မာရာဟာလင်ဖလားပြိုင်ပွဲဝင်ရန် မြန်မာ ယူ-၂၀ အသင်း အပြီးသတ်လူရွေးချယ်

မာရာဟာလင်ဖလားပြိုင်ပွဲဝင်ရန် မြန်မာ ယူ-၂၀ အသင်း အပြီးသတ်လူရွေးချယ်
Published 24 December 2014

အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် ၂ဝ၁၅ မာရာဟာလင်ဖလား ဘောလုံးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာ ယူ-၂ဝ အသင်းသည် အပြီးသတ်ကစားသမား ၁၉ ဦးကို ရွေးချယ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ ယခုပြိုင်ပွဲဝင်မည့် အပြီးသတ်ကစားသမားစာရင်းတွင် အာရှ ယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲဝင်ခဲ့သည့်အသင်းမှ ကစားသမား ၁၈ ဦးအထိ ပြန်လည်ပါဝင်လာပြီး လူသစ်ကစားသမားအဖြစ် အောင်သူဖြိုးတစ်ဦးတည်းသာ ပါဝင်လာခဲ့ကြောင်း သိရသည်။မြန်မာ ယူ-၂ဝ အသင်းသည် ယူ-၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ပထမဆုံး ယှဉ်ပြိုင်ကစားသည့် ပြိုင်ပွဲဖြစ်ပြီး နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်မှာ ပုံစံကောင်းရရှိနေသည့် ကစားသမားဟောင်းများကိုပင် အခြေခံကာ ပြိုင်ပွဲဝင်မည်ဖြစ်သည်။ မြန်မာ ယူ-၂ဝ အသင်းသည် ပြိုင်ပွဲအကြို ခြေစမ်းပွဲများတွင်လည်း အာရှ ယူ-၁၉ ပြိုင်ပွဲ၌ ယှဉ်ပြိုင်ခဲ့သည့် ကစားသမားများကိုပင် အသုံးပြုလျက်ရှိပြီး လူသစ်ကစားသမားအချို့မှာမူ ယခင်ကစားသမားများ၏ ခြေစွမ်းကိုမီရန် လိုအပ်ချက်များရှိနေသေးကြောင်း သိရသည်။ မြန်မာ ယူ-၂ဝ အသင်းသည် မာရာဟာလင်ဖလား ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် လာမည့် ဇန်နဝါရီ ၇ ရက်တွင် အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာမည်ဖြစ်သည်။ မြန်မာ ယူ-၂ဝ အသင်းသည် ယင်းပြိုင်ပွဲအပြီးတွင် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်သည့်အနေဖြင့် ကာတာ၊ မော်ရိုကိုနှင့် ဥရောပနိုင်ငံများသို့ သွားရောက်ကာ လေ့ကျင့်မှုများပြုလုပ်မည်ဖြစ်ပြီး ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ မာရာဟာလင်ဖလားပြိုင်ပွဲကို လာမည့် ဇန်နဝါရီ ၉ ရက်မှ ၁၃ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent