ရယ်မောစရာ ဖန်တီးပေး၍ ကျေးဇူးတင်ပါသည်

ရယ်မောစရာ ဖန်တီးပေး၍ ကျေးဇူးတင်ပါသည်
Published 24 December 2014
တက္ကသိုလ် မိုးဝါ

လွန်ခဲ့သည့် ၂ဝ၁၄ ခု ဧပြီလက မြန်မာနိုင်ငံရှိ အလွှာစုံမှပြည်သူ ၃ဝဝဝ အား တွေ့ဆုံမေးမြန်းထားသော လူထုစစ်တမ်းတစ်စောင်ကို အမေရိကန်နိုင်ငံ ဝါရှင်တန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ ရီပတ်ဘလစ်ကန် အင်စတီကျု (IRI – International Republican Institute) က ထုတ်ပြန်ခဲ့သည်။ ယင်းစစ်တမ်းသည် တကယ့်လက်တွေ့ဘဝနှင့် ထိုအချိန်က ဖြစ်ပျက်တည်ရှိခဲ့သော အခြေအနေနှင့် လားလားမျှမဆိုင်၊ လုံးဝကွာဟနေကြောင်း စာရေးသူက The Daily Eleven ၂၉-၄-၂ဝ၁၄ ရက်ထုတ်တွင် ဆောင်းပါးတစ်ပုဒ် ရေးခဲ့ဖူးသည်။ နိုင်ငံရေးကျွမ်းကျင်သူ အများအပြားကလည်း ထို IRI စစ်တမ်းသည် ပြက်လုံးသဖွယ် ဖြစ်နေသည်ဟု ဝေဖန်သုံးသပ်ခဲ့ကြသည်။
ယခုတစ်ဖန် IRI စစ်တမ်းကဲ့သို့သော TAF (The Asia Foundation) စစ်တမ်းတစ်စောင် ထွက်လာပြန်သည်။ TAF မှာ အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့တွင် အခြေစိုက်သော အဖွဲ့အစည်းတစ်ရပ် ဖြစ်သည်။ တိုက်ဆိုင်သည်ဟုပဲ ပြောရမည်လားမသိ၊ IRI နှင့် TAF တို့သည် ၎င်းတို့ကိုယ်တိုင် မြန်မာနိုင်ငံအတွင်းသို့ လာရောက်ပြီး စစ်တမ်းကောက်ယူခြင်း မဟုတ်ဘဲ IRI နှင့် TAF တို့နှစ်ဖွဲ့လုံးက မြန်မာဆာဗေး သုတေသနအဖွဲ့ (Myanmar Survey Research) အား တညီတညွတ်တည်း တစ်ဆင့်ကောက်စေရန် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်၏။  
ထိုစဉ်က IRI ၏ စစ်တမ်း၌ အကြမ်းအားဖြင့် လေးပိုင်းပါဝင်ခဲ့သည်။ မြန်မာနိုင်ငံ၏ လက်ရှိဖွံ့ဖြိုး တိုးတက်မှုအပေါ် ထင်မြင်ချက်၊ အသေးစိတ် အခြေအနေရလဒ်များ၊ နိုင်ငံရေးပါတီတို့၏ ကဏ္ဍနှင့် မီဒီယာအခန်း ကဏ္ဍတို့ဖြစ်သည်။ TAF ၏ စစ်တမ်းတွင်မူ အဓိကကဏ္ဍ ခြောက်ခုပါဝင်ကြောင်း သိရသည်။ ယင်းတို့မှာ မြန်မာအစိုးရအပေါ် သိမြင်မှု၊ ဒီမိုကရေစီအပေါ် နားလည်ခြင်းနှင့် နိုင်ငံရေးတွင်ပါဝင်မှု၊  လူမှုစီးပွားရေးဆိုင်ရာ အခြေအနေများအပေါ် ထင်မြင်မှု၊ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် သဘောထား၊ အစိုးရ၏ လုပ်ဆောင်ချက်များ အပေါ်သဘောထား၊ သတင်းအချက်အလက် ရယူမှုအပေါ် အမြင်စသော ကဏ္ဍခြောက်ခု ဖြစ်ပေသည်။ (The Daily Eleven - ၁၈-၁၂-၂ဝ၁၄ ရက်ထုတ်)။ 
နိုင်ငံတစ်နိုင်ငံနှင့် ပတ်သက်သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ကွေ့ကောက်ပွေလီပြီး ပရိယာယ်ကြွယ်လှသည့် နိုင်ငံရေးလမ်းကြောင်း၊ ငြိမ်းချမ်းရေး ဖော်ဆောင်နေမှု၊ ဒီမိုကရေစီဆိုသည်ကို နားလည်သဘောပေါက်မှု စသည်တို့မှာ နိုင်ငံ့အရေးကို မိမိအရေးကဲ့သို့ သဘောထားသူ၊ ပညာရေးအဆင့် အတော်အသင့်ရှိ တွေးခေါ်မြော်မြင် တတ်သူတို့သာလျှင် အထိုက်အလျောက် အတိုင်းအတာ တစ်ခုအထိ နားလည်သဘောပေါက် နိုင်မည်ဖြစ်သည်။ ယခုတော့မူ တက္ကသိုလ်ဘွဲ့ရသူ ရာခိုင်နှုန်း အနည်းအကျဉ်းသာပါပြီး မူလတန်းနှင့် အလယ်တန်း ပညာတတ်သူ ရာခိုင်နှုန်း ထက်ဝက်ကျော်ခြင်းနှင့် စာတတ်မြောက်ခြင်း မရှိသူ ပါဝင်နေခြင်းသည်ပင် စစ်တမ်းကောက်ယူမှု၏ သံသယဖြစ်ဖွယ် မူလရည်ရွယ်ချက်အား တစ်စိတ်တစ်ဒေသ ပေါ်လွင်လာစေသည်။  
စိတ်ဝင်စားစရာ အချက်တစ်ချက်မှာ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေကို လမ်းမှန်ပေါ်ရောက်နေပြီဟု ၆၂ ရာခိုင်နှုန်းက ဖြေဆိုခဲ့ခြင်းဖြစ်သည်။ IRI စစ်တမ်းကောက်စဉ်က ၈၈ ရာခိုင်နှုန်းက ယင်းသို့ဖြေဆိုခဲ့ရာ မည်သည့်အတွက်ကြောင့် ရာခိုင်နှုန်းကွာခြား သွားသနည်း ဆိုသည်ကို စဉ်းစားစရာဖြစ်လာသည်။ လမ်းမှန်ပေါ် ရောက်နေသည်ဟု ဖြေဆိုရခြင်းအကြောင်းရင်းအား ဖော်ပြရာ၌ လမ်းဖောက် တံတားဆောက်၊ ကျောင်းဆောက်ပေးခြင်းကြောင့် ဖြစ်သည်ဟု ပါရှိ၏။ မြန်မာနိုင်ငံက လမ်းမှန်ပေါ်မရောက်ဟု ဖြေဆိုသူတို့၏ အကြောင်းပြချက်များမှာ လက်ရှိဘာသာရေး၊ လူမျိုးရေးပဋိပက္ခများနှင့် စစ်ပွဲများကြောင့် ဖြစ်သည့်ပြင်၊ အစိုးရအတွင်း အကျင့်ပျက်ခြစားမှုများနှင့် စီးပွားရေးတိုးတက်မှု မရှိခြင်းတို့ကြောင့်လည်း ဖြစ်သည် ဆိုသည်။
အထူးစိတ်ဝင်စားစရာ အချက်တစ်ချက်မှာ လူပုဂ္ဂိုလ်အခြေပြု စစ်တမ်းဖြစ်သည်။ ထိုစဉ်က IRI စစ်တမ်းရလဒ် အဖြေတစ်ခုတွင် ရာခိုင်နှုန်းအများစုက သမ္မတဦးသိန်းစိန်ကို ဒေါ်အောင်ဆန်းစုကြည်ထက်ပို၍ သဘောကျသည်ဟူသော ရလဒ်အဖြေသို့ ဦးတည်သည့် စစ်တမ်းမျိုး ယခု TAF စစ်တမ်း၌ မတွေ့ရတော့ခြင်းဖြစ်၏။ ဤမေးခွန်းမျိုးကို သာ ထပ်မံဖြေဆိုရမည်ဆိုလျှင် ဤစစ်တမ်းကောက် အဖွဲ့နှင့်ဆိုပါက ယခင်အတိုင်းရလဒ် အဖြေမျိုးရမည် မဟုတ်ဟု မည်သူပြောဝံ့သနည်း။ ဪ ရယ်မောပျော်ရွှင်စရာ ဖန်တီးပေးသော TAF အား အထူးပင် ကျေးဇူးတင်မိသည်။
နှစ်ပေါင်းများစွာ အကြောက်တရားနှင့် အဖျက်အမှောင့်တရားဖြင့် အုပ်စိုးခဲ့သော အာဏာရှင် အစိုးရသက်တမ်း တစ်လျှောက်လုံး ပြည်သူတို့မှာ စားရေးနေရေး ဆင်းရဲတွင်း နက်သည်ထက် နက်လာသည့်အပြင် နား၊ မျက်စိ၊ နှာခေါင်းတို့ကိုလည်း အပိတ်ခံထားရ ကြာလာတော့ ဦးနှောက်ဖွံ့ဖြိုးမှု ကျဆင်းသွားခဲ့ရသည်မှာ အဆန်းမဟုတ်။ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အာဟာရအစားအစာနှင့်တကွ စနစ်တကျ ပညာသင်ကြားမှုများ လစ်ဟင်းခဲ့သောကြောင့် နိုင်ငံရေးအသိအမြင် အတွေးအခေါ်ရှိရန် ဆိုသည်မှာ လေကို အမိအရ ဆုပ်ဖမ်းနေသည့်အလား ဖြစ်နေပေသည်။ နိုင်ငံရေး အသိအမြင်မရှိ၊ နိုင်ငံရေးကိုလည်း စိတ်ဝင်စားမှု ရာခိုင်နှုန်း နည်းပါးလှသော လူဦးရေအား ၂ဝ၁၅ ခု အထွေထွေ ရွေးကောက်ပွဲအပေါ် မည်သို့မြင်သနည်း ဆိုသည်ကို TAF က စစ်တမ်းကောက် လိုက်သေးသည်။ အဆိုပါရွေးကောက်ပွဲနှင့် ပတ်သက်၍ မဲပေးခြင်းသည် အနာဂတ်အတွက် တိုးတက်ကောင်းမွန်မှုကို ဖြစ်စေသည်ဟု အကောင်းမြင်သူ ၇၇ ရာခိုင်နှုန်း ရှိသည်ဆိုသည်။ စစ်တမ်းဖြေဆိုသူ အားလုံး၏ ၆၆ ရာခိုင်နှုန်းသည် နိုင်ငံရေးအမြင်များအား လွတ်လပ်စွာ ထုတ်ဖော်ခွင့်ရှိပြီ ဖြစ်ကြောင်း ဖြေဆိုသည်။
စာရေးသူကတော့ မီဒီယာအပိုင်းကို ပိုစိတ်ဝင်စား၍ ယင်းအပိုင်းကို တင်ပြချင်ပါသည်။ ပြည်သူလူထု၏ သတင်းရင်းမြစ်ရယူမှု အခြေအနေကို စစ်တမ်းကောက်ယူရာ၌ TAF က အကြီးအကျယ် လွဲမှားနေပြန်သည်။  
ရုပ်-သံနှင့် ပတ်သက်သော စစ်တမ်းကို ခဏထားဦး။ ပုံနှိပ်မီဒီယာအပိုင်းအား ဖော်ပြရာတွင် The New Light of Myanmar  ကို ဖတ်ရှုသူက ရာခိုင်နှုန်း ၃ဝ၊ 7-Day ဂျာနယ် ၂၃ ရာခိုင်နှုန်း၊ ကြေးမုံ  ၁၈ ရာခိုင်နှုန်း၊ နူနလနည။ Eleven/ Bi-Weekly Eleven ဂျာနယ် ၁၂ ရာခိုင်နှုန်း၊ သူရိယနေဝန်း ၈ ရာခိုင်နှုန်း  အသီးသီးရှိသည် ဆိုသည်။ (The Daily Eleven- ၁၈-၁၂-၂ဝ၁၄ ရက်ထုတ်)။
သတင်းစာဂျာနယ် ထုတ်ဝေသူ ကာယကံရှင်။ ပိုင်ရှင်များ မပြောနှင့်၊ စာရေးသူတို့ နေ့စဉ်ရှာဖွေ ဖတ်ရှုနေသော စာဖတ်သူများပင်လျှင် မည်သည့်သတင်းစာ၊ မည်သည့်ဂျာနယ်က ရောင်းအား အကောင်းဆုံး၊ ဒုတိယရောင်းအား အကောင်းဆုံး စသည်ဖြင့် သိကြ၊ မှန်းဆ တတ်ကြသည်။ သတင်းစာတစ်စောင် ရောင်းအားကောင်းခြင်းသည် ယင်းသတင်းစာကို ဖတ်ရှုသူများခြင်းကို သက်သေအထင်အရှား ပြနေခြင်း ဖြစ်သည်။ မည်သည့်စာဖတ်သူက မည်သည့်သတင်းစာ ဂျာနယ်ကို မည်မျှဖတ်ရှုသည် ဆိုသည်ကို စစ်တမ်းကောက်ယူ လိုပါက မှန်ကန်တိကျမှု ရနိုင်သည့်နည်းရှိသည်။ စာရေးသူတို့ အိမ်နားတွင် သတင်းစာ၊ ဂျာနယ် လက်လီလက်ကား အရောင်းဆိုင်ရှိသည်။ သူတို့ကို မေးကြည့်တော့ (မျက်နှာလိုက်ပြီး ပြောခြင်းမဟုတ်ပါ၊ သူတို့ အပြောသာ ဖြစ်ပါသည်) Eleven က ပထမ၊ 7-Day က ဒုတိယလိုက်၍ ရောင်းအကောင်းဆုံး ဖြစ်သည်ဟု ဆိုသည်။ ကျန်သည်များကိုတော့ မမေးဖြစ်တော့။ အလွယ်နည်းဖြင့် အမှန်အကန် အတိအကျဆုံး ရနိုင်သောစစ်တမ်းကို နေရာဌာန လွဲမှားစွာဖြင့် လွဲမှားသော လူတစ်စုထံမှ ကောက်ခံခြင်းအတွက် ကုန်သွားသည့်အချိန်ကို နှမြောမိလေစွ။
မည်သို့ပင်ဆိုစေ ရယ်စရာမောစရာ ဖန်တီးပေး၍ “သည် အာရှဖောင်ဒေးရှင်း” ကိုတော့ ကျေးဇူးတင်ရပါမည်။

Most Read

Most Recent