တိုင်းမ်မဂ္ဂဇင်း၏ ၂၀၁၄ ခုနှစ် အတော်ဆုံး သတင်းဓာတ်ပုံဆရာဆုကို တူရကီအခြေစိုက် အေအက်ဖ်ပီဓာတ်ပုံဆရာ ရရှိ

တိုင်းမ်မဂ္ဂဇင်း၏ ၂၀၁၄ ခုနှစ် အတော်ဆုံး သတင်းဓာတ်ပုံဆရာဆုကို တူရကီအခြေစိုက် အေအက်ဖ်ပီဓာတ်ပုံဆရာ ရရှိ
Published 24 December 2014
Ref:AFP

တိုင်းမ်မဂ္ဂဇင်းက ၂ဝ၁၄ ခုနှစ်အတွက် ရွေးချယ်ခဲ့သော အတော်ဆုံးသတင်းဓာတ်ပုံဆရာဆုကို အေအက်ဖ်ပီသတင်းဌာနမှ တူရကီအခြေစိုက် ဓာတ်ပုံဆရာ ဘူလင့်ကီလစ်ကို ဒီဇင်ဘာ ၂၂ ရက်တွင် ရွေးချယ်ခဲ့ကြောင်း သိရသည်။ကီလစ်သည် ၂ဝ၁ဝ ပြည့်နှစ်မှ စတင်၍ ရွေးချယ်ပေးအပ်သော Time laurel ဆုကို အေအက်ဖ်ပီသတင်းဌာနမှ တတိယမြောက် ရရှိခဲ့သည့် ဓာတ်ပုံဆရာဖြစ်သည်။ ကီလစ်သည် ဆီးရီးယားနယ်စပ်တွင် ဂျီဟတ်နှိမ်နင်းရေးတိုက်ပွဲဓာတ်ပုံများ၊ ယူကရိန်းနှင့် ၎င်း၏ နေရပ်တူရကီမှ ဖြစ်ရပ်များကို ပေါ်လွင်ထင်ရှားသော သတင်းဓာတ်ပုံများ ရိုက်ကူးမှုအတွက် ယင်းကဲ့သို့ ဆုချီးမြှင့်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။အသက် ၃၅ နှစ်ရှိ ကီလစ်သည် ဆီးရီးယားနယ်စပ်မြို့ ကိုဘာနီအနီး အမေရိကန်ဦးဆောင်သော နိုင်ငံတကာညွန့်ပေါင်း၏ လေကြောင်းမှ တိုက်ခိုက်မှုကို အစ္စလာမ္မစ်နိုင်ငံတော် IS အဖွဲ့မှ တိုက်ခိုက်ရေးသမားများ ကြုံတွေ့ရသည့် အခိုက်အတန့်ကို ရိုက်ကူးရာတွင် သတင်းအနှစ်သာရပေါ်လွင် ထင်ရှားစေမည့်အနေအထားကို စနစ်တကျ နေရာယူနိုင်ခဲ့ကြောင်း တိုင်းမ်မဂ္ဂဇင်းက ချီးကျူးခဲ့သည်။၎င်း၏ အားပါသော၊ ကွက်ကွက် ကွင်းကွင်းပေါ်လွင်သော၊ အမှတ်ရစရာဖြစ်စေသော ဓာတ်ပုံများသည် ကမ္ဘာတစ်ဝန်းရှိ ဓာတ်ပုံတည်းဖြတ်သူများ၏အာရုံကို ဖမ်းစားနိုင်ခဲ့ကြောင်း တိုင်းမ်မဂ္ဂဇင်း၏ Light-Box ဓာတ်ပုံဘလော့ဂ်မှ အယ်ဒီတာ အိုလီဗီယာလောရင့်က ပြောကြားခဲ့သည်။အစ္စတန်ဘူမြို့တွင် အခြေစိုက်သော  ကီလစ်သည် ယခုနှစ်တွင် ယူကရိန်း၌ ဖြစ်ပွားခဲ့သည့် အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုအား သတင်းဓာတ်ပုံများ စတင်ရိုက်ကူးခဲ့ပြီး မေလတွင်မူ တူရကီ၌ လူ ၃ဝ၁ ဦး သေဆုံးစေခဲ့သည့် ဆိုမာကျောက်မီးသွေးတွင်း မတော်တဆမှု သတင်းဓာတ်ပုံများလည်း ရိုက်ကူးခဲ့သည်။ အောက်တိုဘာတွင် အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပေါက်ကွဲမှုကြီးတစ်ရပ်ဖြစ်ပွားပြီး ဖုန်လုံးကြီးဖြစ်ပေါ်စဉ် IS တိုက်ခိုက်ရေးသမားတစ်ဦး ဖြတ်ပြေးနေမှုကို ကီလစ်က တူရကီ-ဆီးရီးယားနယ်စပ်ရှိ တောင်ထိပ်မှနေ၍ အမိအရ ရိုက်ကူးနိုင်ခဲ့ကြောင်း သိရသည်။အေအက်ဖ်ပီသတင်းဌာနမှ ၂ဝ၁ဝ ပြည့်နှစ်နှင့် ၂ဝ၁၂ ခုနှစ်တို့တွင် Time laurel ဆု ရရှိခဲ့ပြီးဖြစ်သည်။     

Most Read

Most Recent