင့်တွင် ၁၂ ဦးနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီ အဆင့်တွင် ၉၉ ဦး စုစုပေါင်း ၁၁၅ ဦး ရွေးချယ်ခံခဲ့ရသည်။ရွေးချယ်ခံရသည့် ကိုယ်စားလှယ်များသည် စည်ပင်သာယာရေး ကော်မတီဝင်အဖြစ် ရွေးကောက်ခံရပြီး ဖြစ်သဖြင့် နိုင်ငံတော်၏ တည်ဆဲဥပဒေများကို လေးစားလိုက်နာပါမည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိ ရိုသေပါမည်။ ထို့ပြင် ယခု ကျွနု်ပ် တာဝန်ထမ်းဆောင်မည်ဖြစ်သော ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအပေါ် သစ္စာရှိစွာဖြင့် ကော်မတီ၏ တာဝန်ဝတ္တရားများကို ရိုးသားဖြောင်မတ်မှန်ကန်စွာ ဆောင်ရွက်မည်ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပေးအပ်သော တာဝန်များကို ကိုယ်စွမ်းရှိသရွေ့၊ ဉာဏ်စွမ်းရှိသရွေ့ ထမ်းဆောင်ပါမည်ဖြစ်ကြောင်း ကတိသစ္စာ ပြုရမည် ဖြစ်သည်ဟု သိရသည်။ယခုအခါ ရွေးချယ်ခံရသည့် ကိုယ်စားလှယ်စာရင်းများကို ရန်ကုန်မြို့တော် ကော်မရှင်က ရန်ကုန်မြို့တော်ဝန်ထံသို့ တင်ပြထားပြီး ယင်းမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြကာ အစိုးရအဖွဲ့ အစည်းအဝေးမှတစ်ဆင့် အတည်ပြုမည်ဖြစ်ကြောင်း သိရသည်။ယင်းသို့ အတည်ပြုပြီးပါက ကိုယ်စားလှယ်များအနေဖြင့် ကတိသစ္စာပြုရမည်ဖြစ်ပြီး ကတိသစ္စာပြုပြီးပါက တာဝန်စတင် ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ လက်ရှိတွင် မည်သည့်အချိန်တွင် စတင်တာဝန်ထမ်းဆောင်ရမည်ကို အတိအကျ မသိရှိရသေးကြောင်းနှင့် တစ်နှစ်ခန့် တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် ကော်မရှင်မှ သိရသည်။