အစ္စရေးနှင့် သံတမန်ဆက်ဆံရေး  ထူထောင်မှုဆိုင်ရာ ဆွေးနွေးမှုများကို ဆော်ဒီ ရပ်ဆိုင်း

အစ္စရေးနှင့် သံတမန်ဆက်ဆံရေး  ထူထောင်မှုဆိုင်ရာ ဆွေးနွေးမှုများကို ဆော်ဒီ ရပ်ဆိုင်း
Published 14 October 2023
Ref: AFP

အစ္စရေးနှင့် ပါလက်စတိုင်း စစ်သွေးကြွ အုပ်စု ဟားမာ့စ်တို့အကြား စစ်ပွဲဖြစ်ပွားနေစဉ် အစ္စရေးနှင့် သံတမန်ဆက်ဆံရေး ပုံမှန် ထူထောင်ဖွယ်ရှိမှုနှင့် ပတ်သက်သည့် ဆွေး နွေးမှုများကို ဆော်ဒီက ဆိုင်းငံ့လိုက်ကြောင်း သတင်းရင်းမြစ်တစ်ဦးက အောက်တိုဘာ ၁၄ ရက်တွင် AFPသို့ ပြောကြားခဲ့သည်။

အောက်တိုဘာ ၇ ရက်တွင် ဟားမာ့စ်အဖွဲ့က အစ္စရေးကို အကြီးစားတိုက်ခိုက်မှု ပြုလုပ် ခဲ့ပြီးနောက် အစ္စရေးဘက်တွင် လူ ၁,၃၀၀ ကျော် သေဆုံးခဲ့ကာ အစ္စရေးကလက်တုံ့ပြန် တိုက်ခိုက်ခဲ့ခြင်းကြောင့်လည်း ဂါဇာဒေသ တွင် လူပေါင်း ၁,၉၀၀ ထက်မနည်းသေဆုံး ခဲ့သည်။ အစ္စရေးသည် ဂါဇာဘက်ခြမ်းကို ကျူးကျော်၍ မြေပြင်ထိုးစစ် ဆင်နွှဲဖွယ်ရှိနေ သည်။

“ဆော်ဒီဟာ သံတမန်ဆက်ဆံရေးပုံ မှန်ထူထောင်ဖွယ် ရှိရေးနဲ့ပတ်သက်တဲ့ ဆွေး နွေးမှုတွေကို ရပ်ဆိုင်းထားဖို့ဆုံးဖြတ်ခဲ့ပြီး အ မေရိကန်အစိုးရ တာဝန်ရှိသူတွေကိုလည်း အဲဒါနဲ့ပတ်သက်ပြီး အသိပေးထားတယ်” ဟု ၎င်းကိစ္စရပ်နှင့် နီးစပ်သည့် သတင်းရင်းမြစ် တစ်ဦးက ဆိုသည်။

ဆော်ဒီသည် အစ္စရေးကို လုံးဝအသိအမှတ်ပြုခြင်း မရှိသကဲ့သို့ ၂၀၂၀ ခုနှစ်တွင် အမေရိကန်က ကြားဝင်စေ့စပ်ပေး ခဲ့သည့် အေဘရမ် သဘောတူညီချက်တွင် လည်း ပါဝင်ခဲ့ခြင်းမရှိပေ။        

 

Most Read

Most Recent