လူ ၁၆၂ ဦး လိုက်ပါလာသော အဲအေးရှားလေယာဉ်တစ်စင်း အင်ဒိုနီးရှားမှ စင်ကာပူသို့ ပျံသန်းစဉ် ပျောက်ဆုံး

လူ ၁၆၂ ဦး လိုက်ပါလာသော အဲအေးရှားလေယာဉ်တစ်စင်း အင်ဒိုနီးရှားမှ စင်ကာပူသို့ ပျံသန်းစဉ် ပျောက်ဆုံး
Published 29 December 2014
Ref:AFP

လူ ၁၆၂ ဦးလိုက်ပါလာသော အဲအေးရှားလေကြောင်းလိုင်း၏ လေယာဉ်တစ်စင်းသည် ဒီဇင်ဘာ ၂၈ ရက်တွင် ရာသီဥတုဆိုးရွားနေချိန်၌ အင်ဒိုနီးရှားမှ စင်ကာပူသို့ပျံ သန်းနေစဉ် ပျောက်ဆုံးသွားခဲ့ကြောင်း သိရသည်။ ယင်းသည် ယခုနှစ်အတွင်း မလေးရှားလေကြောင်းလိုင်း၏ တတိယမြောက် အကျပ်အတည်းဖြစ်လာခဲ့သည်။Airbus A320-200 လေယာဉ်သည် အရှေ့ဂျာဗား ဆူရာဘာယာရှိဟွမ်ဒါအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဒေသစံတော်ချိန် နံနက် ၅ နာရီ မိနစ် ၂ဝ တွင် ထွက်ခွာခဲ့ပြီးနောက် တစ်နာရီခန့်အကြာ၌ လေကြောင်းထိန်းချုပ်မှု တာဝန်ရှိသူများနှင့် အဆက်အသွယ်ပြတ်တောက်ခဲ့ကြောင်း သိရသည်။ ယင်းလေယာဉ်သည် စင်ကာပူသို့ ဒေသစံတော်ချိန် နံနက် ၈ နာရီခွဲ၌ ဆိုက်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။ဆက်သွယ်မှုမပြတ်တောက်မီ ယင်းလေယာဉ်မှူးများသည် မိုးသက်မုန်တိုင်းကျရောက်မည်ဟု သတ်မှတ်ထားသောဒေသတွင် ရာသီဥတုဆိုးရွားနေ၍ ပျံသန်းရမည့်လမ်းကြောင်းကို  ပြောင်းလဲပျံသန်းရန် ဂျကာတာရှိ လေကြောင်းထိန်းသိမ်းရေးဌာန (ATC) ထံမှ ခွင့်ပြုချက် တောင်းခံခဲ့ကြောင်း အဲအေးရှားက ၎င်း၏ Facebook စာမျက်နှာတွင် ဖော်ပြခဲ့သည်။ ယင်းလေယာဉ်မှူးသည် တိမ်ထုကို ရှောင်လွှဲနိုင်ရန် အမြင့်ပေ ၆ဝဝဝ မှ ပေ ၃၈ဝဝဝ အထိ ပျံတက်ရန် ခွင့်ပြုချက်တောင်းခံခဲ့ကြောင်း အင်ဒိုနီးရှားပို့ဆောင်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ လေယာဉ်ခရီးစဉ်အမှတ် QZ8501 ၌ လိုက်ပါလာသူ ၁၆၂ ဦးအနက် ၁၅၆ ဦးသည် အင်ဒိုနီးရှားများဖြစ်ပြီး တောင်ကိုရီးယား သုံးဦး၊ စင်ကာပူ၊ မလေးရှားနှင့် ပြင်သစ်တို့မှ တစ်ဦးစီပါဝင်ကြောင်း အဲအေးရှားက ထုတ်ပြန်ခဲ့သည်။

ဒီဇင်ဘာ ၂၈ ရက်တွင် ဟွမ်ဒါလေဆိပ်၌ စောင့်ဆိုင်းနေသော ပျောက်ဆုံးလေယာဉ်တွင် လိုက်ပါခဲ့သူများ၏ မိသားစုဝင်များယင်းလေယာဉ်ပေါ်တွင် လေယာဉ်အမှုထမ်းငါးဦး၊ လေယာဉ်မှူးနှင့် ပူးတွဲလေယာဉ်မှူး၊ လူကြီး ၁၃၈ ဦးနှင့် ကလေး ၁၇ ဦးတို့ လိုက်ပါလာကြောင်း သိရသည်။ယင်းလေယာဉ်သွားရောက်မည့် လမ်းကြောင်းတွင်ရှိသော ကာလီမန်တန်ပြည်နယ် ပန်ကာလန်ဘန် အနောက်တောင်ဘက်ရှိ ဂျာဗားပင်လယ်တစ်ဝိုက်တွင် ယင်းပျောက်ဆုံးလေယာဉ်ကိုရှာဖွေရန် အင်ဒိုနီးရှားလေတပ်က လေယာဉ်နှစ်စင်းစီ စေလွှတ်ခဲ့ကြောင်း သိရသည်။ ပျောက်ဆုံးလေယာဉ်ရှာဖွေနိုင်ရေးအတွက် အကူအညီပေးမည်ဟု စင်ကာပူ၊ မလေးရှားနှင့် ဩစတြေးလျတို့က ချက်ချင်းကမ်းလှမ်းခဲ့သည်။ လေယာဉ်ပျောက်ဆုံးမှုသတင်းကို အမေရိကန်သမ္မတ ဘာရက်အိုဘားမားထံ အကျဉ်းချုံးအစီရင်ခံခဲ့ပြီး အခြေအနေကို စောင့်ကြည့်နေကြောင်း အိမ်ဖြူတော်ကလည်း ထုတ်ပြန်ခဲ့သည်။ယခုပျောက်ဆုံးသွားသော လေယာဉ်ကို မလေးရှားအခြေစိုက် အဲအေးရှား၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် အဲအေးရှားအင်ဒိုနီးရှားက ပျံသန်းနေခြင်းဖြစ်သည်။ကျွန်းစုများစွာ ဝိုင်းရံတည်ရှိနေသော အင်ဒိုနီးရှားတွင် ကုန်းလမ်းပို့ဆောင်ရေးအခြေခံအဆောက်အအုံ အားနည်းခြင်းကြောင့် မကြာသေးမီနှစ်များအတွင်း စရိတ်နည်းလေကြောင်းလိုင်း အသုံးပြုစီးနင်းမှု အကြီးအကျယ် မြင့်တက်လာခဲ့သည်။သို့သော် လေကြောင်းလိုင်းများသည် ဘေးကင်းစိတ်ချရမှုစံနှုန်း အလွန်အမင်း နိမ့်ကျနေကြောင်း သိရသည်။ယခုပျောက်ဆုံးသွားသော လေယာဉ်ကို နိုဝင်ဘာ ၁၆ ရက်တွင် ပြုပြင်ထိန်းသိမ်းမှု နောက်ဆုံးအကြိမ် ပြုလုပ်ထားကြောင်း အဲအေးရှားက ထုတ်ပြန်ထားသည်။ အဲအေးရှားသည် လူသေဆုံးမှုရှိသည့် လေယာဉ်မတော်တဆမှု မကြုံရသေးပေ။ လေယာဉ်ပျောက်ဆုံးခဲ့ပြီးနောက် အဲအေးရှားသည် ၎င်း၏ လူမှုမီဒီယာစာမျက်နှာများ၌ အနီတောက်တောက် ကုမ္ပဏီလိုဂိုနေရာတွင် နောက်ခံမီးခိုးရောင်အဖြစ် ပြောင်းလဲခဲ့သည်။ယခုနှစ် မတ်တွင် မလေးရှားလေကြောင်းလိုင်း၏ MH-370 သည် လူ ၂၃၉ ဦးကို တင်ဆောင်၍ ကွာလာလမ်ပူမှ ပေကျင်းသို့ သွားရောက်စဉ် ပျောက်ဆုံးခဲ့ပြီး ယခုအချိန်ထိ မတွေ့ရှိသေးပေ။ ဇူလိုင်တွင်လည်း မလေးရှားလေကြောင်းလိုင်း၏ အခြားလေယာဉ်တစ်စင်းသည် လူ ၂၉၈ ဦး တင်ဆောင်၍ ပျံသန်းလာစဉ် ယူကရိန်းအရှေ့ပိုင်းဝေဟင်၌ ပျက်ကျခဲ့ပြီး မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်ဖြင့် ပစ်ချခံခဲ့ရသည်ဟု ယူဆထားကြသည်။ 

Most Read

Most Recent