မကောင်းတဲ့အတွေးတွေ ဖယ်ရှားပစ်နိုင်ကြစေဖို့

မကောင်းတဲ့အတွေးတွေ ဖယ်ရှားပစ်နိုင်ကြစေဖို့
Published 25 December 2014
ဦးငွေသိန်း (ကုမ္ပဏီလမ်းညွှန်)

Everything starts from ideas လို့ဆိုတယ်။ အရာရာတိုင်းရဲ့အစ စိတ်ကူးတွေကဆိုတာဖြစ်တယ်။ အတွေးကောင်း စိတ်ကူးကောင်းတွေကနေ ကောင်းတဲ့တီထွင်မှု၊ ထုတ်လုပ်မှု၊ ရုပ်လုံးဖော်မှုတွေ ဖြစ်လာတယ်။ မကောင်းတဲ့အတွေးတွေကနေတော့ မကောင်းတဲ့ ရုပ်လုံးဖော်မှုတွေ ဖြစ်ထွန်းပေါ်ပေါက်လာစေမှာ ဖြစ်တယ်။ ဒီကနေ့ ၂၁ ရာစုမှာတော့ မကောင်းတဲ့အတွေးတွေ ဖယ်ရှားပစ်ကြရတော့မှာ ဖြစ်တယ်။ အကြောင်းက ၂၁ ရာစု ရဲ့ဆောင်ပုဒ်က-What you have done for the benefits of others ဆိုတာဖြစ်နေလို့ရယ်၊ ကမ္ဘာကြီးက ရွာလေးတစ်ရွာလိုဖြစ်လာလို့ရယ်၊ တစ်ဦးတည်း တစ်ဖွဲ့တည်း တစ်နိုင်ငံတည်း ထီးထီးနေလို့မှ မရတာတွေကြောင့် ဖြစ်ပါတယ်။ အလုပ်တစ်ခုလုပ်မယ် စိတ်ကူးကြံစည်တိုင်းမှာ သူ့အတွက်လည်းအကျိူးရှိ ကိုယ့်အတွက်လည်း အကျိူးရှိ၊ သူ့အဖွဲ့အစည်းလည်း အကျိုးရှိ ကိုယ့်အဖွဲ့စည်းလည်း အကျိူးရှိ၊ ကိုယ့်နိုင်ငံလည်း အကျိုးရှိသူများ နိုင်ငံလည်းအကျိုးရှိဆိုတဲ့ နှစ်ဖက်အမြင်ထားရှိ လုပ်ဆောင်ကြရမှာဖြစ်တယ်။ ဖယ်ရှားပစ်ကြရမယ့် မကောင်းတဲ့အတွေးတွေက-(၁) အစားအစာတွေမှာ စားသုံးသူတွေ ဘေးဖြစ်စေမယ့်အရာတွေ ထည့်သွင်းမှုအရောင်းမှာ Golden Rule of Selling လို့ဆိုတဲ့ ရွှေဥပဒေသတစ်ခု ရှိပါတယ်။ သင်က ထုတ်ကုန်ပစ္စည်းတစ်ခုကို ရောင်းမယ်ဆိုရင် သင်ကိုယ်တိုင် ဝယ်သူနေရာမှာနေပြီးမှ ရောင်းပါဆိုတာဖြစ်တယ်။ အရည်အသွေး မကောင်း၊ စားသုံးသူတွေကို ဘေးအန္တရာယ်ဖြစ်စေမယ့် ဆိုးဆေးဓာတုပစ္စည်းတွေ အပါအဝင် မထည့်သင့်တဲ့ပစ္စည်းတွေ ထည့်မယ်ဆိုရင် မိမိကိုယ်တိုင် အဲဒီပစ္စည်းကို အရင်ဦးစွာ စားသုံးသူဖြစ်ခဲ့ရင် ဘယ်လိုခံစားရမလဲဆိုတာ ကြိုတင်စဉ်းစားတွေးကြည့်ရမှာ ဖြစ်တယ်။ဟိုတစ်ခါက တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံအတွင်းကိုသွင်းတဲ့ ကလေးနို့မှုန့်တွေမှာ ကလေးတွေကို အန္တရာယ်ဖြစ်စေမဲ့ မယ်လမင်းတွေ ထည့်တာတွေရတယ်လို့ဆိုတယ်။ မိမိနိုင်ငံကို အဲဒီလိုနိုင်ငံတကာက ထုတ်ကုန်ပစ္စည်းတွေဝ င်လာရင် ISO 9000 လိုအရည်အသွေးကောင်းမွန်တဲ့ အသိအမှတ်ပြု လက်မှတ်တွေရရှိထားပြီး ဟုတ် မဟုတ်စစ်ဆေးဖို့ လိုအပ်တယ်။ မိမိနိုင်ငံကနေ အခြားနိုင်ငံကို တင်ပို့မယ့်ထုတ်ကုန်ပစ္စည်းတွေကိုလည်း အလားတူ အရည်အသွေးအသိအမှတ်ပြု လက်မှတ်တွေ ပါရှိစေရမှာဖြစ်တယ်။ မိမိလက်က လွတ်သွားရင်ပြီးရောဆိုတဲ့ မကောင်းတဲ့စိတ်ဓာတ်၊ ဘယ်သူသေသေ ပြီးရောဆိုတဲ့စိတ်ဓာတ်တွေ ဖယ်ရှားပစ်ရမှာဖြစ်တယ်။(၂) လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းစေနိုင်မှုဘာသာရေးဆိုင်ရာ အညွှန်းစကားတစ်ခုက လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းဝေးကြပါစေဆိုတာ ဖြစ်တယ်။ ဟိုယခင်က ငွေကြေးဆိုင်ရာဝန်ဆောင်မှုတွေနဲ့ လူတွေကို လှည့်ပတ်ခဲ့ကြတယ်။ မက်လုံးတွေပေးပြီး လှည့်ပတ်ခဲ့ကြတာ ဖြစ်တယ်။လူတွေက လောဘသမားဖြစ်တယ်ဆိုတဲ့ အားနည်းချက်ကိုကိုင်ပြီး တစ်လကို ၇ ရာခိုင်နှုန်းနဲ့ တစ်နှစ်ကို ၈ဝ ရာခိုင်နှုန်း အတိုးပေးမယ်ဆိုပြီး လှည့်လည်လုပ်ဆောင်ခဲ့ကြတယ်။ လူအတော်များများ ငွေကြေးဆုံးရှုံးမှုတွေ ဖြစ်ခဲ့ကြရတယ်။အခုလည်း မကြာမီပေါ်ထွန်းလာဖို့ မျှော်မှန်းထားတဲ့ ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်မှာ အများပိုင်ကုမ္ပဏီတွေ တည်ထောင် အဲဒီအများပိုင်ကုမ္ပဏီ တည်ထောင်ရာမှာ အစုရှယ်ယာတွေကို ဖိတ်ခေါ်တာက ဟိုယခင်က ပုံစံမျိုးချိုးပြီး မက်လုံးပေးခေါ်နေတဲ့ အများပိုင်ကုမ္ပဏီတစ်ခုရဲ့ လက်ကမ်းကြော်ငြာတစ်ခုမှာ တွေ့လိုက်ရတာက ၂ဝ၁၄ ကနေ ၂ဝ၁၆ အတွင်းမှာ အမြတ်ငွေ ဘယ်လောက်ထုတ်ပေးမယ်။ ၂ဝ၁၇ ကျော်ရင် ဘယ်လိုအမြတ်ရာခိုင်နှုန်းတွေပေးမယ်ဆိုတဲ့ မက်လုံးနဲ့ ရှယ်ယာတွေခေါ်နေတာ တွေ့ရတယ်။ စာရေးသူလည်း အမြဲတမ်း သတိပေးဆောင်းပါးတွေ ရေးပေးနေတယ်။ ငါးစာကိုသာမမြင်ဘဲ ငါးစာအတွင်းမှာမြှပ်ထားတဲ့ ငါးမျှားချိတ်ကိုလည်း မြင်အောင်ကြည့်ပါဆိုတာဖြစ်တယ်။(၃) အာဏာအတွေးနဲ့ မာယာအတွေးတွေ ပေါ်ပေါက်စေမှုအာဏာနဲ့ငွေက လူတွေရဲ့အဆိုးရွားဆုံးရန်သူ ဖြစ်တယ်ဆိုတာ ရှေးလူကြီးတွေကိုယ်တိုင် ဆိုမိန့်ခဲ့တယ်။ စစ်တပ်ဆိုတာ မိမိနိုင်ငံကို ကာကွယ်ဖို့သာဖြစ်တယ်။ မိမိလူမျိုးကို ကာကွယ်စောင့်ရှောက်ဖို့သာ ဖြစ်ပါတယ်။ နိုင်ငံသားတွေအားလုံးက တစ်အူတုံ့ဆင်း အမိနိုင်ငံရဲ့သားတွေ ဖြစ်ပါတယ်။ စစ်တပ်ကတော့ စစ်သားတွေအချင်းချင်း လက်နက်ကိုင်ဆောင်ထားသူအချင်းချင်းမှာ လက်နက်နဲ့ အနိုင်ကျင့်တာတွေမဖြစ်ဖို့ အဆင့်ဆင့်အမိန့်နာခံတတ်စေဖို့ စည်းကမ်းမှာ တစ်သွေး တစ်သံ တစ်မိန့်ဆိုတာ ပြဠာန်းထားတယ်။ သို့ပေမဲ့ အဲဒီစကားကို အများပြည်သူစီမံခန့်ခွဲမှုလုပ်ငန်းတွေမှာ အသုံးပြုလာတဲ့အခါမှာတော့ လွဲမှားသွားတာဖြစ်လို့ အကန့်လိုက်ထားရှိကြရမှာ ဖြစ်ပါတယ်။ တစ်ခါမာယာဆိုတာကလည်း လှည့်ဖြားတဲ့သဘောရှိတာကြောင့် မာယာနဲ့ပလီပလာလုပ်မှုအတွေးတွေကိုလည်း ပယ်ဖျောက်ပစ်ကြရမှာ ဖြစ်တယ်။ မိမိနိုင်ငံသားတွေအချင်းချင်းလည်း လက်နက်တွေနဲ့ အနိုင်ကျင့်သတ်ဖြတ်တာတွေ လုပ်မယ်ဆိုတဲ့ အတွေးတွေကိုလည်း ပယ်ဖျောက်ပစ်ကြရမှာ ဖြစ်တယ်။(၄) စားပွဲဝိုင်းမထိုင်လိုတဲ့အတွေးတွေ ဖယ်ရှားပစ်ကြရမယ်စားပွဲဝိုင်းထိုင်ပြီး ဆွေးနွေးညှိနှိုင်းမှု Table Talk ကပေါ်ပေါက်လာတဲ့ အငြင်းအခုံဖြစ်တဲ့ ဝိရောဓိတွေကို ဖယ်ရှားနိုင်စေမဲ့ နည်းလမ်းဖြစ်တယ်။ အတိတ်ကာလက နိုင်ငံတစ်နိုင်ငံ ကုန်သွယ်မှုတွေပြုလုပ်ကြရာမှာ တစ်နိုင်ငံက ထုတ်ကုန်ကို ဝယ်ယူမယ့်နိုင်ငံက သူ့ နိုင်ငံရဲ့အရည်အသွေး စံချိန်စံညွှန်းတိုင်းတာခဲ့ကြရာမှာ ဝိရောဓိတွေဖြစ်လာတဲ့အတွက် နောက်ပိုင်းမှာနိုင်ငံပေါင်း ၆ဝ က အဲဒီဝိရောဓိကိုဖြေရှင်းနိုင်စေဖို့ စားပွဲဝိုင်းထိုင် ဆွေးနွေးအဖြေရှာကြရာမှာ နိုင်ငံတွေရဲ့ထုတ်ကုန်အရည်အသွေး စံချိန်စံညွှန်းတွေမှာ အကောင်းဆုံးဖြစ်တဲ့ ဗြိတိသျှအင်္ဂလိပ်ရဲ့ BS 5750 ဤနိုင်ငံတကာစံချိန်စံညွှန်းအဖြစ် အများသဘောတူဆုံးဖြတ်လိုက်ရာမှာ ISO 9000 ဆိုတဲ့ နိုင်ငံတကာလက်ခံတဲ့ စံချိန်စံညွှန်း ပေါ်ပေါက်လာခဲ့တယ်။ အလားတူစာရေးသူတို့ နိုင်ငံမှာဖြစ်ပေါ်နေတဲ့ မိမိနိုင်ငံသားအချင်းချင်းဖြစ်ပေါ်နေတဲ့ ဝိရောဓိတွေကိုလည်း စားပွဲဝိုင်းထိုင်ပြီးဖြေရှင်းလိုက်ရင် တူညီတဲ့အဖြေတစ်ခု ရလာစေမှာဖြစ်ပါတယ်။ နိုင်ငံသားတွေအများစုရဲ့ စိတ်ထဲမှာရှိတာက မိမိတို့နိုင်ငံမှာ သဘာဝကနေပေးထားတဲ့ မြေပေါ် မြေအောက်သယံဇာတတွေ အလျှံပယ်ရှိနေပါလျက် ဘာကြောင့်အဆင်းရဲဆုံးနိုင်ငံ အောက်တန်းနောက်တန်းအကျဆုံးနိုင်ငံဖြစ်နေရတာလဲဆိုတာကို မချိတင်ကဲဖြစ်နေ ခံစားနေကြရတယ်။ စားပွဲဝိုင်းထိုင်အဖြေရှာပြီး မိမိနိုင်ငံတိုးတက်စေဖို့ မိမိနိုင်ငံသားတွေဘဝ အရည်အသွေးတိုးတက်လာစေဖို့ အတွေးတွေသာ ရှိစေရမှာဖြစ်ပြီး မကောင်းတဲ့အတွေးတွေဖြစ်တဲ့ ငါလှေငါထိုး ပဲခူးရောက်ရောက်၊ ငါ့မြင်း ငါစိုင်း စစ်ကိုင်းရောက်ရောက်ဆိုတဲ့ အတ္တဆန်အတွေးတွေ မကောင်းတဲ့အတွေးတွေ ပယ်ဖျောက်ပစ်ဖို့ အချိန်တန်ပါပြီလို့သာ ဆိုချင်ကြောင်းပါ။ 

Most Read

Most Recent