အလှမယ်တစ်ဖြစ်လဲ တက်သစ်စ သရုပ်ဆောင် ခင်ဝင့်ဝါ

အလှမယ်တစ်ဖြစ်လဲ တက်သစ်စ သရုပ်ဆောင် ခင်ဝင့်ဝါ
Published 28 December 2014

၂ဝ၁၄ ခုနှစ်အတွင်း ပရိသတ် လက်ခံအားပေးမှုများပြားလာသည့် သရုပ်ဆောင် ခင်ဝင့်ဝါအား ထင်ရှားကျော်ကြားကဏ္ဍ၏ တက်သစ်စအနုပညာရှင်တစ်ဦးအဖြစ် ရွေးချယ်ဖော်ပြအပ်ပါသည်။ ခင်ဝင့်ဝါသည် ၂ဝ၁၃ ခုနှစ်တွင် Miss Supranational ပြိုင်ပွဲကို မြန်မာကိုယ်စားပြုအလှမယ်တစ်ဦးအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ပြီးနောက် ကမ္ဘာ့အလှမယ်ဝက်ဘ်ဆိုက်များက ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ထိပ်တန်း အလှမယ်စာရင်းတွင် ပါဝင်ခဲ့သူဖြစ်သည်။ ခင်ဝင့်ဝါသည် ၂ဝ၁၃ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ကာ သရုပ်ဆောင်လောကအတွင်းသို့ စတင်ဝင်ရောက်ခဲ့ပြီး ၂ဝ၁၄ ခုနှစ်အတွင်းတွင် ဇာတ်ကားအများအပြား လက်ခံရိုက်ကူးခွင့် ရရှိလာသူဖြစ်သည်။ ခင်ဝင့်ဝါ ပါဝင်ထားသည့် ဇာတ်ကားများထွက်ရှိလာချိန်တွင် ပရိသတ်လက်ခံအားပေးမှုကို ပိုမိုရရှိလာသူ ဖြစ်သည်။“ခင်ဝင့်ဝါကို အခုလိုပရိသတ်တွေက အချိန်တိုအတွင်းမှာ လက်ခံအားပေးခဲ့ကြတဲ့အတွက် အရမ်းပျော်ပါတယ်။ ပရိသတ်တွေက လက်ခံပေးကြလို့လည်း ခင်ဝင့်ဝါ အနုပညာလောကအတွင်းမှာ ရပ်တည်ခွင့်ရတာပါ။ သရုပ်ဆောင်တစ်ယောက်အဖြစ် လှုပ်ရှားခွင့်ရတယ်ဆိုပေမယ့် အသစ်တစ်ယောက်ဖြစ်တဲ့အတွက် လိုအပ်ချက်တွေ၊ အားနည်းချက်တွေ အများကြီးရှိပါတယ်။ အဲဒါတွေကိုပြင်ဆင်နိုင်ဖို့ကို ကြိုးစားနေပါတယ်။ ဒီနှစ်ထဲမှာ ရိုက်ခွင့်ရတဲ့ဇာတ်ကားတွေတိုင်းမှာ အကောင်းဆုံးတော့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ဇာတ်ကားတွေ ထွက်လာချိန်မှာ ကိုယ်တိုင်လည်း အားမရတာတွေရှိသလို ပရိသတ်တွေကလည်း အကြံပေးတာတွေသိရတဲ့အတွက် နောက်နှစ်မှာတော့ အဲဒါတွေအားလုံးကို ပြင်ဆင်သွားမှာပါ။ မင်းသမီးတစ်ယောက်ဆိုတာထက် သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားသွားမှာပါ”ဟု သရုပ်ဆောင် ခင်ဝင့်ဝါက ဆိုသည်။ခင်ဝင့်ဝါသည် Miss Golden Land Myanmar Organization နှင့် တစ်နှစ်စာချုပ် ချုပ်ဆိုခဲ့ရပြီး ၂ဝ၁၄ ခုနှစ်အတွင်းတွင် ပြီးဆုံးသွားပြီဖြစ်ကာ လက်ရှိအချိန်တွင် အနုပညာလုပ်ငန်းများအား လွတ်လပ်စွာလုပ်ကိုင်နေပြီ ဖြစ်ကြောင်း သိရသည်။ ခင်ဝင့်ဝါသည် ၂ဝ၁၄ ခုနှစ် အတွင်း ရုပ်ရှင်ကားကြီးနှစ်ကားတွင်လည်း ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့ပြီး ဗီဒီယိုဇာတ်ကား အများအပြားနှင့် ကြော်ငြာများကို လက်ခံရိုက်ကူးထားသည်။ လက်ရှိအချိန်တွင် ခင်ဝင့်ဝါသည် ဗီဒီယိုဇာတ်ကားနှင့် ကြော်ငြာများ ဆက်တိုက်ရိုက်ကူးနေပြီး ရုပ်ရှင်ကားကြီး ထပ်မံရိုက်ကူးရန်အတွက် ကမ်းလှမ်းခံထားရကြောင်း သိရသည်။ 

Most Read

Most Recent