လာမည့် အပစ်ရပ်စဲရေး ညှိနှိုင်းမှုဆွေးနွေးပွဲတွင် အသိသက်သေများ ပိုမိုပါဝင်ရေး အဆိုပြုရခြင်းမှာ သဘောတူညီချက်များ ခိုင်မာစေရန် ရည်ရွယ်ဟု NCCT အဖွဲ့ခေါင်းဆောင် ပြောကြား

လာမည့် အပစ်ရပ်စဲရေး ညှိနှိုင်းမှုဆွေးနွေးပွဲတွင် အသိသက်သေများ ပိုမိုပါဝင်ရေး အဆိုပြုရခြင်းမှာ သဘောတူညီချက်များ ခိုင်မာစေရန် ရည်ရွယ်ဟု NCCT အဖွဲ့ခေါင်းဆောင် ပြောကြား
Published 24 December 2014
အောင်ဇော်ထွန်း

လာမည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုဆွေးနွေးပွဲတွင် အသိသက်သေများ ပိုမိုပါဝင်ရေး အဆိုပြုရခြင်းမှာ သဘောတူညီချက်များ ခိုင်မာစေရန်ရည်ရွယ်ဟု တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက ပြောကြားသည်။
ဒီဇင်ဘာ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မ တီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမူကြမ်းပါ သဘောတူရန် ကျန်နေသည့်အချက်များကို ဆွေးနွေးခဲ့ကြသည့်အပြင် ငြိမ်းချမ်းရေး တည်ဆောက်နေစဉ် တိုက်ပွဲများ၊ ပစ်ခတ်မှုများ ထပ်မံမဖြစ်ပွားရေး အပြုသဘောဖြင့် နှစ်ဖက်အကြား ဆွေးနွေးမှုများပြုလုပ်ရန်၊ ဩဂုတ်လတွင် သဘောတူညီထားသော နှစ်ဖက်တပ်များ လိုက်နာရမည့် စစ်ဘက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကိစ္စနှင့် ပူးတွဲစောင့်ကြည့်ရေး ဆိုင်ရာကိစ္စများနှင့်ပတ်သက်၍ အလုပ်အဖွဲ့များဖွဲ့စည်းရေး၊ လာမည့် ဆွေးနွေးပွဲတွင် လေ့လာသူများ ပိုမိုပါဝင်လာရေးကိစ္စများကို NCCT ဘက်က အဆိုပြုဆွေးနွေးခဲ့သည်။
UPWC အလုပ်အဖွဲ့မှ ဦးလှမောင်ရွှေက “နောက်လုပ်မယ့် ခုနစ်ကြိမ်မြောက် ဆွေးနွေးပွဲမှာ နိုင်ငံတကာက လေ့လာသူတွေပါဝင်ဖို့ NCCT ဘက်က အဆိုပြုတာရှိတယ်။ ကျွန် တော်တို့ ပြည်ထောင်စုဘက်ကတော့ နဂို သဘောတူပြီးသား UN အပါအဝင် နိုင်ငံ အချို့ရှိတဲ့အတွက် ကျန်တဲ့နိုင်ငံတချို့ကိုတော့ NCCT နဲ့ညိ§နှိုင်းပြီး ဆောင်ရွက်မယ်ဆိုတဲ့ မူအားဖြင့် သဘောတူတာရှိတယ်။ NCCT ဘက်ကလည်း ဘယ်နိုင်ငံတွေ အဆိုပြုမလဲ။ ဟိုဘက်ဒီဘက်လက်ခံမှ လေ့လာသူဆိုတာ ထည့်လို့ရတာလေ”ဟု ပြောကြားသည်။
UPWC နှင့် NCCT တို့၏  ဆွေးနွေးပွဲကို လာမည့်ဇန်နဝါရီ ၁၅၊ ၁၆၊ ၁၇ များတွင် ဆောင်ရွက်ရန် စီစဉ်ထားပြီး ယင်းဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံးအပစ်ရပ်စဲရေး မူကြမ်းကို အချောသပ်နိုင်ဖွယ်ရှိကြောင်း သိရသည်။
လာမည့် ဆွေးနွေးပွဲတွင် လေ့လာသူများ ပိုမိုပါဝင်လာရေး ဆောင်ရွက်ရသည့် ကိစ္စနှင့်ပတ်သက်၍ နိုင်ဟံသာက “ဖြစ်သွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး နည်းနည်းယုံကြည်မှု ပျောက်ပျက်သွားတာပေါ့ဗျာ။ အဲဒီတော့ တို့ဘယ်လိုတွေ ဆွေးနွေးတယ်ဆိုတဲ့ဟာ ဘယ်လိုတွေ သဘောတူညီမှုရတယ် ဆိုတဲ့ဟာ ဒီအသိသက်သေရှိမှ ပိုပြီးခိုင်မာမယ်လို့ ယုံကြည်တယ်။ မဟုတ်ရင် သူ့ဘက်ကသူပြော ကိုယ့်ဘက်ကကိုယ်ပြော အဲဒီလို ပြောနေကြရင် အမှန်တရားကို ဖုံးကွယ်ပြီးတော့ ပြောနေကြရင် ဒါက မဖြစ်သင့်ဘူးလို့ မြင်လို့ပါ” ဟု ပြောကြားသည်။
UPWC နှင့် NCCT တို့၏ ယခင်ဆွေးနွေးပွဲများတွင် ကုလသမဂ္ဂနှင့် တရုတ်နိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက်ဖူးသော်လည်း NCCT ဘက်က လာမည့်ဆွေးနွေးပွဲတွင် လေ့လာသူအဖြစ်ပါဝင်ရန် အဆိုပြုထားသည့် နိုင်ငံများကိုမူ နှစ်ဖက်လုံးက ထုတ်ဖော်ပြောဆိုခြင်း မပြုခဲ့ပေ။
သို့ရာတွင် NCCT အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးပါက အိမ်နီးချင်းနိုင်ငံများနှင့် အမေရိကန်၊ ဗြိတိန်တို့အပြင် ဂျပန်နှင့် နော်ဝေနိုင်ငံများကို သက်သေအဖြစ် ဆောင်ရွက်ရန် လိုလားလျက်ရှိကြောင်း သိရသည်။    

Most Read

Most Recent