အစဉ်အလာအရ ချယ်လ်ဆီး ပရီးမီးယားလိဂ်ချန်ပီယံဖြစ်မည်ဟု ဖော်ပြ

အစဉ်အလာအရ ချယ်လ်ဆီး ပရီးမီးယားလိဂ်ချန်ပီယံဖြစ်မည်ဟု ဖော်ပြ
Published 24 December 2014

ချယ်လ်ဆီးအသင်းအနေဖြင့် အစဉ်အလာမှတ်တမ်းများအရ ယခုနှစ်ရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးရန် သေချာသလောက်ဖြစ်နေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ချယ်လ်ဆီးအသင်းသည်  ဒီဇင်ဘာ ၂၂ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် (၁၇)တွင် စတုတ်စီးတီးအသင်းအား အဝေးကွင်းတွင် (၂-ဝ) ဂိုးဖြင့် အနိုင်ရပြီးနောက် ခရစ္စမတ်ကာလတွင် အမှတ်ပေးဇယားထိပ်ဆုံး၌ ဆက်လက်ရပ်တည်နိုင်ရန် သေချာသွားခဲ့သည်။ ချယ်လ်ဆီးအနေဖြင့် အသွင်သစ် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အမှတ်ပေးချန်ပီယံဆုကို သုံးကြိမ်တိတိ ဆွတ်ခူးထားပြီး ယင်းချန်ပီယံဖြစ်ခဲ့သည့် သုံးရာသီစလုံးတွင် ခရစ္စမတ်ကာလ၌ ထိပ်ဆုံးတွင်ရပ်တည်နိုင်ခဲ့သည့် အစဉ်အလာအရ ယခုနှစ်ရာသီတွင်လည်း ချန်ပီယံထပ်ဖြစ်မည်ဟု Daily Mail မှ သုံးသပ်ခဲ့ခြင်း ဖြစ်သည်။ ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုအနေဖြင့်လည်း ပရီးမီးယားလိဂ်နည်းပြ သက်တမ်းတစ်လျှောက် ရာသီတွင်း အမှတ်ပေးဇယားထိပ်ဆုံးနေရာသို့ ရှစ်ကြိမ်တိတိ တက်ရောက်ထားနိုင်ခဲ့ပြီး ယင်းထဲမှ ခုနစ်ကြိမ်မှာမူ အသင်းကို ရာသီကုန်တွင် ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးထားနိုင်ခဲ့ကြောင်း သိရသည်။  ချယ်လ်ဆီးအနေဖြင့် မော်ရင်ဟို ပထမတစ်ကြိမ် ကိုင်တွယ်စဉ်က ၂ဝဝ၄-ဝ၅၊ ၂ဝဝ၅-ဝ၆ ရာသီများနှင့် အန်ဆယ်လော့တီ ကိုင်တွယ်ခဲ့သည့် ၂ဝဝ၉-၁ဝ ရာသီတို့တွင် ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ယခုတွက်ချက်မှုမှာ ပရီးမီးယားလိဂ် ပြိုင်ပွဲစတင်ခဲ့သည့် ၁၉၉၂ ခုနှစ်မှ စကာ ကျင်းပပြီးစီးခဲ့သည့် ပြိုင်ပွဲ ၂၂ ရာသီ အချက်အလက်များကို ထည့်သွင်းထားခဲ့ခြင်း ဖြစ်သည်။ ယင်း ၂၂ ရာသီတွင် ခရစ္စမတ်ကာလ၌ အမှတ်ပေးဇယားကို ဦးဆောင်သည့်အသင်းများ ဗိုလ်စွဲမှုမှာ ၁ဝ ကြိမ်အထိ ရှိထားခဲ့ကြောင်း သိရသည်။

Most Read

Most Recent