အလွန်ကြီးမားသော ပေကျင်းလေဆိပ်သစ်ကြီး စတင်တည်ဆောက်

အလွန်ကြီးမားသော ပေကျင်းလေဆိပ်သစ်ကြီး စတင်တည်ဆောက်
Published 26 December 2014

တရုတ်နိုင်ငံသို့ အဝင်အထွက် ခရီးသွားလာမှုများ အလွန်များပြားလာသောကြောင့် တရုတ်နိုင်ငံသည် လက်ရှိလေဆိပ်ကို တိုးချဲ့ရန် လိုအပ်လာရာ အလွန်ကြီးမားသည့် နိုင်ငံတကာ လေဆိပ်သစ်ကို ပေကျင်းမြို့၌ ဒီဇင်ဘာ ၂၆ ရက်တွင် စတင်တည်ဆောက်လျက်ရှိကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာများက ဖော်ပြသည်။လက်ရှိ ပေကျင်း နိုင်ငံတကာလေဆိပ်သည် ကမ္ဘာပေါ်တွင် ဒုတိယမြောက် ခရီးသွားလာမှုအများဆုံး လေဆိပ် ဖြစ်သော်လည်း ကြန့်ကြာမှုအများဆုံး လေဆိပ်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် အစီရင်ခံစာ တစ်ရပ်အရ သိရသည်။ ပေကျင်းလေဆိပ်တွင် ရာခိုင်နှုန်း ၂၀ ထက် ပို၍နည်းသော လေကြောင်းခရီးစဉ်များသာ စီစဉ်ထားသည့်အတိုင်း အမှန်တကယ် ထွက်ခွာနိုင်သည်ဟု ဆိုသည်။လေ့လာချက်များအရ ပေကျင်းမှထွက်ခွာသည့် လေကြောင်းခရီးစဉ်များ၏ ၄၂ ရာခိုင်နှုန်းခန့်သည် ၄၅ မိနစ် သို့မဟုတ် ယင်းထက်ပိုကြာပြီးမှ ထွက်ခွာနိုင်ကြောင်း သိရသည်။ ယခုလက်ရှိ လေဆိပ်သည် အကန့်အသတ်များ ရှိနေသောကြောင့် နေ့စဉ်ပိုမိုလိုအပ်သော လေကြောင်းခရီးစဉ်ပေါင်း ၃၀၀ နှင့် ခရီးသည်ပေါင်း ၁၀ သန်းခန့်ကို ကိုင်တွယ်နိုင်ခြင်းမရှိဟု သက်ဆိုင်ရာအာဏာပိုင်များက ပြောကြားခဲ့သည်။ယခု လေဆိပ်အသစ်သည် ပေကျင်းမြို့တောင်ပိုင်းတွင်ရှိပြီး ၂၀၂၅ ခုနှစ်သို့အရောက်တွင် နှစ်စဉ် ခရီးသည်ပေါင်း ၇၂ သန်းကို ကိုင်တွယ်နိုင်ရန်အတွက် ဒီဇိုင်းရေးဆွဲထားကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။ လေဆိပ်တည်ဆောက်မှု လုပ်ငန်းသည် ယွမ်ငွေ ဘီလျံ ၈၀ (အမေရိကန်ဒေါ်လာ ၁၃ ဘီလျံ) ကုန်ကျလိမ့်မည်ဟု ခန့်မှန်းထားပြီး ငါးနှစ်အတွင်း အပြီးတည်ဆောက်မည်ဟု ဆိုသည်။ အဆိုပါ လေဆိပ်သည် နှစ်စဉ် လေကြောင်းခရီးစဉ်ပေါင်း ၆၂၀,၀၀၀ ကို ကိုင်တွယ်နိုင်လိမ့်မည်ဟု ဆိုသည်။ဂျက်လေယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သော Air Bus က ၂၀၂၃ ခုနှစ်တွင် ခရီးသည် အရေအတွက်အရ ကမ္ဘာ့အကြီးဆုံး ပြည်တွင်းလေကြောင်း ခရီးစဉ်ဈေးကွက်အဖြစ် တရုတ်သည် အမေရိကန်ကို ကျော်လွန်သွားလိမ့်မည်ဖြစ်ကြောင်း ယခုလအတွင်း ပြောကြားခဲ့သည်။ ပေကျင်းတွင် မြို့တောင်ပိုင်း၌ ပိုမိုသေးငယ်သော အခြားခရီးသည် ပို့ဆောင်ရေး လေဆိပ်တစ်ခုလည်း ရှိသေးပြီး တရုတ်၏ ထိပ်တန်းစီးပွားရေးစီမံချက် အေဂျင်စီဖြစ်သော NDRC က ယခုလေဆိပ်သစ် စီမံကိန်းကို ယခုလအတွင်း အတည်ပြုခဲ့ခြင်း ဖြစ်သည်။Ref:AFP

Most Read

Most Recent