အပျက်အစီး အပိုင်းအစများနှင့် အလောင်းသုံးလောင်းကို ဆယ်ယူရရှိခဲ့ပြီးနောက် အဲအေးရှားလေယာဉ်ကို ပင်လယ်ကြမ်းပြင်တွင် မကြာမီ တွေ့ရှိဖွယ်ရှိ

အပျက်အစီး အပိုင်းအစများနှင့် အလောင်းသုံးလောင်းကို ဆယ်ယူရရှိခဲ့ပြီးနောက် အဲအေးရှားလေယာဉ်ကို ပင်လယ်ကြမ်းပြင်တွင် မကြာမီ တွေ့ရှိဖွယ်ရှိ
Published 30 December 2014

ပျောက်ဆုံးနေသော အဲအေးရှားလေယာဉ်ကို ရှာဖွေမှုများသည် ဒီဇင်ဘာ ၃၀ ရက်တွင် အပြီးသတ်ရန် နီးကပ်လာဖွယ်ရှိပြီး အင်ဒိုနီးရှား ကမ်းလွန်ပင်လယ်တွင် အပျက်အစီး အပိုင်းအစများနှင့် အလောင်းများကို ရှာဖွေတွေ့ရှိခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာရာမှ စင်ကာပူသို့ ပျံသန်းခဲ့သော အဲအေးရှားလေယာဉ် အဲဘတ်စ်အေ ၃၂၀ သည် ဒီဇင်ဘာ ၂၈ ရက် အစောပိုင်းက ပျောက်ဆုံးသွားခဲ့သည်။စစ်သင်္ဘောတစ်စင်းသည် ပင်လယ်အတွင်းမှ အလောင်း ၄၀ ကျော်ကို ဆယ်ယူရရှိခဲ့ကြောင်း ရေတပ်ပြောခွင့်ရ ပုဂ္ဂိုလ်က အစောပိုင်းတွင် ပြောကြားခဲ့သော်လည်း နောက်ပိုင်း၌ ဆက်သွယ်မှု လွဲချော်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပင်လယ်အတွင်းမှ အလောင်းတစ်လောင်း ဆယ်ယူမှုကို အင်ဒိုနီးရှား ရုပ်သံက ပြသခဲ့ချိန်တွင် လေယာဉ်ခရီးစဉ်၌ လိုက်ပါသွားခဲ့ကြသူများ၏ ဆွေမျိုးများက အော်ဟစ်ငိုကြွေးခဲ့ကြသည်။ ဂျာနယ်လစ် ၂၀၀ ခန့်သည် ခရီးသည်များ၏ ဆွေမျိုးများရှိသည့် အခန်းကို ဝင်ရောက်ခွင့် တားမြစ်ခံထားရသည်။အင်ဒိုနီးရှား လေတပ်လေယာဉ်တစ်စင်းသည် ပင်လယ်ကြမ်းပြင်တွင် အရိပ်တစ်ခုကို တွေ့ရှိခဲ့ကြောင်း ယင်းအရိပ်သည် ပျောက်ဆုံးနေသော အဲအေးရှားလေယာဉ်ဟု ယုံကြည်ရကြောင်း အင်ဒိုနီးရှား ရှာဖွေကယ်ဆယ်ရေး အေဂျင်စီဥက္ကဋ္ဌ ဘန်ဘန်ဆိုလစ်ယိုက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။“၁၂ နာရီ မိနစ် ၅၀ လောက်မှာ ဟာကျူလီလေယာဉ်က လေယာဉ်ပုံသဏ္ဌာန် အရိပ်တစ်ခုလို အရာဝတ္ထုကို ပင်လယ်ကြမ်းပြင်အောက်မှာ တွေ့ခဲ့ပါတယ်” ဟု သူက ပြောကြားခဲ့သည်။ ယင်းအရိပ်နှင့် အပျက်အစီး အပိုင်းအစများ ရှာဖွေတွေ့ရှိသော နေရာကို အာရုံစိုက် ရှာဖွေနေကြောင်း ဆိုလစ်ယိုက ပြောကြားခဲ့သည်။ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွင် ပါဝင်နေသည့် အရာအားလုံးကို ယင်းနေရာသို့ ပြောင်းရွှေ့သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ပျောက်ဆုံးနေသော အဲအေးရှားလေယာဉ်ကို ဝေဟင်မှရှာဖွေမှု လုပ်ငန်းစဉ်တွင် အရေးပေါ်လျှော၊ လေယာဉ်တံခါးနှင့် ဆင်တူသော အရာဝတ္ထုများကို ပင်လယ်တွင်း၌ တွေ့ရှိခဲ့ကြောင်း အင်ဒိုနီးရှား တာဝန်ရှိသူများက ဒီဇင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။ အသက်ကယ်ဖောင်၊ အသက်ကယ်အင်္ကျီတို့နှင့် ဆင်တူသော အရာဝတ္ထုများနှင့် လိမ္မော်ရောင် ပြွန်ချောင်းအရှည်များကို တွေ့ခဲ့ရကြောင်း လေယာဉ်ပျောက်ရှာဖွေနေသော လေယာဉ်ခရီးစဉ်တွင် လိုက်ပါသွားသော အေအက်ဖ်ပီ ဓာတ်ပုံဆရာက ရိုက်ကူးခဲ့သည်။“တွေ့တဲ့နေရာက လေယာဉ်ကို ရေဒါက နောက်ဆုံးဖမ်းမိတဲ့ နေရာနဲ့ ခြောက်မိုင်လောက်မှာပါ” ဟု အင်ဒိုနီးရှားလေတပ်မှ အာဂူဝီပူထရန်တိုက ပြောကြားခဲ့သည်။ဂျာဗားပင်လယ်မှ ဆယ်ယူရရှိခဲ့သော ပစ္စည်းများကို အင်ဒိုနီးရှား တာဝန်ရှိသူများ ပြသနေစဉ် (Photo:AFP)
လေယာဉ်တံခါး၊ အရေးပေါ်လျှောနှင့် တူသည့်အရာဝတ္ထုများ၊ သေတ္တာပုံသဏ္ဌာန် စတုရန်းပုံ အရာဝတ္ထုတစ်ခုတို့ကို ရိုက်ကူးထားသည့် ဓာတ်ပုံ ၁၀ ပုံကို ပူထရန်တိုက ပြသခဲ့သည်။လေကြောင်းမှ ရှာဖွေတွေ့ရှိခဲ့သည့် အပျက်အစီး အပိုင်းအစများသည် အဲအေးရှား လေယာဉ်ခရီးစဉ် QZ8501 မှ ဖြစ်ကြောင်း အင်ဒိုနီးရှား လေကြောင်းညွှန်ကြားရေးမှူး ဂျိုကိုမာဂျက်မိုဂျိုက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။“အခု လောလောဆယ်တော့ ဒီအပျက်အစီးတွေဟာ အဲအေးရှား လေယာဉ်က ဆိုတာကို အတည်ပြုနိုင်ပါတယ်။ သယ်ယူပို့ဆောင်ရေးဝန်ကြီးက ပန်ကာလန်ဘန်ကို သွားပါတော့မယ်” ဟု ၎င်းက ပြောကြားခဲ့သည်။“ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းက စောင့်ကြည့်မှုတွေအရ ခရီးသည်လေယာဉ်တံခါး၊ ကုန်တင်လေယာဉ်တံခါးလိုမျိုး အရာဝတ္ထုတွေကို တွေ့ထားပါတယ်။ ပန်ကာလန်ဘန် အနောက်တောင်ဘက် မိုင် ၁၀၀ အကွာလောက်က ပင်လယ်ထဲမှာပါ” ဟု ဂျိုကိုမာဂျက်မိုဂျိုက ပြောကြားခဲ့သည်။ ပန်ကာလန်ဘန်မြို့သည် လေယာဉ်ကို နောက်ဆုံးဆက်သွယ် ရရှိခဲ့သည့် နေရာနှင့် အနီးဆုံးရှိသည့် မြို့ဖြစ်သည်။အပျက်အစီးများကို ရှာဖွေတွေ့ရှိမှုများက အဲအေးရှား၏ လေယာဉ်သည် ဘော်နီယိုကျွန်း အနောက်တောင်ဘက် ဂျာဗားပင်လယ်အတွင်း ပျက်ကျခဲ့ကြောင်း ညွှန်ပြနေသည်။ အဲအေးရှား အမှုဆောင်အရာရှိချုပ် တိုနီဖာနန်ဒက်က သူ၏လေကြောင်းလိုင်းတွင် ပထမဆုံး ကြုံတွေ့ခဲ့ရသော ဖြစ်ရပ်ဆိုးအတွက် အလွန်ကြေကွဲဝမ်းနည်းကြောင်း ပြောကြားခဲ့သည်။Ref:AFP

Most Read

Most Recent