၂၀၁၅ ခုနှစ်အတွင်း ပြည်သူလူထု ဆုံးဖြတ်ချက်မှားမည်ကို အဓိကစိုးရိမ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

၂၀၁၅ ခုနှစ်အတွင်း ပြည်သူလူထု ဆုံးဖြတ်ချက်မှားမည်ကို အဓိကစိုးရိမ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 30 December 2014

၂ဝ၁၅ ခုနှစ်အတွင်း ပြည်သူလူထု ဆုံးဖြတ်ချက်မှားမည်ကို အဓိကစိုးရိမ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဠ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည်က  ဒီဇင်ဘာ ၃ဝ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်၌ သတင်းမီဒီယာများနှင့် တွေ့ဆုံရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။သတင်းထောက်တစ်ဦးက ဒေါ်အောင်ဆန်းစုကြည်အား“တချို့ နိုင်ငံရေးလေ့လာသူတွေက ပြောကြပါတယ်။ ၂ဝ၁၅ မှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးမှာ စိုးရိမ်နေတာရှိတယ်။ ဘာသာရေးပဋိပက္ခတွေဖြစ်မှာ စိုးရိမ်တဲ့လူတွေရှိတယ်လို့ ပြောကြတာတွေရှိပါတယ်။ အန်တီအနေနဲ့ ဒီ၂ဝ၁၅ မှာ အဓိက စိုးရိမ်တဲ့အချက်က ဘာများဖြစ်မလဲ”ဟု မေးမြန်းခဲ့ခြင်း ဖြစ်သည်။အဆိုပါမေးခွန်းနှင့် ပတ်သက်၍ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က  “အန်တီက ၂ဝ၁၅ တင်မဟုတ်ဘူး။ ဘယ်တော့မဆို အဓိကစိုးရိမ်တဲ့အချက်က ပြည်သူလူထုတွေ ဆုံးဖြတ်ချက်မှားမှာကိုပဲ။ ပြည်သူလူထုတွေက ဘာပဲဖြစ်ဖြစ်၊ ဘယ်လိုပြဿနာပဲ ပေါ်လာပေါ်လာ ပြဿနာက အရေးမကြီးဘူး။ ပြဿနာကိုဖြေရှင်းပုံက အရေးကြီးတာ။ ပြည်သူလူထုတွေ ဆုံးဖြတ်ချက်မှန်မယ်ဆိုရင် ဘာကိုမှ စိုးရိမ်စရာမရှိဘူး။ ပြဿနာဆိုတာက ပေါ်လာမှာပဲ။ ဒါက အရေးမကြီးဘူး။ ဒီဟာတွေကို ပြေလည်အောင် ဖြေရှင်းတတ်ဖို့က အရေးကြီးတယ်။ အဲဒီတော့ ဘာကိုအန်တီအစိုးရိမ်ဆုံးလဲဆိုတော့ ဘာပဲဖြစ်ဖြစ် ပြည်သူလူထုရဲ့ ဆုံးဖြတ်ချက်မှားမှာကို စိုးရိမ်တယ်။ကျန်တာမစိုးရိမ်ပါဘူး”ဟု ပြောကြားသည်။၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအား အောက်တိုဘာလကုန် သို့မဟုတ် နိုဝင်ဘာ ပထမပတ်တွင် ကျင်းပမည်ဖြစ်ကြောင်း  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဠ ဦးတင်အေးက ပြောကြားသည်။အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးမှုကို ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် ပြည်ထောင်စုနေ့တွင်ပြုလုပ်ရန် ရည်ရွယ်ထားပြီး လုပ်ဆောင်ဖြစ်ပါက ၂ဝ၁၅ခုနှစ် မေတွင် နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်လာမည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ ကိုယ်စားလှယ်များက ပြောကြားထားသည်။

Most Read

Most Recent