ရေကြီးခြင်းဆိုတာ ပုံမှန်အနေနဲ ့ခြောက်သွေ့နေတဲ့မြေနေရာများ ရေစီးမှုကြောင့်နစ်မြုပ်သွားခြင်းကိုခေါ်ပါတယ်။ ယခုအခါမြန်မာနိုင်ငံပဲခူးမြို့၊ ဝေါမြို့၊ကျိုက်ထိုမြို့၊ပြင်ဦးလွင်မြို့တို့မှာ ရေကြီးရေလျှံခြင်းဘေးအန္တရာယ်ခံစားကြရပါတယ်။
ဥရောပသမဂ္ဂရေကြီးမှုညွှန်ကြားချက်ရဲ့အဆိုအရပုံမှန်အနေနဲ့ရေဖုံးလွှမ်းမနေတဲ့မြေများရေဖုံးလွှမ်းခြင်းလိုအဓိပ္ပါယ်ရပါတယ်။ ရေစီးမှုဆိုရာမှာ လှိုင်းများကုန်းတွင်းပိုင်း ဝင်ရောက်ခြင်းလည်း ပါဝင်ပါတယ်။
ရေရှိရာနေရာများဖြစ်တဲ့မြစ်များနဲ့ရေကန်တွေမှာတာရိုးများပေါ်မှရေကျော်ခြင်းနဲ့ ကျိုးပျက်ခြင်းတို့ကြောင့်ရေလျှံကျပြီး အချို့ရေများ ပုံမှန်တည်ရှိရာနယ်နိမိတ်ကိုကျော်လွန်ထွက်သွားတဲ့အခါမှာ ရေကြီးခြင်းဖြစ်ပေါ်တတ်ပါတယ်။ ဒါ့ပြင်ရေစိမ့်မဝင်နိုင်တဲ့မြေပေါ်မှာ မိုးရေများအများအပြားကျရောက်ခြင်းက ရေကြီးမှုဆိုးစေပါတယ်။ ရေကန်များနဲ့ အခြားရေရှိရာနေရာများရဲ့အရွယ်အစားမှမိုးရေချိန် (သို့မဟုတ်) ဆီးနှင်းပျော်ကျမှုပေါ်မူတည်ကာ ပြောင်းလဲတတ်ပေမဲ့ ပစ္စည်းပစ္စယများနစ်မြုပ်ခြင်း၊ ပျက်စီးခြင်း၊ အိမ်မွေးသတ္တဝါများရေနစ်ခြင်း၊ လူများရေနစ်ခြင်း၊ ရေစီးနဲ့မျောပါခြင်းတို့မဖြစ်ပေါ်ပါက ထူးခြားမှုရှိတယ်လို့မသတ်မှတ်နိုင်ပါဘူး။
မြစ်များအတွင်းရေစီးနှုန်းများ၊မြစ်ကြောင်းရဲ့ရေထိန်းနိုင်မှုပမာဏကို ကျော်လွန်သွားတဲ့အခါမှာလည်း ရေလျှံခြင်းဖြစ်ပေါ်တတ်ပြီး ပုံမှန်အနေနဲ့မြစ်ကွေ့မြစ်ကောက်နေရာတွေမှာဖြစ်တတ်ပါတယ်။ ရေကြီးမှုကြောင့်မြစ်များရဲ့ရေလျှံကျနိုင်တဲ့နေရာမှာရှိတဲ့အိမ်များနဲ့ စီးပွားရေးလုပ်ငန်းများပျက်စီးနိုင်ပါတယ်။ မြစ်နဲ့ဆိုင်တဲ့ရေကြီးမှုကိုရှောင်လွှဲဖို့အတွက်မြစ် (သို့မဟုတ်) အခြားရေရှိရာနေရာများမှ အဝေးကိုပြောင်းလဲနေထိုင်နိုင်ပေမဲ့ လူများဟာမြေနေရာပြန့်ပြူးခြင်း၊မြေဩဇာကောင်းမွန်ခြင်းနဲ့မြစ်ကိုအသုံးပြုကာ ကုန်သွယ်မှုပြုလုပ်ခြင်းတို့ကြောင့်မြစ်အနီးနေထိုင်လေ့ရှိကြပါတယ်။
အချို့ရေကြီးမှုတွေမှာ တဖြည်းဖြည်းချင်းဖြစ်ပေါ်တတ်ပေမဲ့ ရုတ်တရက်ရေကြီးခြင်းမှာ မိုးအရိပ်အယောင်မှမမြင်ရတဲ့အချိန်မှာ မိနစ်ပိုင်းအတွင်းဖြစ်ပေါ်နိုင်ပါတယ်။ရေကြီးမှုများမှာအိမ်အနီးအနား (သို့မဟုတ်) ပတ်ဝန်းကျင်ကိုထိခိုက်စေတဲ့ဒေသတွင်းရေကြီးခြင်းဖြစ်နိုင်သလို မြစ်ဝှမ်းဒေသတစ်ခုလုံးကိုထိခိုက်စေနိုင်အောင်ကြီးမားတဲ့ရေကြီးမှုများလည်းဖြစ်နိုင်ပါတယ်။
ရေကြီးစဉ်အခါအတွင်း လူများဟာကုန်းပြင်မြင့်များ၊ဘုရားကုန်းများဆီရှောင်တိမ်းသင့်ပါတယ်။ သည်လိုဘေးလွတ်ရာကိုတိမ်းရှောင်ခြင်းကိုရွှေ့ပြောင်းခြင်းလို့ခေါ်တယ်။အချို့ဆိုင်လလုန်းရှက်တာ(Cyclone shelter)ရှိတဲ့အရပ်တွေမှာအုပ်စုလိုက်၊ မိသားစုအလိုက်ခိုလှုံနိုင်ပေမဲ့ ဆိုင်ကလုံးရှက်တာ (cyclone shelter)မရှိတဲ့ဒေသတွေမှာကုန်းမြင့်နေရာကိုအလွတ်ပြောင်းရွှေ့ကြရပါတယ်။
ရေကြီးစဉ်အတွင်း ဘေးပက်လည်မှာရေများဝိုင်းနေပေမဲ့ သောက်ဖို့မသင့်ပါဘူး။တကယ်လို့သောက်သုံးခဲ့ရင်ဝမ်းလျှောခြင်း၊ဝမ်းပျက်ခြင်း၊ကာလဝမ်းရောဂါ၊တိုက်ဖွိုက်(Typhoid)ရောဂါတို့လိုဝမ်းမှတစ်ဆင့် ယင်မှတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါများဖြစ်နိုင်ပါတယ်။ ရေကြီးခြင်းကိုကာကွယ်ဖို့သောက်သုံးရေစုဆောင်းခြင်း၊သဲအိတ်များစုဆောင်းခြင်းတို့ကြိုတင်ပြင်ဆင်နိုင်ပါတယ်။
မြစ်ချောင်းများမှရေကြီးခြင်းကိုကာကွယ်ဖို့ကမ်းနဖူးများဆောက်လုပ်ခြင်း၊ ရေထိန်းနံရံများဆောက်လုပ်ခြင်း၊ မြစ်ကမ်းနဖူးများတည်ဆောက်ခြင်းတို့နဲ့ ကာကွယ်နိုင်ပါတယ်။ အကောင်းဆုံးဥပမာမှာ ပင်လယ်ရေမျက်နှာပြင်အောက် ၁၂ ပေပိုနိမ့်တဲ့နယ်သာလင်နိုင်ငံမှာ ပင်လယ်ရေမဝင်နိုင်ဖို ့ရေထိန်းနံရံများတိုးချဲ့ဆောက်လုပ်လျက်ရှိရာ ရေဖုံးလွှမ်းခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။
မြန်မာနိုင်ငံမှတော့ ပဲခူး၊ ဘီလင်း၊ နောင်ချို၊ ကျိုက်ထိုမြို့တွေမှာ မကြုံစဖူးမိုးရေချိန် ၇ ဒသမ ၅ လက်မအထိ ရွာသွန်းခဲ့ပြီး ရုတ်တရက်ချောင်းရေမြစ်ရေတက်လာကာမိုးအဆက်မပြတ် ရွာသွန်းလို့နောင်ချိုနဲ့ပြင်ဦးလွင်ကြား ရေကြီးရေလျှံမှုဖြစ်ပွားခြင်း၊ ပဲခူးမြို့အနိမ့်ပိုင်းရပ်ကွက်၊ ကျေးရွာများနဲ့ ရန်ကုန်၊မန္တလေးအမြန်လမ်းမကြီးမိုင်ကိုင်အမှတ် ၃၉ မီနီတိုးဂိတ်တို့မှာ ရေကြီးရေလျှံမှုဖြစ်ပွားခြင်း၊ ပဲခူးမြို့နယ်မှာ ယာယီရေဘေး စောင့်ရှောက်ကယ်ဆယ်ရေစခန်း ၂၉ ခုဖွင့်ထားရခြင်း၊ ကျိုက်ထိုမြိုကရပ်ကွက်အချို့မှာ မိုးများလွန်းလို ့ကော့စံနိုင်ရပ်ကွက်အပါဝင်အနိမ့်ပိုင်းရပ်ကွက်များရေကြီးရေလျှံမှု၊မိုးသည်းထန်ရွာသွန်းမှုကြောင့်ရထားလမ်းပိုင်းရေကျော်နေလို ့ရန်ကုန်မှမန္တလေးထွက်ခွာမယ့်အမြန်ရထားနှစ်စင်းပြေးဆွဲနိုင်ခြင်းမရှိသလို ရန်ကုန်၊မော်လမြိုင်ရထားလမ်းပိုင်းရေကျော်နေလို့ရထားများပြေးဆွဲနိုင်ခြင်းမရှိဘဲ လူများကိုအိတ်စ်ပရက်(express)ကားကြီးများနဲ့သယ်ထုတ်ကာလိုရာခရီးပို့ဆောင်ပေးနေကြောင်းစက်တင်ဘာ ၉ ရက်သတင်းအရသိရပါတယ်။စက်တင်ဘာ ၁၁ ရက်မှာတော့ ပဲခူးမြို့မှာ သိသိသာသာရေကျသွားပြီး ကယ်ဆယ်ရေစခန်းအချို့ပိတ်ခဲ့ပြီလို့သိရပါတယ်။
ငလျင်၊ မုန်တိုင်း၊ မီးဘေး၊ အကြမ်းဖက်တိုက်ခိုက်မှုတွေက အသက်ရှင်လွတ်မြောက်ဖို့၊ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ဖို့လိုအပ်တဲ့အခြေအနေဖြစ်လာပါပြီ။
ဥပမာ မုန်တိုင်းသတိပေးချက်ရလာရင် စိတ်ပိုင်းဆိုင်ရာ ကြံ့ကြံ့ခိုင်ဖို့လိုပါတယ်။ မိသားစုဝင်တွေပါ သဘာဝဘေး ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။ သဘာဝဘေးခိုလှုံနိုင်တဲ့ ကယ်ဆယ်ရေးစခန်းတွေကြိုတင်လေ့လာထားရပါမယ်။ နေအိမ်ကြံ့ခိုင်အောင်လုပ်ရမယ်။ သွပ်အမိုးတွေမှာ ရေတံလျှောက်တပ်ဆင်ထားရမယ် ။ သွပ်အမိုးတွေမလန်နိုင်အောင်ဖို့ပဲ။ မီးလောင်လွယ်တဲ့ ပစ္စည်းတွေဖယ်ရှားပေးရမယ်။ မီးခိုးအာရုံခံကိရိယာတွေတပ်ဆင်ပြီး ဘက်ထရီ (ဓာတ်ခဲ) လဲပေးသင့်ပါတယ် ။ တစ်နှစ်တစ်ခါလဲပေးသင့်တယ်။ အရေးပေါ်အတွက်ကြိုတင်စုဆောင်းရပါမယ်။ လျှပ်စစ်၊ ရေ၊ ဖုန်းလိုင်းနဲ့ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နိုင်ပါတယ်။ ကားရှိရင်ဆီတိုင်ကီမှာ တစ်ဝက်လောက်ဆီဖြည့်ထားရမယ်။ အရေးပေါ်သုံးပစ္စည်းတွေထည့်ထားတဲ့ အိတ်နဲ့ အစာရေစာတစ်ပတ်စာ အသင့်စုဆောင်းထားရပါမယ်။
ဖုံးနံပါတ်၊ အရေးပေါ်နံပါတ်တွေ စုဆောင်းထားရမယ်။ ထွက်ပြေးမယ့်လမ်းကြောင်းသတ်မှတ်ပြီး အစမ်းလေ့ကျင့်ထားသင့်တယ်။ အဆောက်အအုံတွေရဲ့ အရေးပေါ်ထွက်ပေါက်တွေ "မလွယ်ပေါက်" အရေးပေါ် လှေကားတွေအသုံးတည့်ရမယ်။ “မိသားစုဆုံရပ်’ တစ်ခုရွေးထားပြီး ဘုန်းကြီးကျောင်း၊ ဘုရားပရဝုဏ်၊ စာကြည့်တိုက်မှာ သွားလာတတ်အောင်ပြထားရမယ်။ သက်ကြီးရွယ်အိုတွေ၊ နာမကျန်းသူတွေ၊ ကလေးသူငယ်တွေ ကူညီသင့်သူတွေ ကူညီပေးဖို့ ပတ်ဝန်းကျင် အကူအညီရအောင် ဆောင်ရွက်ထားဖို့စီစဉ်သင့်ပါတယ်။
ချက်ချင်းလုပ်ဆောင်ရမှာတွေ ရှိတယ်။ မီးလောင်တဲ့အခါ ထိတ်ထိတ်ပျာပျာဖြစ်သွားတတ်ပါတယ်။ တကယ်ဆိုရင် တစ်ယောက်က စောင့်ကြည့်ပြီး၊ မီးနဲ့ အလှမ်းဝေးသေးရင်၊ ကိုယ့်ဘက်ရောက်မလာသေးခင် လုပ်သင့်တာလုပ်သွားဖို့ လိုတယ် ။ ရုံးတွေမှာ “မီးလောင်ရင် ဦးစားပေးရွှေ့” စာကပ်ထားသလို ဦးစားပေးသင့်တာရွှေ့ပြောင်းရမယ်။ လူတွေကိုဦးစားပေးအလိုက်၊ ဘေးလွတ်ရာထွက်ပြေးစေသင့်ပါတယ်။ မီးတကယ်လောင်ရင်ကြမ်းပြင်နဲ့ ခပ်နီးနီးထွက်ပေါက်ဆီ အမြန်ဆုံးသွားကာ ဘေးလွတ်ရာရှောင်နိုင်ရမယ်။ မီးခိုးကြောင့်ဘာမှ မမြင်တော့ဘဲမီးခိုးမွန်းကာသေနိုင်ပါတယ်။ ပစ္စည်းတွေပြန်ယူဖို့မကြိုးစားသင့်ပါဘူး။ အချိန်မဆွဲသင့်ပါဘူး။ စက္ကန့်ပိုင်းအတွင်း အသက်ဆုံးရှုံးနိုင်လို့ အသက်ရှင်လွတ်မြောက်ရေးကို ကြိုးပမ်းပေးသင့်ပါတယ်။
ငလျင်လှုပ်တဲ့အခါ ခိုင်ခံ့တဲ့ ပရိဘောဂအောက်ဝင်နေသင့်တယ်။ နောက်ဆက်တွဲ ငလျင်တွေလှုပ်နိုင်လို့ အိမ်ပြင်ထွက်ပြီး အိမ်နဲ့ ဝေးရာ အမြန်ဆုံးပြေးထွက်ရမယ်။ ကယ်ဆယ်ရေးအဖွဲ့တွေကြာနိုင်တဲ့အတွက် အခြားသူတွေ တတ်နိုင်သလောက်ကူညီပေးသင့်တယ် ။
ဆူနာမီဖြစ်တဲ့အခါ ကမ်းခြေကနေလှိုင်းလုံးကြီးတွေရုတ်တရက်တက်လာရင် ကုန်းမြင့်ပိုင်းဆီပြေးရပါမယ်။ လှိုင်းလုံးကြီးတွေ ဆက်တိုက်တက်လာနိုင်တယ်။ လေဆင်နှာမောင်း၊ လေမုန်တိုင်းတိုက်တဲ့အခါကယ်ဆယ်ရေးဌာနဆီ အမြန်ဆုံးဆက်သွယ်ရမယ်။
ရေကြီးတဲ့အခါ ရေမြုပ်နေတဲ့ အဆောက်အအုံကနေ ထွက်ခွာရမယ်။ ရေထဲလျှောက်သွားနေတာ၊ ကားမောင်းတာမလုပ်သင့်ပါဘူး။ ရေညစ်ပတ်ပြီး အမှိုက်သရိုက်တွေနဲ့ မြေအောက်မီးကြိုးစတဲ့အန္တရာယ်တွေရှိနိုင်တယ်။ နှစ်ပေလောက် နက်ပြီး အရှိန်နဲ့ စီးနေတဲ့ ရေက ကားတစ်စီးကိုတိုက်ချသွားနိုင်ပါတယ်။ အရှိန်နဲ့ ရေစီးနေချိန်မှာ ကားမောင်းဖို့ကြိုးစားတဲ့ သူတွေဟာ ရေစီးနဲ့ မျောပြီးသေတတ်တယ်။ နေရာရွှေ့ပြောင်းဖို့လူမှုအဖွဲ့တွေက၊ အာဏာပိုင်က ပြောလာရင်ချက်ချင်း လုပ်ဆောင်သင့်တယ်။ သက်စွန့် ဆံဖျားလိုက်ရှာတာမျိုး မဖြစ်အောင်ကိုယ်ဘယ်မှာ ရှိမှန်း မိတ်ဆွေတွေ၊ မိသားစုတွေ အသိပေးထားသင့်ပါတယ်။ အိမ် (သို့မဟုတ်) ကယ်ဆယ်ရေးစခန်းမှာနေဖို့ အာဏာပိုင်တွေက ပြောထားရင်လိုက်နာရပါမယ်။
ဇီဝဓာတု၊ ဓာတုနဲ့ နျူကရိယားပေါက်ကွဲမှု (သို့မဟုတ်) တိုက်ခိုက်မှုဖြစ်ခဲ့ရင် အိမ်ထဲမှာပဲနေသင့်တယ်။ လေဝင်ပေါက်၊ တံခါး၊ ပြူတင်းပေါက် အားလုံးပိတ်ထားရမယ်။ နျူကလီယားပေါက်ကွဲမှုဖြစ်ခဲ့ရင် ဓာတ်ရောင်ခြည်သင့်မှုနည်းနိုင်သမျှနည်းအောင် နေအိမ်ရဲ့ အောက်ဆုံးထပ်သွားသင့်ပါတယ်။ တီဗီသတင်း၊ ရေဒီယိုသတင်း နားထောင်သင့်ပါတယ်။ အန္တရာယ်ကင်းပြီလို့ ကြေညာချိန်အထိ အိမ်ထဲမှာ နေသင့်ပါတယ်။
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အရေးပေါ်သုံးပစ္စည်းတွေ စုဆောင်းဖို့ နှစ်စဉ်လိုအပ်နေတယ်။ စောင်၊ အနွေးထည်၊ အကြမ်းခံဖိနပ်များ၊ ဓာတ်မီး၊ ဓာတ်ခဲ ထည့်သုံးတဲ့ ရေဒီယို(သို့မဟုတ်) လက်လှည့်ရေဒီယို ၊ ဟန်းဖုန်းဓာတ်ခဲအပိုများ၊ ရှေးဦးသူနာပြုအိတ်၊ အချက်ပြဝီစီ၊ ပန်းကန်ခွက်ယောက်၊ ပုလင်းဖောက်တံ ၊အိတ်ဆောင်ဖုန်း၊ ကိရိယာအစုံ၊ ရေစိုခံမီးခြစ်၊ သွားတိုက်တံ၊ ဆပ်ပြာ၊ တဘက်၊ တစ်သျှူး၊ နှာခေါင်းစည်း၊ ရေစိုခံတိပ်၊ မိုးကာ၊ ကလေးအသုံးအဆောင်များ၊ အသက်ကြီးသူနဲ့ မသန်စွမ်းသူတွေအတွက် အသုံးအဆောင်များ၊ လူတစ်ယောက်တစ်နေ့ရေသုံးဂါလန်နှုန်းနဲ့ ကြာရှည်ခံအစားအစာ သုံးရက်စာဆောင်ထားရမယ်။
လိုအပ်တဲ့ ဆေး၊ ဆေးညွှန်း၊ စာရင်း၊ အရေးကြီးဆုံးစာရွက်စာတမ်း၊ ထည့်ထားတဲ့ရေလုံတဲ့ဘူး၊ အရေးပေါ်ဆက်သွယ်ရမယ့် သူတွေ နဲ့ ဖုန်း၊ စာရင်း၊ ဆုံရပ်၊ ရပ်ကွက်၊ မြို့မြေပုံ ၊ငွေထုတ်ကတ် ၊ဘဏ်စုစာအုပ်နဲ့ငွေ ၊အိမ်သော့ ၊ ကားသော့အပိုများ ၊ကလေးကျောင်းစာအုပ် ၊ ခဲတံ ၊ ဘောပင်၊ ကလေးကစားစရာ အဝတ်အစားတို့လိုပါသည်။
မုန်တိုင်းစဲပြီး အန္တရာယ်ကင်းပြီးနောက်၊ ရောဂါနဲ့ အန္တရာယ်တွေရှောင်နိုင်ရမယ် ။ အသိမိတ်ဆွေတွေ မေးမြန်းကူညီယူသင့်တယ်။ တစ်ကိုယ်ရေသန့်ရှင်းရေး၊ ကိုယ့်နေရာ ၊ အိမ်သန့်ရှင်းရေးဂရုပြုသင့်တယ် ။ အမှိုက်ရှင်းရင်း ၊ အကာအကွယ်ပစ္စည်းဥပမာ လက်အိတ်၊ အကြမ်းခံဖိနပ်၊ လုပ်ငန်းခွင်သုံးဦးထုပ်၊ နှာခေါင်းစည်းသုံးသင့်တယ်။ လျှပ်စစ်ကြိုး၊မီးကြွင်း၊ မီးကျန်သတိထားရမယ်။ ဖြစ်နိုင်ရင် ပုံမှန်လုပ်နေကျအလုပ်တွေ ဆက်လုပ်ရမယ်။ သားသမီး၊ ဆွေမျိုးတွေရှေ့မှာ စိတ်ချောက်ချားတာ၊ မျှော်လင့်ချက်မဲ့တာမျိုးမဖြစ်သင့်ပါ။ အိမ်အလုပ်ကူလုပ်ရမယ်။ မိသားစုထမင်းလက်ဆုံ စားပေးကာ အတူစိတ်ပူပင်မှုဖြေလျှော့သင့်ပါတယ်။ အနိဋ္ဌာရုံသတင်းတွေ အာရုံမစိုက်သင့်ဘူး။ ကိုယ့်ရဲ့လောဘနဲ့ ဒေါသကိုမိသားစုဝင်တွေအပေါ် မပုံချပဲ အကူအညီကိုလက်ခံသင့်တယ်။ သူတစ်ပါးကိုလည်းကူညီပေးသင့်ပါတယ်။
သဘာဝဘေးကြောင့် ဆုံးရှုံးမှုတွေအများကြီးဖြစ်နိုင်ပါတယ်။ အစိုးရနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ အဓိကတာဝန် ကအသက်ကယ်ဖို့ဖြစ်တယ် ။ ဆုံးရှုံးသမျှပြန်ရအောင်လုပ်ပေးဖို့အဓိကမဟုတ်ဘူး။ သန့်ရှင်းတဲ့အစားအစာ၊ ရေသန့် ၊ဝတ်စရာ၊ နေစရာ ပေးနိုင်ရမယ် ။ စိတ်ဒဏ်ရာ ကုသပေးရမယ် ။သဘာဝဘေးကြောင့် ထိတ်လန် သွားပြီးနောက်ပိုင်းစိတ်ဒဏ်ရာ ပေါ်လာလေ့ရှိတယ်။ စိုးရိမ်စိတ်များတယ် ။ စိတ်ဓာတ်ကျတယ်။ စိတ်အပြောင်းအလဲမြန်တယ်။ အလုပ်မလုပ်နိုင်၊ မစားနိုင် ၊ မအိပ်နိုင်ဖြစ်တယ်။ ကူညီတတ်တဲ့ မိတ်ဆွေဆီရင်ဖွင့်ရမယ်။ ကိုယ့်မိသားစုဝင်တစ်ဦးဦး ကိုယ့်လုပ်ဖော်ကိုင်ဖက် တစ်ဦးဦးဆုံးပါးခံရလို့ စိတ်ခံစားမှုတွေကျန်ရှိနိုင်တယ်။
စိတ်ပညာရှင်တို့ရဲ့ အကူအညီခံယူသင့်တယ် ။ စိတ်ထိခိုက်နေတာသဘာဝပါ ။ မကြာခင်ကောင်းသွားမှာပါ။ခြောက်လ ၊ တစ်နှစ် ကြာရင် သည်အိမ်မက်ဆိုးတွေမက်မှာ မဟုတ်ဘူး။ အခြားလက္ခဏာတွေရှိကောင်းရှိနိုင်ပါတယ် ။ သဘာဝဘေးအန္တရာယ်တွေက လူတို့ရဲ့ တရားမျှတမှုနဲ့ စိတ်နှလုံးကိုထိခိုက်စေတယ်။ စိတ်အေးအေးထားသင့်တယ် ကိုယ့်လို ပူပင်သောကရောက်နေသူတွေ ၊ ခံစားမှုမျှဝေပြီး ပူပင်သောကလျော့ချရမယ်။ဘာသာရေးကိုလိုက်စားရမယ် ။ လူလုပ်တိုင်းမဖြစ် ၊ သဘာဝဘေးကို မလွန်ဆန်နိုင်တာ "ရှေးကပြုခဲ့တဲ့ကုသိုလ်ကံနည်းလို့၊ သည်လို မနည်းရအောင် သည်ဘဝမှာ အသက်ရှင်နေသရွေ့ကုသိုလ်ကောင်းမှုလုပ်မယ်" စသဖြင့် အကောင်းမြင်စိတ်ထားပြီး ကုသိုလ်စိတ် ထားသင့်တယ် ။ အကုသိုလ်၊ လောဘ ၊ ဒေါသ၊ မောဟ တွေမဝင်သင့်ဘူး ။ ကိုယ်ကျမှဖြစ်ရလေခြင်း ၊ စိတ်ဓာတ်ကျနေလို့မဖြစ်ဘူး။ ပြန်လည်အားယူရမယ်။ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ ကိုယ့်ထက် “ကံဆိုးသူ”ဒုက္ခကြုံရသူတွေ ဖေးမသင့်ပါတယ်။
သဘာဝဘေးအန္တရာယ်တွေဟာ လူတွေရဲ့ မဆင်မခြင်လုပ်မှု ဥပမာသစ်တောများအဆမတန်ခုတ်လှဲမှု၊ သဘာဝသယံဇာတ အလွန်အကျွံထုတ်ယူမှုတွေကြောင့် ဖြစ်လာရင် ဥပဒေနဲ့တားမြစ်ရမယ် ။ ဥပဒေကို လေးစားလိုက်နာရမယ်။










