၁၉၉၇ ခုနှစ်တွင် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင် ဖြစ်လာခဲ့သော မြန်မာနိုင်ငံသည် ယခင်က အာဏာရှင် စစ်အစိုးရ စနစ်ကြောင့် အလှည့်ကျဥက္ကဋ္ဌ ရာထူးကို စွန့်လွှတ်ခဲ့ရသည်။ သို့သော် ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပခဲ့ပြီးနောက်ပိုင်း ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းလာမှုကို အသိအမှတ်ပြုသည့် အနေဖြင့် ၂၀၁၄ ခုနှစ် အလှည့်ကျအာဆီယံ ဥက္ကဋ္ဌရာထူးကို မြန်မာနိုင်ငံသည် ဘရူနိုင်းနိုင်ငံထံမှ လက်ဆင့်ကမ်း ရယူနိုင်ခဲ့သောကြောင့် Weekly Eleven News ဂျာနယ်က ၂၀၁၄ ခုနှစ်၏ ထင်ရှားကျော်ကြား ဖြစ်ရပ်တစ်ခုအဖြစ် ဖော်ပြလိုက်ပါသည်။ဘရူနိုင်းနိုင်ငံတွင် ကျင်းပသည့် (၂၃) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးတွင် သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံ အနေဖြင့် အာဆီယံ အသိုက်အမြုံ ထူထောင်ရေးအတွက် ကျန်ရှိနေသော လုပ်ငန်းစဉ် ရာခိုင်နှုန်း ၂၀ ကို ၂၀၁၅ ခုနှစ် မတိုင်မီ အပြီးသတ် လုပ်ဆောင်မည်ဖြစ်ကြောင်းနှင့် ၂၀၁၅ ခုနှစ်အလွန် ရည်မှန်းချက် ဖော်ဆောင်နိုင်ရန် လိုအပ်သည့် လုပ်ငန်းစဉ်များကို ချမှတ်သွားမည်ဟု ကတိပြုခဲ့သည်။အာဆီယံ သမိုင်းတစ်လျှောက် အရှည်လျားဆုံး ဆောင်ပုဒ်အဖြစ် “ရှေ့သို့တူညီ တက်လှမ်းချီ ငြိမ်းချမ်းဝေစီ အသိုက်အဝန်းဆီ” ကို ပြဋ္ဌာန်းခဲ့သည်။မြန်မာနိုင်ငံ၏ အာဆီယံဥက္ကဋ္ဌ သက်တမ်းအတွင်း လူ့အခွင့်အရေး ကာကွယ်ရေးနှင့် မြှင့်တင်ရေး၊ သဘာဝဘေးအန္တရာယ်များကို ခံနိုင်ရည်ရှိမှုနှင့် လူသားချင်းစာနာမှုအကူ အညီပေးရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးနှင့် ရာသီဥတု ပြောင်းလဲမှုကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းရေးတို့ကို အရေးကြီး အချက်များအဖြစ် ဆောင်ရွက်ခဲ့သည်။၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ အာဆီယံဥက္ကဋ္ဌရာထူး သက်တမ်းအတွင်း မြန်မာနိုင်ငံ အနေဖြင့် တရုတ်နိုင်ငံနှင့် ရင်းနှီးသော ဆက်ဆံမှုရှိခြင်းကို အသုံးပြုကာ တောင်တရုတ်ပင်လယ် အရေးကို ဖြေရှင်းနိုင်လိမ့်မည်ဟု အာဆီယံနိုင်ငံများက မျှော်လင့်ခဲ့ကြသော်လည်း လက်တွေ့တွင် ထင်သည့်အတိုင်း ဖြစ်မလာခဲ့ပေ။မြန်မာနိုင်ငံ အာဆီယံဥက္ကဋ္ဌဖြစ်ပြီး ပထမဆုံး ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဖိလစ်ပိုင်နိုင်ငံမှ တောင်တရုတ်ပင်လယ် အမြန်ဆုံး ဖြေရှင်းပေးရန် တောင်းဆိုချက်များကို အစည်းအဝေးတွင် သာမက လက်ကမ်းစာစောင်များပါ ဖြန့်ဝေကာ တိုက်တွန်းခဲ့သည်။အလားတူ နေပြည်တော်တွင် ပထမဆုံးကျင်းပသည့် (၂၄) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး ကာလအတွင်း တောင်တရုတ်ပင်လယ်၌ တရုတ်နိုင်ငံမှ ရေနံလာရောက် တူးဖော်ခြင်းကြောင့် စစ်ရေယာဉ်များချကာ တင်းမာမှုများ မြင့်တက်ခဲ့ခြင်းနှင့်အတူ ထိပ်သီးအစည်းအဝေးတွင် ထိုပြဿနာကို ဖြေရှင်းရန် တိုက်တွန်းမှုများ အားကောင်းခဲ့သည်။၂၀၁၅ အလွန် အာဆီယံ ရည်မှန်းချက်များ ချမှတ်ရာတွင် ပိုမိုလွယ်ကူစေရန် နေပြည်တော် ကြေညာစာတမ်းကို ထုတ်ပြန်ခဲ့သည်။သို့သော် မြန်မာနိုင်ငံတွင် အာဆီယံဝန်ကြီးအဆင့် ဆွေးနွေးပွဲများနှင့် အာဆီယံထိပ်သီး ဆွေးနွေးပွဲများ ကျင်းပရာတွင် သတင်းအချက်အလက် ထုတ်ပြန်မှု အားနည်းခြင်း၊ သတင်းရယူရန် ခက်ခဲခြင်းနှင့် အာဆီယံဥက္ကဋ္ဌ သတင်းစာရှင်းလင်းပွဲများတွင် မေးခွန်းများ မေးမြန်းခွင့် မရရှိခြင်းအပေါ် ပြည်တွင်း၊ ပြည်ပ မီဒီယာများ၏ ဝေဖန်မှုများလည်း မြင့်တက်ခဲ့သည်။ကာကွယ်ရေးဦးစီးချုပ်၏ ပထမအကြိမ် သတင်းစာရှင်းလင်းပွဲဖြစ်သည့် အာဆီယံကာကွယ်ရေး ဦးစီးချုပ်များ သတင်းစာရှင်းလင်းပွဲတွင်လည်း အစိုးရပိုင် သတင်းဌာနများနှင့် အစိုးရနှင့် ဆက်စပ်သော သတင်းဌာနကသာ မေးခွန်းများမေးခွင့် ရရှိမှုအပေါ် မကျေနပ်မှုများ ရှိခဲ့သည်။မြန်မာနိုင်ငံ၏ အာဆီယံဥက္ကဋ္ဌ သက်တမ်းအတွင်း အဓိကကျသော လုပ်ဆောင်ချက်မှာ အာဆီယံအသိုက်အမြုံ ဖော်ဆောင်ရေးဖြစ်ကြောင်းနှင့် အာဆီယံဆိုင်ရာ အဖွဲ့အစည်းများကို အဆင့်မြှင့်တင်ခြင်းဖြစ်ကြောင်း အာဆီယံအတွင်းရေးမှူးချုပ် လီလောင်မင်းက မှတ်ချက်ပြုခဲ့သည်။









