၂ဝ၁၄ ခုနှစ်အတွင်း လူငယ်ကြိုက်ဇာတ်ကောင်စရိုက်များ၊ ဇာတ်ကားအလိုက် ထူးခြားသည့် ဖက်ရှင်အပြင်ဆင်များနှင့်အတူ ပရိသတ်အားပေးမှု အများပြားကို သိမ်းပိုက်နိုင်ခဲ့သူ သရုပ်ဆောင် အောင်ရဲလင်းကို ၂ဝ၁၄ ခုနှစ်အတွင်း အောင်မြင်မှုအရှိဆုံး အမျိုးသားသရုပ်ဆောင်တစ်ဦးအဖြစ် Weekly Eleven News Journal ၏ ၂ဝ၁၄ ခုနှစ်ထင်ရှားကျော်ကြားကဏ္ဍတွင် ရွေးချယ်ဖော်ပြအပ်ပါသည်။“၂ဝ၁၄ ခုနှစ်အတွင်းမှာ ဇာတ်ကားတစ်ကားချင်းစီအလိုက် ဆံပင်ကအစ ဝတ်စားဆင်ယင်မှုအားလုံးကို သေချာကြိုးစားပြင်ဆင်ခဲ့သလို သရုပ်ဆောင်ပိုင်းအတွက်လည်း သေချာကြိုးစားတယ်။ အခုနောက်ပိုင်းမှာ ပရိသတ်တွေကလည်း အမြင်ပိုကျယ်လာတော့ ဇာတ်ကောင်စရိုက် တစ်ခုချင်းစီကိုလိုက်ပြီး ပြင်ဆင်မှုပိုင်းကိုပါ လိုက်ဖက်အောင်ပြင်ဆင်ဖြစ်တာပါ။ နောက်ပြီး ၂ဝ၁၄ ခုနှစ်အတွင်း ဟာသဇာတ်တွေလျှော့ပြီး အချစ်၊ ဒရမ်မာ နဲ့ လျှို့ဝှက်သည်းဖိုဇာတ်ကားတွေကို အဓိကထားပြီး ရိုက်ခဲ့တယ်။ကျွန်တော့်ရဲ့ကြိုးစားမှုကိုအသိအမှတ်ပြုပြီး အားပေးတဲ့အတွက်လည်း ပရိသတ်တွေကို ကျေးဇူးအများကြီးတင်ပါတယ်။ ၂ဝ၁၅ ခုနှစ်အတွင်းမှာလည်း ၂ဝ၁၄ ခုနှစ်တုန်းကနဲ့မတူတဲ့ အောင်ရဲလင်းကို ပရိသတ်တွေ တွေ့ရမှာပါ။ ဆံပင်ဒီဇိုင်း၊ ဖက်ရှင်အပြင်အဆင်တွေကစပြီး ဇာတ်ကောင်စရိုက်တိုင်းအတွက် သေချာကြိုးစားသွားမှာပါ။ ဇာတ်ကားရိုက်ကူးမှုတွေကိုလည်း သေချာစီစဉ်ပြီး သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ ဆက်ကြိုးစားသွားမှာပါ” ဟု အောင်ရဲလင်းက ဆိုသည်။အောင်ရဲလင်းသည် ၂ဝဝ၄ ခုနှစ်တွင် Stars & Models Agency မှ တစ်ဆင့် ရှိုးပွဲများတွင် ပါဝင်ခဲ့ပြီးနောက် တေးစီးရီး VCD ကာရာအိုကေများ ရိုက်ကူးရာမှ သရုပ်ဆောင်လောကသို့ ဝင်ရောက်လာသူဖြစ်သည်။ ၂ဝ၁၄ ခုနှစ်အတွင်း ဗီဒီယိုဇာတ်ကား ၃၆ ကားနှင့် ရုပ်ရှင်ဇာတ်ကားတစ်ကား ရိုက်ကူး ဖြန့်ချိနိုင်ခဲ့သည်။ ယင်းဇာတ်ကားများအနက် Black Love In Bangkok၊ ငါ့ရဲ့နင်၊ ဆူးနစ်နှလုံးသား၊ ပÍ္စရူပ၊ တိမ်တိုက်ကကြိုး စသည့် ဇာတ်ကားများသည် ပရိသတ်အားပေးမှုအများဆုံး ဗီဒီယိုဇာတ်ကားများ ဖြစ်ခဲ့သည်။ ထို့ပြင် ၂ဝ၁၄ အတွင်း ရုံတင်ခဲ့သည့် သက်တံသစ်ရုပ်ရှင်သည်လည်း အောင်မြင်မှုရရှိခဲ့သည်။ အောင်ရဲလင်းသည် ၂ဝ၁၅ ခုနှစ်တွင် လုပ်ကိုင်မည့် အနုပညာလုပ်ငန်းများအတွက် ပြင်ဆင်လျက်ရှိသည်။
ထူးခြားသည့် ဖက်ရှင်ပြင်ဆင်မှုများနှင့်အတူ ပရိသတ်အားပေးမှုများခဲ့သည့် ဗီဒီယိုဇာတ်ကားများ ရိုက်ကူးနိုင်ခဲ့သော အောင်ရဲလင်း