လက်နက်ကိုင်အဖွဲ့များနှင့် PDF များလုပ်ဆောင်သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် သတ်ဖြတ်မှု မြင့်တက်လာသည်ဟု ကုလသမဂ္ဂလူ့အခွင့်အရေး အထူးသံတမန်၏အစီရင်ခံစာတွင် ဖော်ပြ

လက်နက်ကိုင်အဖွဲ့များနှင့် PDF များလုပ်ဆောင်သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် သတ်ဖြတ်မှု မြင့်တက်လာသည်ဟု ကုလသမဂ္ဂလူ့အခွင့်အရေး အထူးသံတမန်၏အစီရင်ခံစာတွင် ဖော်ပြ
Published 19 October 2023

လက်နက်ကိုင်အဖွဲ့များနှင့် PDF များလုပ်ဆောင်သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် သတ်ဖြတ်မှုမြင့်တက်လာသည်ဟု ကုလသမဂ္ဂလူ့အခွင့်အရေး အထူးသံတမန်၏အစီရင်ခံစာတွင် ဖော်ပြထားသည်။

လူ့အခွင့်အရေးကောင်စီဆုံးဖြတ်ချက် ၅၂/၃၁ နှင့်အညီ သောမတ်အိတ်ချ်အန်ဒရူးစ် တင်သွင်းသည့် မြန်မာ့လူ့အခွင့်အရေးအခြေအနေနှင့်စပ်လျဉ်း၍ အထူးသံတမန်၏ အစီရင်ခံစာတွင် အထက်ပါကဲ့သို့ ဖော်ပြထားခြင်းဖြစ်ပြီး ယင်းအစီရင်ခံစာကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ကုလသမဂ္ဂ အထွေထွေညီလာခံသို့ လွှဲပြောင်းပေးခဲ့သည်။

အဆိုပါအစီရင်ခံစာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် PDF များအပါအဝင် အခြားလက်နက်ကိုင်အဖွဲ့များက လုပ်ဆောင်သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု မြင့်တက်လာသည်ဟူသော သတင်းများကို အမျိုးသမီးအုပ်စုများက အထူးသံတမန်အား ပြောကြားခဲ့သည်ဟု ပါရှိသည်။

အစိုးရဆန့်ကျင်ရေး လက်နက်ကိုင်အုပ်စုများက အုပ်စုဖွဲ့ မုဒိမ်းကျင့်သည်ဟုဆိုပြီး မုဒိမ်းကျင့်ပြီးနောက် သတ်ဖြတ်ပစ်သည်ဟု အမျိုးသမီးအုပ်စုများက ပြောကြားသည်။ ကလေးသူငယ်မုဒိမ်းမှုလည်းရှိသည်ဟု အစီရင်ခံစာတွင်ပါရှိသည်။

လည်ပတ်နေသည့် တရားရေးစနစ်မရှိခြင်း၊ တရားဥပဒေစိုးမိုးမှုမရှိခြင်းတို့ကြောင့် အဆိုပါကျူးလွန်မှုများနှင့်သက်ဆိုင်သော သတင်းများကို ဖော်ပြခြင်းမရှိပေ။

လက်နက်ကိုင်အုပ်စုများက ၎င်းတို့ထိန်းချုပ်ထားသောနယ်မြေများတွင် ခြိမ်းခြောက်မှုများပြုလုပ်ခြင်း၊ လက်စားချေခြင်းတို့နှင့်ပတ်သက်၍ PDF များကို ပြန်လည်ဝေဖန်ရမည်ကို စိုးရိမ်ရခြင်းတို့ကြောင့် အသက်ရှင်ကျန်ရစ်သူများက ပြစ်မှုကျူးလွန်ခြင်းများနှင့်ပတ်သက်၍ သတင်းပေးရန် စိုးရိမ်လျက်ရှိကြောင်းလည်း အစီရင်ခံစာတွင် ပါရှိသည်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်း၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခံရခြင်း၊ လိင်ပိုင်းဆိုင်ရာ မတော်မတရားလုပ်ခံရခြင်းတို့နှင့်စပ်လျဉ်း၍ ကျူးလွန်ခံရသူများကို အကာအကွယ်ပေးသည့်မူဝါဒအား အကောင်အထည်ဖော်နေကြောင်း အထူးသံတမန်ကို NUG အဖွဲ့က အသိပေးခဲ့သည်ဟု ဆိုသည်။

ထို့ပြင် တိုင်ကြားမှုများ၊ စောင့်ကြည့်ရေးလုပ်ငန်းများ၊ ဒုက္ခရောက်ခဲ့သူများကို ကူညီရေး၊ ပညာပေးအစီအစဉ်များနှင့်ပတ်သက်လည်း NUG က အသိပေးခဲ့သည်။ သို့ရာတွင် လက်တွေ့အခြေအနေတွင် လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရသူများနှင့် ယင်းသို့ကျူးလွန်ခံရသော်လည်း အသက်မသေသူများသည် လျော်ကြေးမရဟုဆိုသည်။ ကျူးလွန်သူအများစုသည် ၎င်းတို့ကျူးလွန်သော ပြစ်မှုများအတွက် တရားစီရင်မခံရဟု အစီရင်ခံစာတွင် ပါရှိသည်။

ထိုသို့ အစီရင်ခံစာတွင်ဖော်ပြထားသော်လည်း တိကျစွာဖော်ပြခြင်းမရှိသည့်အတွက် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ကန့်ကွက်မှုပြုလုပ်ထားပြီး ယင်းကန့်ကွက်ချက်တွင် နှစ်နှစ်ကြာကာလအတွင်း နိုင်ငံတစ်ဝန်း လုပ်ကြံသတ်ဖြတ်ခံရသူ ကလေး ၂၂၈ ဦးနှင့် ဝန်ထမ်း ၂၇၄ ဦးအပါအဝင် ဦးရေ ၆၆၀၀ ကျော်ရှိပြီဖြစ်ကြောင်း၊ အဆိုပါသတ်ဖြတ်မှုများအတွက် တာဝန်ရှိသည့် NUG နှင့် PDF အုပ်စုများက ကျူးလွန်သည့် အလွန်ဆိုးရွားသောရာဇဝတ်မှုများကို မဟာမင်းကြီး၏ အစီရင်ခံစာတွင် သိသာစွာ လျှော့ပေါ့ဖော်ပြခဲ့ကြောင်း၊ ယင်းအဖွဲ့အစည်းများ၏ ပြည်သူများကို ရက်စက်စွာသတ်ဖြတ်မှုများ၊ ၎င်းတို့အချင်းချင်း အပြန်အလှန်တိုက်ခိုက်မှု၊ သတ်ဖြတ်မှုသတင်းများ ကျယ်ပြန့်စွာထွက် ပေါ်လျက်ရှိသော်လည်း ဘက်လိုက်သောအစီရင်ခံစာရေးသားသူသည် ယင်းသို့သောသတင်းများကို အလေးမထားခဲ့ကြောင်း တွေ့ရှိရသည်ဟု ဖော်ပြထားသည်။

Most Read

Most Recent