ပြိုင်ပွဲဝင် စုစုပေါင်း ၅၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်သော မုတ္တမ မီနီမာရသွန်ပြိုင်ပွဲ ကျင်းပ ၊ အမျိုးသားပြိုင်ပွဲတွင် ထက်အောင်ခိုင်နှင့် အမျိုးသမီးပြိုင်ပွဲတွင် လှလှဦးတို့ ဗိုလ်စွဲ

ပြိုင်ပွဲဝင် စုစုပေါင်း ၅၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်သော မုတ္တမ မီနီမာရသွန်ပြိုင်ပွဲ ကျင်းပ ၊ အမျိုးသားပြိုင်ပွဲတွင် ထက်အောင်ခိုင်နှင့် အမျိုးသမီးပြိုင်ပွဲတွင် လှလှဦးတို့ ဗိုလ်စွဲ
Published 29 December 2014

မုတ္တမ မီနီမာရသွန်ပြိုင်ပွဲကို ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ဝေဇယန္တာလမ်း၌ ကျင်းပရာ အမျိုးသားပြိုင်ပွဲတွင် ထက်အောင်ခိုင်နှင့် အမျိုးသမီးပြိုင်ပွဲတွင် လှလှဦးတို့ ဗိုလ်စွဲခဲ့ကြောင်း သိရသည်။ ယင်းပြိုင်ပွဲကို ပြိုင်ပွဲဝင်စုစုပေါင်း ၅ဝဝဝ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသား အားကစားပြိုင်ပွဲရုံ-၁ သုဝဏ္ဏရှေ့မှ စတင်တာထွက်ကာ ဝေဇယန္တာလမ်းအတိုင်း ပြေးပြီး ဂန္ဓမာစူပါမားကတ်ရှေ့မှ ပြန်ကွေ့ကာ တာထွက်သည့်နေရာမှာပင် ပြန်လည်ပန်းဝင်ခဲ့ကြသည်။ပြိုင်ပွဲအပြီးတွင် အမျိုးသားပြိုင်ပွဲ၌  ပထမ-ထက်အောင်ခိုင်၊ ဒုတိယ-ကျော်စိုးဝင်း၊ တတိယ-ကိုကိုနိုင်၊ စတုတ္ထ-ဇော်မင်းလတ်၊ ပဉ္စမ-မင်းဇော်၊ အမျိုးသမီးပြိုင်ပွဲ၌ ပထမ-လှလှဦး၊ ဒုတိယ-တင်စန်းဝင်း၊ တတိယ-မိုးမိုးအေး၊ စတုတ္ထ-ငါးမယ်၊ ပဉ္စမ-သဇင်စိုးတို့က ရရှိခဲ့သည်။ပြိုင်ပွဲတွင် အဆင့် ၁ မှ ၂ဝ အထိရရှိသူများကို ဆုများချီးမြှင့်ခဲ့ပြီး ပထမ-ကျပ် ၁ဝ သိန်း၊ ဒုတိယ - ကျပ် ခုနစ်သိန်း၊ တတိယ-ကျပ် ငါးသိန်း၊ စတုတ္ထ-ကျပ် သုံးသိန်း၊ ပဉ္စမ- ကျပ် နှစ်သိန်း၊ အဆင့်ခြောက်မှ ၁ဝ အထိရရှိသူများကို ကျပ် တစ်သိန်းစီ၊ အဆင့် ၁၁ မှ ၂ဝ အထိ ရရှိသူများကို ကျပ် ငါးသောင်းစီ ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်သည့် မသန်စွမ်းကစားသမားနှစ်ဦးကိုလည်း အထူးဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့သည်။ ထို့ပြင် သုံးကီလိုမီတာ အပြေးပြိုင်ပွဲကိုလည်း ထည့်သွင်းကျင်းပခဲ့ပြီး အမှတ်တရလက်ဆောင်များ ချီးမြှင့်ခဲ့သည်။ယင်းပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ရန်ပုံငွေအဖြစ် ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲကို တာဝန်ယူကျင်းပသည့် မုတ္တမကုမ္ပဏီမှ ပြိုင်ပွဲဝင်တစ်ဦးလျှင် ကျပ် ငါးထောင်နှုန်းဖြင့် ပြန်လည်လှူဒါန်းပေးခဲ့ပြီး ပြိုင်ပွဲဝင် ၅ဝဝဝ ကျော်ရှိသောကြောင့် ကျပ်သိန်း ၂၅ဝ ကျော် လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent