ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ Myanmar Peace Center တွင် ဒီဇင်ဘာ ၂၂ ရက်ကစတင်ပြုလုပ်ခဲ့ရာ တပ်မတော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ခြင်းမရှိပေ။အလားတူ ယင်းဆွေးနွေးပွဲသို့ NCCT အဖွဲ့ခေါင်းဆောင်နိုင်ဟံသာနှင့် ဒုတိယအဖွဲ့ခေါင်းဆောင် (၂) ဗိုလ်ချုပ်ဂွမ်မော်တို့လည်း တက်ရောက်ခဲ့ခြင်းမရှိဘဲ NCCT ဒုတိယအဖွဲ့ခေါင်းဆောင် (၁) ပဒိုစောကွယ်ထူးဝင်း၊ ဒေါက်တာဆလိုင်းလျန်မှုန်း၊ ဗိုလ်မှူးကြီးခွန်ဥက္ကာတို့ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့တို့သာတက်ရောက်ခဲ့သည်။ယခုဆွေးနွေးပွဲသို့ အစိုးရအဖွဲ့မှ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးအောင်မင်း၊ ဦးခင်ရီ၊ ဦးခင်မောင်စိုး၊ ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းနှင့် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်တို့တက်ရောက်ခဲ့သည်။နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းက "ကျွန်တော့်အနေနဲ့ကတော့ ပဉ္စမအကြိမ်အထိကတော့ဖြင့် အမှတ် (၄) စစ်ဆင်ရေးအထူးအဖွဲ့မှူးတာဝန်နဲ့ နယ်စပ်ရေးရာပြည်ထောင်စုဝန်ကြီးတာဝန်နဲ့ လာရောက်ပြီးတော့ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပေမယ့် ဆဋ္ဌမအကြိမ်မြောက်ကနေစပြီး အမှတ် (၄) စစ်ဆင်ရေးအထူးအဖွဲ့မှူးတာဝန်ကိုတော့ဖြင့် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးကိုလွှဲပြောင်းပေးပြီးတော့မှ နယ်စပ်ရေးရာပြည်ထောင်စုဝန်ကြီးအနေနဲ့ပဲ အခုလို အစည်းအဝေးတက်ရောက်ဆွေးနွေးတာဖြစ်ပါတယ်" ဟုပြောကြားသည်။ပြီးခဲ့သည့်စက်တင်ဘာလကပြုလုပ်ခဲ့သည့် UPWC နှင့် NCCT တို့၏ ဆဋ္ဌမအကြိမ်မြောက် အပစ်အခတ်ရပ်စဲရေးညှိနှိုင်းမှုဆွေးနွေးပွဲတွင် တပ်မတော်ကိုယ်စားလှယ်များအဖြစ် ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး၊ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်တို့ပါဝင်သည့် တပ်မတော်ကိုယ်စားလှယ်များတက်ရောက်ခဲ့သည်။စက်တင်ဘာလကပြုလုပ်ခဲ့သည့်ဆွေးနွေးပွဲတွင် မပြေလည်မှုများဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်းတွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများ၊ ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး နှစ်ဘက်စလုံး၌ သေဆုံးထိခိုက်မှုများဖြစ်ပေါ်ခဲ့ရာ အပစ်ရပ်စဲရေးဆွေးနွေးမှုများ ရှေ့မတိုးနိုင်ဘဲဖြစ်နေသည်။ ယခု UPWC နှင့် NCCT တို့၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲမှာ UPWC နှင့် NCCT တို့၏ သတ္တမအကြိမ်မြောက် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုဆွေးနွေးပွဲပြုလုပ်ရန်နှင့် အောင်မြင်မှုရရှိရန်အတွက် အကြိုတွေ့ဆုံဆွေးနွေးခြင်းဖြစ်သည်။
အပစ်ရပ်စဲရေးဆွေးနွေးပွဲအတွက်ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ တပ်မတော်ကိုယ်စားလှယ်များမတက်ရောက်