ဥပဒေအရ အကျပ်အတည်းများဖြစ်မည်ဆိုလျှင် ဥပဒေများပြင်ဆင်ပြောင်းလဲပေးရန် အဆင်သင့်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းပြောကြား

ဥပဒေအရ အကျပ်အတည်းများဖြစ်မည်ဆိုလျှင် ဥပဒေများပြင်ဆင်ပြောင်းလဲပေးရန် အဆင်သင့်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းပြောကြား
Published 24 December 2014

ဥပဒေအရ အကျပ်အတည်းများဖြစ်မည်ဆိုလျှင် ဥပဒေများပြင်ဆင်ပြောင်းလဲပေးရန် အဆင်သင့်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပဲခူးမြို့၌ပြုလုပ်သည့် တောင်သူလယ်သမားရေးရာ လူထုတွေ့ဆုံပွဲ၌ပြောကြားသည်။
 
လက်ရှိတွင် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းထားသည့် ဥပဒေပေါင်း ၁၂၆ ခုရှိပြီး လက်ရှိတွင် ဥပဒေကြမ်း ၄၀ အား ဆက်လက်ဆွေးနွေးနေကြောင်း သူရဦးရွှေမန်းက ပြောကြားထားသည်။
 
"ဥပဒေအရ အကျပ်အတည်းများဖြစ်မည်ဆိုလျှင် ဥပဒေများပြင်ဆင်ပြောင်းလဲပေးရန် မိမိတို့ဘက်ကအဆင်သင့်ဖြစ်သည်ကို ထပ်မံပြောကြားလိုပါကြောင်း၊ တောင်သူလယ်သမားများအပါအဝင် နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားဖော်ဆောင်ရာတွင် တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းမှုရရှိရေးသည် အရေးကြီးကြောင်း" ဟု တောင်သူလယ်သမားများနှင့်တွေ့ဆုံရာတွင်  သူရဦးရွှေမန်းကပြောကြားသည်။
 
လက်ရှိအစိုးရလက်ထက်တွင် တောင်သူလယ်သမားများအား စိုက်ပျိုးစရိတ်ချေးငွေကို တစ်ဧကကျပ်လေးသောင်းမှ ကျပ်တစ်သိန်းအထိ တိုးမြှင့်ပေးပြီးဖြစ်သော်လည်း ထိုသို့တိုးပေးရုံဖြင့် တောင်သူလယ်သမားများဘဝမှာ တိုးတက်မြင့်မားလာပြီဟုမဆိုနိုင်ကြောင်း သူရဦးရွှေမန်းကပြောကြားသည်။
 
နိုင်ငံသားအကျိုးစီးပွားနှင့် တောင်သူလယ်သမားများ၏အကျိုးစီးပွားများ ဖော်ဆောင်ရာတွင် အဟန့်အတားများရှိပါက တည်ဆဲအစိုးရက အမြန်ဆုံးဆောင်ရွက်ပေးစေလိုပါကြောင်း၊ နှောင့်နှေးကြန့်ကြာအောင်လုပ်ဆောင်နေမှုများသည် ပြည်သူများ၏ အထင်သေး၊ အထင်လွဲမှုကိုခံရနိုင်ကြောင်း သူရဦးရွှေမန်းကဆိုသည်။
 
လယ်ယာမြေပြဿနာများဖြေရှင်းဆောင်ရွက်ရာတွင် ဥပဒေအရ အခက်အခဲများရှိနေပါက သက်ဆိုင်ရာလွှတ်တော်များသို့တင်ပြလာပါက ဆောင်ရွက်ပေးမည်ဟု သူရဦးရွှေမန်းက ကတိပြုပြောကြားသည်။
 
လက်ရှိအခြေအနေတွင် ဥပဒေကြမ်းများအတည်ပြုရေးဆောင်ရွက်သည့် ညှိနှိုင်းအစည်းအဝေးများသို့ ညွှန်ကြားရေးမှူးချုပ်အဆင့်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်အဆင့်များကသာ အများဆုံးတက်ရောက်ခဲ့ကြသည့်အတွက် သဘောထားကွာဟချက်များဖြစ်ပေါ်ခဲ့ရကြောင်း ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီကသုံးသပ်တင်ပြထားသည်။ ပြည်သူများလိုလားသော၊ ပြည်သူများကိုအကာအကွယ်ပေးသော၊ ပြည်သူအများကြိုဆိုသောဥပမျကိုလွှတ်တော်ကအလေးထားပြီးပြဋ္ဌာန်းပေးရန်မှာ အထူးစိန်ခေါ်မှုတစ်ရပ်ဖြစ်နေကြောင်း ပြည်သူ့လွှတ်တော်လွှတ်တော်အခွင့်အရေးကော်မတီက ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် တင်ပြထားသည်။

Most Read

Most Recent