ဆိုနီကုမ္ပဏီအား ဟက်ကင်းလုပ်ခံရပြီးနောက် မြောက်ကိုရီးယားတွင် အင်တာနက်လိုင်းများ နာရီပေါင်းများစွာ ပြတ်တောက်သွားခဲ့

ဆိုနီကုမ္ပဏီအား ဟက်ကင်းလုပ်ခံရပြီးနောက် မြောက်ကိုရီးယားတွင် အင်တာနက်လိုင်းများ နာရီပေါင်းများစွာ ပြတ်တောက်သွားခဲ့
Published 24 December 2014
Ref:AFP

ကုလသမဂ္ဂက လူ့အခွင့်ရေးဆိုင်ရာ မှတ်တမ်းနှင့် ပတ်သက်၍ မြောက်ကိုရီးယားကို ဝေဖန်ထိုးနှက်ခဲ့ပြီး မကြာမီ မြောက်ကိုရီးယားသည် ဟောလိဝုဒ်၏ ဆိုနီရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကို ဟက်ကင်းလုပ်ခဲ့သည်ဟု အမေရိကန်က စွပ်စွဲခဲ့ပြီး အမေရိကန်က လက်တုံ့ပြန်မှုပြုလုပ်မည်ဟု ကောလဟာလများ ပျံ့နှံ့နေချိန်တွင် မြောက်ကိုရီးယားတွင် အင်တာနက်လိုင်းများ နာရီပေါင်းများစွာကြာအောင် ပြတ်တောက်သွားခဲ့ကြောင်း ဒီဇင်ဘာ ၂၃ ရက် သတင်းများက ဖော်ပြသည်။မြောက်ကိုရီးယား၏ အင်တာနက်အဆက်အသွယ်များကို မည်သူ သို့မဟုတ် မည်သည့်အရာက ပြတ်တောက်စေခဲ့သည်ဟူသည့်အချက်ကို တိကျရေရာစွာ သိရှိရခြင်း မရှိသေးသော်လည်း ဆိုက်ဘာကျွမ်းကျင်ပညာရှင်များက နဂိုကတည်းကမှ အကန့်အသတ်ရှိနေသော မြောက်ကိုရီးယားအင်တာနက်လိုင်းများသည် ဒီဇင်ဘာ ၂၂ ရက်မှ ၂၃ ရက်အထိ တစ်ညလုံး လုံးဝပြတ်တောက်သွားခဲ့ကြောင်း ပြောကြားခဲ့သည်။မြောက်ကိုရီးယား၏ ကင်ဂျုံအွန်အစိုးရကို ဖိအားများထပ်မံပေးသည့်အနေဖြင့် ကုလသမဂ္ဂအဖွဲ့ဝင်များသည် တရုတ်နိုင်ငံပြီးနောက် အကျဉ်းသားဦးရေအများဆုံးဖြစ်သည့် မြောက်ကိုရီးယားတွင် အကျဉ်းသားများကို ရက်စက်ကြမ်းကြုတ်စွာ ပြုကျင့်ခဲ့မှုအတွက် ဝေဖန်ခဲ့ကြပြီး ယခုကိစ္စသည်  နောက်ထပ်ဝေဖန်စရာ ဖြစ်လာခဲ့သည်။အမေရိကန်အခြေစိုက် အင်တာနက်လေ့လာသုံးသပ်သည့် အဖွဲ့ဖြစ်သော Dyn Research က မြောက်ကိုရီးယား၏ အွန်လိုင်းကွန်ရက်လေးခုစလုံးသည် ၉ နာရီနှင့် ၃၁ မိနစ်ကြာ ပြတ်တောက်သွားခဲ့ပြီး ဒီဇင်ဘာ ၂၃ ရက် နံနက်ကျမှသာ အဆက်အသွယ် ပြန်လည်ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ မြောက်ကိုရီးယား၏ အွန်လိုင်းကွန်ရက်အားလုံးကို တရုတ်အင်တာနက်ကုမ္ပဏီဖြစ်သော China Unicom မှတစ်ဆင့် ရယူထားခြင်းဖြစ်သည်။Dyn Research က မြောက်ကိုရီးယား၏ အခြေခံအဆောက်အအုံသည် အလွန်အကန့်အသတ်ရှိနေပြီး ပါဝါပြတ်တောက်သွားနိုင်ရန် လွယ်ကူသော်လည်း ယခုကဲ့သို့ ပြတ်တောက်သွားမှုသည် ပြင်ပတိုက်ခိုက်မှုအောက်၌ ပျက်စီးလွယ်သော ကွန်ရက်တစ်ခု ပုံစံမျိုးဖြစ်ပုံရသည်ဟု ဆိုသည်။ ကင်ဂျုံအွန်အား လှောင်ပြောင်ထားသည့် ရုပ်ရှင်ကားကို ဖြန့်ချိရန်စီစဉ်ခဲ့သည့် ဟောလိဝုဒ်၏ ဆိုနီကုမ္ပဏီကို ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်း၏ နောက်ကွယ်၌ မြောက်ကိုရီးယားရှိနေကြောင်း အမေရိကန်သမ္မတ ဘာရက်အိုဘားမားနှင့် FBI တို့က စွပ်စွဲပြောကြားခဲ့သည်။ မြောက်ကိုရီးယား၏ အင်တာနက်ပြတ်တောက်သွားမှုသည် လက်တုံ့ပြန်မည်ဆိုသော အိုဘားမား၏ သတိပေးချက် ပထမအဆင့် ဖြစ်သည်ဟူသည့် အမြင်များကို မှတ်ချက်ပေးရန် အမေရိကန်မှ သက်ဆိုင်ရာအာဏာပိုင်များက ငြင်းဆန်ခဲ့သည်။ 

Most Read

Most Recent