၂၀၁၄ ခုနှစ်အတွင်း နိုင်ငံတကာဂျာနယ်လစ်များ သေဆုံးမှု မြင့်တက်လာသည်ဟု CPJ က အစီရင်ခံစာ ထုတ်ပြန်

၂၀၁၄ ခုနှစ်အတွင်း နိုင်ငံတကာဂျာနယ်လစ်များ သေဆုံးမှု မြင့်တက်လာသည်ဟု CPJ က အစီရင်ခံစာ ထုတ်ပြန်
Published 24 December 2014
Ref:AFP

IS အဖွဲ့၏ နိုင်ငံတကာဂျာနယ်လစ်များကို ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်မှုများက ၂ဝ၁၄ ခုနှစ်၏ နိုင်ငံတကာဂျာနယ်လစ်များ သေဆုံးမှုစာရင်းကို မြင့်တက်စေခဲ့ပြီး ၂ဝ၁၄ ခုနှစ်သည် နိုင်ငံတကာဂျာနယ်လစ်များ အသေအပျောက်များသည့် နှစ်တစ်နှစ်ဖြစ်ခဲ့ကြောင်း ဒီဇင်ဘာ ၂၃ ရက်တွင် ထုတ်ပြန်သည့် ဂျာနယ်လစ်များကာကွယ်ရေးကော်မတီ (CPJ) ၏ နှစ်စဉ်သုံးသပ်ချက်၌ ဖော်ပြထားသည်။ CPJ ၏ လေ့လာချက်တွင် ၂ဝ၁၄ ခုနှစ်အတွင်း ကမ္ဘာပေါ်ရှိပြဿ နာများဖြစ်ပွားနေသည့် နေရာများမှနေ၍ သတင်းများ အစီရင်ခံနေစဉ် သေဆုံးခဲ့သည့် ဂျာနယ်လစ်ပေါင်း ၆ဝ ရှိရာ ၎င်းတို့သည် နိုင်ငံတကာဂျာနယ်လစ်များဖြစ်ကြောင်း တွေ့ရှိရသည်။သေဆုံးမှုများအနက် ဝမ်းနည်းကြေကွဲဖွယ်အကောင်းဆုံး ကြေကွဲမှုများမှာ အမေရိကန်ဂျာနယ်လစ်များဖြစ်သော ဂျိမ်းဖိုလေး နှင့် စတီဗင်ဆော့တလော့တို့ သေဆုံးမှုများဖြစ်သည်။ IS အဖွဲ့က အဆိုပါ ဂျာနယ်လစ်နှစ်ဦးကို  ရက်စက်ကြမ်းကြုတ်စွာ ခေါင်းဖြတ်သတ်ခဲ့ပြီး ယင်းကဲ့သို့ သတ်ဖြတ်ပုံကို ဗီဒီယိုရိုက်ကူးကာ ဩဂုတ်နှင့် စက်တင်ဘာလများတွင် အွန်လိုင်းသို့ တင်ခဲ့သည်။ ဂျာမနီ ဓာတ်ပုံသတင်းထောက် အန်ဂျာနိုင်ဒရင်းဟောသည် အေပီသတင်းဌာနအတွက် အာဖဂန်ရွေးကောက်ပွဲ၌ သတင်းရယူနေစဉ် ရဲအရာရှိတစ်ဦး၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည်။ယခုနှစ်အတွင်း ယူကရိန်းတွင် သတင်းထောက်ငါးဦးနှင့် မီဒီယာဝန်ထမ်းနှစ်ဦး အသတ်ခံခဲ့ရသည့်အနက် နိုင်ငံတကာဂျာနယ်လစ်ခြောက်ဦး ပါဝင်ခဲ့သည်။ ၂ဝ၁၄ ခုနှစ်အတွင်း သေဆုံးသည့် စုစုပေါင်းဂျာနယ်လစ်များ၏ လေးပုံတစ်ပုံသည် နိုင်ငံတကာဂျာနယ်လစ်များဖြစ်ပြီး ပုံမှန်အချိုးအစားထက် နှစ်ဆမြင့်တက်ခဲ့သည်။CPJ  ၏ လေ့လာချက်အရ အနောက်တိုင်းမှ ဂျာနယ်လစ်များသေဆုံးမှုနှုန်းမြင့်မားသော်လည်း ကမ္ဘာတစ်လွှား၌ အလုပ်အတွက် အန္တရာယ်ရှိသည့် သတင်းထောက်အများစုသည် ဒေသခံသတင်းထောက်များဖြစ်နေဆဲဖြစ်ကြောင်း သိရသည်။ ၂ဝ၁၄ ခုနှစ်အတွင်း ဂျာနယ်လစ် ၁၇ ဦး သေဆုံးခဲ့သည့် ဆီးရီးယားနိုင်ငံသည် သုံးနှစ်ဆက်တိုက် ဂျာနယ်လစ်အများဆုံးသေဆုံးသည့် နိုင်ငံဖြစ်လာသည်။ IS အဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားသည့် ခန့်မှန်းဂျာနယ်လစ်အရေအတွက်သည် ၂ဝ ဖြစ်ပြီး အများစုသည် ဒေသခံများဖြစ်ကြောင်း သိရသည်။               

Most Read

Most Recent