ဂူဂဲ၏ မောင်းနှင်သူမလိုသောကား ရှေ့ပြေးပုံစံ စမ်းသပ်မောင်းနှင်ရန် အသင့်ဖြစ်လာ

ဂူဂဲ၏ မောင်းနှင်သူမလိုသောကား ရှေ့ပြေးပုံစံ စမ်းသပ်မောင်းနှင်ရန် အသင့်ဖြစ်လာ
Published 24 December 2014
Ref:AFP

မောင်းနှင်သူ၏ ထိန်းကျောင်းမှုမပါဘဲ သွားလာနိုင်သည့်ကား၏ ရှေ့ပြေးပုံစံကို တည်ဆောက်ပြီးစီးသွားပြီး စမ်းသပ်မောင်းနှင်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ဂူဂဲက ဒီဇင်ဘာ ၂၂ ရက်တွင် ကြေညာခဲ့သည်။“ဒီအားလပ်ရက်မှာ ကျွန်တော်တို့ စမ်းသပ်ဆောင်ရွက်သွားမှာပါ။ နှစ်သစ်မှာ မြောက်ကယ်လီဖိုးနီးယားလမ်းတွေပေါ်မှာ တွေ့မြင်ရမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ဂူဂဲ၏ အလိုအလျောက်မောင်းနှင်သည့်ကား တည်ဆောက်ရေးအဖွဲ့မှ ပြောကြားခဲ့သည်။    ကယ်လီဖိုးနီးယားအခြေစိုက်ဂူဂဲသည် မောင်းနှင်သူမလိုဘဲ အလိုအလျောက်မောင်းနှင်နိုင်သောကား တည်ဆောက်မည့်အစီအစဉ်ကို မေလက ကြေညာခဲ့သည်။“ ဒီကားတွေမှာ စတီယာရင်ဘီး၊ အရှိန်ထိန်းခြေနင်း၊ ဘရိတ်တို့ ပါမှာမဟုတ်ပါဘူး။ သူတို့က မလိုတော့ပါဘူး။ ကျွန်တော်တို့ ဆော့ဖ်ဝဲနဲ့ အာရုံခံကိရိယာတွေက ဒီအလုပ်တွေကို လုပ်မှာပါ” ဟု ဂူဂဲ၏ ခရစ်အာဆမ်က ဘလော့တစ်ခုတွင် ပြောကြားခဲ့သည်။ ကျော့ရှင်းသော ယင်းနှစ်ယောက်စီး ကားသည် ယာဉ်မောင်းမပါဝင်ဘဲ လမ်းပေါ်တွင် မောင်းနှင်နိုင်ရန် အမေရိကန်အစိုးရ၏ သဘောတူခွင့်ပြုချက်ရရန် လိုအပ်နေသေးသည်။ ဘက်ထရီစွမ်းအားသုံး ဂူဂဲမောင်းသူမဲ့ကားများသည် တစ်နာရီ ၂၅ မိုင် (၄ဝ ကီလိုမီတာ)ထိ မောင်းနှင်နိုင်မည်ဖြစ်ကြောင်း၊ ဇိမ်ခံရန်အတွက် မဟုတ်ဘဲ အသုံးဝင်မှုအတွက် ရည်ရွယ်ထားကြောင်း ဂူဂဲက ပြောကြားခဲ့သည်။ကားထုတ်လုပ်ရေးလုပ်ငန်း အများအပြားသည် မောင်းသူမလိုဘဲ ရပ်နားနေရာတွင် ရပ်နားနိုင်ခြင်းကဲ့သို့ အသုံးဝင်နည်းပညာများ ပါဝင်သော မောင်းသူမလိုကားများ၊ တစ်စိတ်တစ်ပိုင်းအလိုအလျောက် မောင်းနှင်နိုင်သောကားများကို တည်ဆောက်နေကြသည်။သို့သော်လည်း ယာဉ်မောင်းမပါသော အလိုအလျောက်မောင်းနှင်ကားများ ဈေးကွက်အတွင်း ရောက်မလာသေးပေ။ဂူဂဲသည် မောင်းသူမလိုကားကို ရှေ့ပြေးပုံစံ ပထမဆုံးထုတ်ပြနိုင်ခဲ့ခြင်းဖြစ်ပြီး ပြိုင်ဘက်များကို အသာစီးရယူရန် အခွင့်သာခဲ့သည်။        

Most Read

Most Recent