စစ်ပွဲများ၊ နိုင်ငံရေးအားပြိုင်မှုများနှင့်အတူ ဘက်စုံချွတ်ခြုံကျပျက်စီးနေသောနိုင်ငံတော်ကို အမြန်ဆုံးပြန်လည်တည့်မတ်ရမည့်အခြေအနေမျိုးဖြစ်နေဟု ပထမအကြိမ် UNA ညီလာခံသို့တင်သွင်းသည့် နိုင်ငံရေးအစီရင်ခံစာတွင်သုံးသပ်ထား

စစ်ပွဲများ၊ နိုင်ငံရေးအားပြိုင်မှုများနှင့်အတူ ဘက်စုံချွတ်ခြုံကျပျက်စီးနေသောနိုင်ငံတော်ကို အမြန်ဆုံးပြန်လည်တည့်မတ်ရမည့်အခြေအနေမျိုးဖြစ်နေဟု ပထမအကြိမ် UNA ညီလာခံသို့တင်သွင်းသည့် နိုင်ငံရေးအစီရင်ခံစာတွင်သုံးသပ်ထား
Published 23 December 2014
ဇာလီမြင့်ဦး

ကြာတောင့်ကြာရှည်ဖြစ်ပွားခဲ့သည့် စစ်ပွဲများ၊ နိုင်ငံရေးအားပြိုင်မှုများနှင့်အတူ ဘက်စုံထောင့်စုံ ချွတ်ခြုံကျပျက်စီးနေသောနိုင်ငံတော်အား အမြန်ဆုံးပြန်လည်တည့်မတ်မှဖြစ်တော့မည့် အခြေအနေမျိူးဖြစ်နေကြောင်း ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ (UNA) ၏ ပထမအကြိမ်ညီလာခံသို့တင်သွင်းသည့် နိုင်ငံရေးအစီရင်ခံစာတွင် ထည့်သွင်းသုံးသပ်ထားသည်။UNA ညီလာခံကို ဒီဇင်ဘာ ၂၂ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တက်ရောက်လာသည့် UNA အဖွဲ့ဝင် နိုင်ငံရေးပါတီခေါင်းဆောင်များက အဆိုပါနိုင်ငံရေးအစီရင်ခံစာကို သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။အဆိုပါနိုင်ငံရေးအစီရင်ခံစာတွင် UNA စတင်ဖွဲ့စည်းခဲ့သည့်အချိန်မှစ၍ လက်ရှိအချိန်အထိ ၁၂ နှစ်တာကာလအတွင်းဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးအလှည့်အပြောင်းများ၊ ဒီမိုကရေစီရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆောင်ရွက်ချက်များ၊ ရွေးကောက်ပွဲ၊ လွှတ်တော်၏အပြောင်းအလဲများအပြင် လက်ရှိအပစ်အခတ်ရပ်စဲရေးဆိုင်ရာလုပ်ငန်းစဉ်များအပေါ် သုံးသပ်ဖော်ပြထားသည်။ ထို့ပြင် အစိုးရက တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ်အပြီး လုပ်ဆောင်မည်ဆိုသည့် ပြည်ထောင်စုအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ မည်သို့စတင်နိုင်မည်နှင့် လက်ရှိနိုင်ငံရေးအခြေအနေတို့ကို သုံးသပ်ဖော်ပြထားသည်။လက်ရှိနိုင်ငံရေးအလှည့်အပြောင်းများနှင့်ပတ်သက်၍ နိုင်ငံရေးချိန်ခွင်လျှာအား ပြန်လည်ချိန်ညှိကြည့်ပါက ဒီမိုကရေစီလိုလားသူများဘက်က တဖြည်းဖြည်းလျော့ကျလာနေပြီး ယခင်စစ်ဗိုလ်ချုပ်ကြီးများမှနေ၍ အရပ်ဝတ်ပြောင်းလဲထားသော ယခုအရပ်သားအစိုးရနှင့် လွှတ်တော်ကိုယ်စားလှယ်ကြီးများဘက်က တစ်စတစ်စအလေးသာလျက်ရှိသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီလိုလားသောအုပ်စုများဘက်တွင် အဓိကအခက်အခဲမှာ ခေါင်းဆောင်မှုပျောက်ဆုံးနေခြင်းနှင့် မည်သူကဦးဆောင်နေသည်ကို စစ်အစိုးရဟောင်းများဘက်ကလောက် တိတိပပသတ်မှတ်နိုင်ခြင်းမရှိကြောင်း သုံးသပ်ထားသည်။မည်သည်ကိုဦးတည်ဆောင်ရွက်ရမည်ကိုလည်း အများစုညှိနှိုင်းထားနိုင်ခြင်းမရှိဖြစ်နေ၍ ကိုယ့်အစုအဖွဲ့နှင့် ကိုယ်ထင်ရာကိုယ်လုပ်နေသလိုဖြစ်နေကြောင်း၊ စုစည်းပေးနိုင်သည့်ပုဂ္ဂိုလ်ကိုလည်း ရှာမတွေ့နိုင်ဖြစ်နေသည့်အတွက် ဒီမိုကရေစီခေါင်းဆောင်များ၏ ပစ်ပယ်ထားသောအပယ်ခံများလို ဖြစ်နေကြောင်း၊ ထို့အတွက် ဒီမိုကရေစီထူထောင်ရေးအဖွဲ့သား အစုအဖွဲ့များအတွက် အလွန်အရေးကြီးသောလိုအပ်ချက်ဖြစ်နေသည့်အတွက် စဉ်းစားအဖြေရှာကြရန် အထူးလိုအပ်လျက်ရှိကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။ထို့အပြင် ဒီမိုကရေစီနိုင်ငံရေးစနစ်နှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကိုသုံးသပ်ကြည့်မည်ဆိုပါက ယခင်က ဖက်ဒရယ်ဟုဆိုလိုက်လျှင် ခါးခါးသီးသီးလုံးဝဆန့်ကျင်ခဲ့သောပုဂ္ဂိုလ်များသည် ယခုအခါ အဘယ်ကြောင့်ဖက်ဒရယ်စနစ်ကို ပြောင်းလဲထောက်ခံလာကြခြင်းကို သုတေသနပြုသင့်သည်ဟုထင်ကြောင်း ဖော်ပြထားသည်။လက်ရှိတွင် အုပ်ချုပ်ရေးမဏ္ဍိုင်ဖြစ်သည့် နိုင်ငံရေးအားပြိုင်မှုများအဖြစ် အစိုးရနှင့် ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်သည့် လွှတ်တော်များ၏အားပြိုင်မှုမှာ စိတ်ဝင်စားဖွယ်အကောင်းဆုံးသော အားပြိုင်မှုဖြစ်နေကြောင်းလည်း အစီရင်ခံစာကဆိုသည်။ မြန်မာ့နိုင်ငံရေးလောကတွင် လေးပွင့်ဆိုင်၊ ၁၄ ပွင့်ဆိုင်၊ ခြောက်ပွင့်ဆိုင်များဖြင့် ရှုပ်ထွေးလျက်ရှိရာ နောက်ဆုံးအနေဖြင့် ရန်ကုန်တိုင်းလွှတ်တော်က ခြောက်ပွင့်ဆိုင်အစား ၁၂ ပွင့်ဆိုင်လုပ်သင့်သည်ဟုဆုံးဖြတ်ခဲ့ကြောင်းနှင့် အထူးသဖြင့် အစိုးရက ၁၄ ပွင့်ဆိုင်လုပ်နေဆဲမှာတင် လွှတ်တော်က ခြောက်ပွင့်ဆိုင်ကို ထပ်မံအဆိုပြုလိုက်သောကြောင့် အစိုးရနှင့်လွှတ်တော်တို့၏အားပြိုင်မှုမှာ မမျှော်လင့်ဘဲကြီးထွားနေခဲ့ကြောင်း သုံးသပ်ထားသည်။  ထို့အပြင် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရာတွင်လည်း အစိုးရဘက်က သဘောတူချင်သောဆန္ဒရှိနေသလို လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများဘက်ကလည်း ဆန္ဒရှိနေကြကြောင်း၊ သို့သော်လည်း အစိုးရအဆက်ဆက်၏ ကတိကဝတ်များကို မကြာခဏပြောင်းလဲတတ်သော အလေ့အထရှိခဲ့ဖူးသောကြောင့် တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှုတည်ဆောက်ရန်လိုအပ်နေဆဲဟု လေ့လာမိသည်ဟုဖော်ပြထားသည်။  ထို့အပြင် မြန်မာနိုင်ငံရေးတွင် ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးများသည် လက်ငင်းအားဖြင့် အဓိကလိုအပ်ချက်များဖြစ်နေသလို တစ်ခုနှင့်တစ်ခုလည်း ဆက်နွှယ်နေသဖြင့် တစ်ခုတည်းကို သီးသန့်ဖြေရှင်း၍မရနိုင်ကြောင်း စသည်ဖြင့်ဖော်ပြထားသည်။ညီလာခံတွင် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ရန် (သို့မဟုတ်) အသစ်ပြန်ရေးရန် မည်သို့မည်ပုံနည်းလမ်းများဖြင့် ဆောင်ရွက်သင့်ကြောင်း၊ ပြည်ထောင်စုအဆင့်ညီလာခံကျင်းပနိုင်ရန် လိုအပ်သော မူဘောင် (အခြေခံများ) နှင့် ထိုညီလာခံကြီးမပေါ်ပေါက်သေးမီကာလအတွင်း အကြိုနိုင်ငံရေးဆွေးနွေးပွဲများကျင်းပနိုင်ရန် မည်သို့ဆောင်ရွက်သင့်ကြောင်း စသည်တို့ကို အဓိကဆွေးနွေးခဲ့ကြောင်း သိရသည်။ညီလာခံသို့ UNA အဖွဲ့ဝင် ပါတီရှစ်ခုမှ တစ်ပါတီလျှင် ပါတီခေါင်းဆောင် ၁၀ ဦးစီတက်ရောက်ဆွေးနွေးခဲ့ပြီး ပါတီအားလုံးသဘောတူညီသည့် နိုင်ငံရေးအစီရင်ခံစာတစ်စောင်ကို ပြန်လည်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။UNA ကို ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်အမျိုးသားပါတီ၊ မွန်အမျိုးသားပါတီ၊ ကယန်းအမျိုးသားပါတီ၊ ကရင်အမျိုးသားပါတီ၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊ ကချင်အမျိုးသားဒီမိုကရေစီကွန်ဂရက်နှင့် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်တို့ဖြင့် ဖွဲ့စည်းထားသည်။   

Most Read

Most Recent