၂၀၁၄ ခုနှစ်အတွင်း လာလီဂါ ဂိုးဖန်တီးမှုအများဆုံးတွင် ဒီမာရီယာ ဒုတိယနေရာ၌ရှိခဲ့

၂၀၁၄ ခုနှစ်အတွင်း လာလီဂါ ဂိုးဖန်တီးမှုအများဆုံးတွင် ဒီမာရီယာ ဒုတိယနေရာ၌ရှိခဲ့
Published 24 December 2014

မန်ယူအသင်း တောင်ပံကစားသမား ဒီမာရီယာသည် လာလီဂါပြိုင်ပွဲ၏ ၂ဝ၁၄ ခုနှစ်အတွင်း ဂိုးဖန်တီးမှုအများဆုံးကစားသမားစာရင်းတွင် ဒုတိယနေရာ၌ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။ ဒီမာရီယာအနေဖြင့် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ရီးယဲလ်အသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ခဲ့သော်လည်း ယခုစာရင်းတွင်မူ ထိပ်ဆုံးတွင်ရှိနေသည့် မက်ဆီထက် တစ်ကြိမ်သာ လျော့နည်းခဲ့ကာ ၁၄ ကြိမ်တိတိ  ဖန်တီးပေးနိုင်ခဲ့သည်။၂ဝ၁၄ ခုနှစ် တစ်နှစ်တာလုံးကို ထည့်သွင်းခဲ့ခြင်းဖြစ်ပြီး ဒီမာရီယာမှာ ဇန်နဝါရီမှ မေလအထိ ငါးလသာကစားခဲ့ရသော်လည်း စွမ်းဆောင်မှုကောင်းကို ပြသနိုင်ခဲ့ခြင်းဖြစ်သည်။ တတိယနေရာတွင် ရီးယဲလ်တိုက်စစ်မှူး စီရော်နယ်လ်ဒိုနှင့် အက်သလက်တီကို တောင်ပံကစားသမား ကိုကီတို့က ၁၃ ကြိမ်စီဖြင့် ပူးတွဲရှိနေပြီး ဘီလ်ဘာအိုအသင်းမှ ဆူဆေတာက ၁၂ ကြိမ်ဖြင့် စတုတ္ထနေရာ၊ ဘန်ဇီမာ(ရီးယဲလ်)၊ ဖီဂူလီ(ဗလင်စီယာ)၊ ဆာဂျီယိုဂါစီယာ(အက်စ်ပန်ညို)တို့မှာ ၁၁ကြိမ်စီဖြင့် အဆင့်ငါးနေရာတွင် ပူးတွဲရပ်တည်ခဲ့သည်။ ထိပ်ဆုံးပိုင်းတွင် ပါဝင်ခဲ့သူများအနက် ဒီမာရီယာမှအပ ကျန်ကစားသမားများမှာ လာလီဂါတွင် ရှိနေဆဲပင်ဖြစ်သည်။   

Most Read

Most Recent