ပြည်သူလူထု လှောင်ပြောင်ခဲ့သည့် စစ်တမ်းများ

ပြည်သူလူထု လှောင်ပြောင်ခဲ့သည့် စစ်တမ်းများ
Published 28 December 2014
နေထွန်းနိုင်

သမ္မတဦးသိန်းစိန် အစိုးရလက်ထက် နိုင်ငံတကာ မျက်နှာပန်းလှစေရန် စစ်တမ်းများ ကောက်ယူခဲ့ပြီး ၂၀၁၄ ခုနှစ်အတွင်း စစ်တမ်းနှစ်ရပ် ထွက်ပေါ်ခဲ့ကာ ထိုစစ်တမ်းနှစ်ရပ်လုံးက ပြည်သူလူထု လှောင်ပြောင်စရာ ဖြစ်ခဲ့ရခြင်းကလည်း၂၀၁၄ ခုနှစ်၏ ထင်ရှားသော အဖြစ်အပျက် တစ်ခုအဖြစ် Weekly  Eleven News ဂျာနယ်က ဖော်ပြလိုက်ပါသည်။အဆိုပါစစ်တမ်း နှစ်ခုအနက် ပထမဆုံး စစ်တမ်းမှာ IRI စစ်တမ်းဖြစ်ပြီး၂၀၁၄ ခုနှစ် ဧပြီ ၃ ရက်က ထွက်ရှိခဲ့သည်။ IRI စစ်တမ်းကို အမေရိကန်အစိုးရ ကျောထောက်နောက်ခံပြု International Republican Institute (IRI) က ကောက်ယူခဲ့ပြီး USAID က ငွေကြေးထောက်ပံ့ခဲ့သည်။စာမျက်နှာ ၃၄ မျက်နှာပါဝင်သော IRI စစ်တမ်းသည် လူဦးရေ ၃၀၀၀ ၏ သဘောထားဆန္ဒကို မေးမြန်းရယူပြီး မြန်မာနိုင်ငံ၏ သဘောထားအနေဖြင့် ဖော်ပြခဲ့ခြင်း ဖြစ်သည်။ စစ်တမ်းဖြေဆိုသူများ၏ ၈၈ ရာခိုင်နှုန်းက မြန်မာနိုင်ငံသည် လမ်းကြောင်းမှန် ပေါ်ရောက်နေပြီဟု ဆိုသည်။ လမ်း၊ တံတားဖောက်လုပ်ပေးမှုကြောင့် လမ်းကြောင်းမှန်ပေါ် ရောက်သည်ဟု အများစုက ဆိုသည်။ စီးပွားရေး ကောင်းလာကြောင်း ၈၅ ရာခိုင်နှုန်းက ဖြေဆိုခဲ့ပြီး ၉၁ ရာခိုင်နှုန်းက သမ္မတဦးသိန်းစိန်၏ လုပ်ဆောင်မှုများ မှန်ကန်သည်ဟု ဆိုခဲ့သည်။စစ်တမ်း၏ နောက်ဆုံးထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ခြင်း မရှိသော်လည်း ဖြေဆိုသူအားလုံးက ဒေါ်အောင်ဆန်းစုကြည်ထက် ဦးသိန်းစိန်ကို နှစ်သက်သည်ဟု ပြောခဲ့ကြသည်။ ဖြေဆိုသူ ထက်ဝက်ခန့်က အစိုးရအဖွဲ့အတွင်း အဂတိလိုက်စားမှု မရှိကြောင်း ဖြေဆိုခဲ့ပြီး အစိုးရ၏ လုပ်ဆောင်ချက်များအနက် အစိုးရ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆောင်ရွက်ချက်အပေါ် ကျေနပ်ကြောင်း အများစုက ဖြေဆိုခဲ့သည်။ အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများအနက် လူထုက တပ်မတော်ကို သဘောအကျဆုံးဖြစ်ကြောင်း အချက်လည်း ပါဝင်ခဲ့သည်။ဒုတိယ ထွက်ရှိလာသော စစ်တမ်းကို The Asia Foundation က ကောက်ယူခဲ့ပြီး သြစတြေးလျ အစိုးရ၏ နိုင်ငံတကာရေးရာနှင့် ကုန်သွယ်မှုဌာနက ငွေထုတ်ပေးခဲ့သည်။ စစ်တမ်းအတွက် ပြန်ကြားရေးဝန်ကြီးဌာနကို ကျေးဇူးတင်ကြောင်းပြောခဲ့ပြီး စာမျက်နှာ ၁၂၆ မျက်နှာ ပါဝင်ခဲ့သည်။ လူဦးရေ ၃၀၀၀ ကိုပင် မေးမြန်းခဲ့ခြင်းဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအရ ပထမဆုံးစစ်တမ်းဟု ကြွေးကြော်ခဲ့သည်။TAF စစ်တမ်း ဖြေဆိုသူအားလုံး၏ ၈၂ ရာခိုင်နှုန်းမှာ အစိုးရဝန်ကြီးဌာန အမည်များကို သဲသဲကွဲကွဲမသိဘဲ နိုင်ငံရေးစိတ်ဝင်စားသူ အရေအတွက်လည်း အလွန်နည်းပါးခဲ့သည်။ သို့သော် ဖြေဆိုသူ အများစုက ၂၀၁၅ ရွေးကောက်ပွဲအပေါ် အကောင်းမြင်ပြီး ရွေးကောက်ပွဲကြောင့် အနာဂတ်ကောင်းမွန်မည်ဟု ၇၇ ရာခိုင်နှုန်းက ဖြေဆိုခဲ့သည်။ ၆၈ ရာခိုင်နှုန်းက ရွေးကောက်ပွဲ သန့်ရှင်းမျှတမည်ဟု ယုံကြည်ကြောင်း ပြောခဲ့သည်။ဖြေဆိုသူ အားလုံး၏ ၆၂ ရာခိုင်နှုန်းက မြန်မာနိုင်ငံ အနေဖြင့် လမ်းကြောင်းမှန်ပေါ် ရောက်နေကြောင်း ပြောခဲ့ပြီး လမ်းဖောက်၊ တံတားဆောက်ပေးသဖြင့်ဟု လမ်းကြောင်းမှန်ပေါ် ရောက်နေသည်ဟု အများစုက ဖြေဆိုခဲ့သည်။ လွှတ်တော်တွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အချို့ ရောက်ရှိဆွေးနွေးနေသော်လည်း ဖြေဆိုသူရာ ခိုင်နှုန်း ၇၀ က သုံးနှစ်တာ ကာလအတွင်း ၎င်းတို့၏ နိုင်ငံရေးအပေါ် အာရုံစိုက်မှု မပြောင်းလဲကြောင်း ဖြေဆိုခဲ့ကြသည်။ သတင်းအချက်အလက် ရယူမှုများတွင် အစိုးရက ထုတ်လွှင့်သော မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ မြန်မာ့အသံ ရေဒီယိုတို့ကိုသာ အများဆုံး အသုံးပြုသည်ဟု ဖြေဆိုခဲ့ကြပြန်သည်။အသေးစိတ်စစ်တမ်း ရလဒ်များတွင်ပါ အကြီးအကျယ် လွဲချော်ခဲ့သော စစ်တမ်းနှစ်ရပ်လုံးကို မြန်မာနိုင်ငံက ကွင်းဆင်းရယူပေးသော အဖွဲ့အဖြစ် Myanmar Survey Research ကို အသုံးပြုခဲ့ခြင်းက ထူးခြားချက် ဖြစ်နေသည်။စစ်တမ်းကို ဝေဖန်ကြရာ၌ သာမန်အမြင်ဖြင့် ကြည့်ရှုခြင်း (Common Sense)၊ ပညာရပ်ပိုင်းဆိုင်ရာ အမြင်ဖြင့် ကြည့်ရှုခြင်း (Methodologies) နည်းနှစ်နည်းစလုံးနှင့်ပါ လွဲချော်ခဲ့ပြီး ကြိုတင်ရလိုသော ရလဒ်တစ်ခုအတွက် စစ်တမ်းကောက်ယူပြီး သက်သေပြရန် ကြိုးပမ်းခြင်းသာဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။ 

Most Read

Most Recent