သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံသည့် နိုင်ငံ ၂၁ နိုင်ငံမှ လက်ရှိလုပ်ငန်းလည်ပတ်သည့်ကုမ္ပဏီ ၁၁၄ ခုရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၂၁၉၀ ဒသမ ၇၉၀ ရှိကြောင်း အောက်တိုဘာ ၁၂ ရက်က ကျင်းပသည့် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့အစည်းအဝေး (၁/၂၀၂၃)တွင် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ ပြောကြားချက်အရ သိရသည်။
သီလဝါအထူးစီးပွားရေးဇုန်သည် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်လျက်ရှိသည့် ဇုန်တစ်ခုဖြစ်သည့်အပြင် ဒေသတွင်း နိုင်ငံများအကြားတွင် သတင်းကောင်းနှင့် ရပ်တည်နေသည့် ဇုန်တစ်ခုလည်းဖြစ်ကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ စနစ်တကျ ဆက်လက်ရင်းနှီးမြှုပ်နှံနိုင်ရန် ကုမ္ပဏီအသစ်များနှင့် ရင်းနှီးမြှုပ်နှံမှုများတိုးတက်လာရန် လက်ရှိရင်းနှီးမြှုပ်နှံသူ များအတွက် လုပ်ငန်းများ ချောမွေ့မြန်ဆန်စွာ လည်ပတ်နိုင်စေရန်အတွက် သက်ဆိုင်သည့် ဝန်ကြီးဌာနများအနေဖြင့် လိုအပ်သည့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ပေးရန် မှာကြားလိုကြောင်း နစကဒုဥက္ကဋ္ဌက ပြောကြားသည်။
ထို့ပြင် သီလဝါအထူးစီးပွားရေဇုန်အနေဖြင့် ၆၆၇ ဒသမ ၂၇၅ ဟက်တာကျယ်ဝန်းပြီး ဇုန်(A) နှင့် ဇုန်(B) ခွဲကာ Free Zone နှင့် Promotion Zone သတ်မှတ်လျက် ပို့ကုန်လုပ်ငန်းနှင့် ပြည်တွင်းသွင်းကုန် အစားထိုးလုပ်ငန်းများကို စီမံဆောင်ရွက်လျက်ရှိပြီး ရင်းနှီးမြှုပ်နှံသည့် (၂၁)နိုင်ငံမှ လက်ရှိလုပ်ငန်းလည်ပတ်သည့် ကုမ္ပဏီ (၁၁၄) ခုရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၂၁၉၀ ဒသမ ၇၉၀ ဖြင့် လုပ်ငန်းများလည်ပတ်လျက်ရှိကြောင်း၊ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ် တစ်နိုင်ငံလုံး၏ တစ်မျိုးသားလုံး ထုတ်လုပ်မှုတန်ဖိုး၏ ၃ ဒသမ ၆ ရာခိုင်နှုန်း၊ ၂၀၂၂ ခုနှစ် တစ်နိုင်ငံလုံး ပို့ကုန်ပမာဏ၏ ၁ ရာခိုင်နှုန်းနှင့် ပုဂ္ဂလိကပို့ကုန်ပမာဏ၏ ၃ ရာခိုင်နှုန်းရှိသည်ကို တင်ပြချက်များအရ သိရကြောင်း နစကဒုတိယဥက္ကဋ္ဌ ပြောကြားသည်။
ထို့အတူ သီလဝါအထူးစီးပွားရေးဇုန်၏ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ်လုပ်ငန်း ဆောင်ရွက်ချက်များကို ကြည့်ပါက ဧပြီမှ ဇူလိုင်အထိ လေးလတာကာလအတွင်း ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာ ၅၄ ဒသမ ၉၄၅ သန်း၊ သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာ ၁၆၂ ဒသမ ၆၅၃ သန်းရှိသည့်အတွက် စုစုပေါင်းကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၂၁၇ ဒသမ ၅၉၈ သန်းရှိပြီး အခွန်အရပ်ရပ်အတွက် ကောက်ခံရငွေ မြန်မာကျပ်ငွေ ၂၂ ဘီလျံရရှိခဲ့ကြောင်း၊ လေးလတာကာလဖြစ်သည့်အတွက် ယခုဘဏ္ဍာနှစ်အတွင်း ကုန်သွယ်မှုနှင့်အခွန်အရပ်ရပ် ကောက်ခံရရှိမှုကို ယခုထက်ပိုမိုတိုးတက်ရရှိရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားစေလိုကြောင်း၊ ထပ်မံပြီး သီလဝါအထူးစီးပွားရေးဇုန်ထဲရှိ Free ဇုန်တွင် ကုမ္ပဏီသုံးခု၊ Promotion ဇုန်တွင် ကုမ္ပဏီတစ်ခုတို့ကလည်း အားကစားပစ္စည်းထုတ်လုပ်ခြင်း၊ မော်တော်ယာဉ်၊ ၀ါယာကြိုးနှင့် ဆားကစ်ပြား ထုတ်လုပ်ခြင်း၊ ပလပ်စတစ်စက်အစိတ်အပိုင်းထုတ်လုပ်ခြင်းနှင့် အစားအစာနှင့် အချိုရည်များ ထုတ်လုပ်ခြင်းလုပ်ငန်းများကို အကြောင်းအမျိုးမျိုးကြောင့် စတင်နိုင်ခြင်း မရှိရာမှ စီမံခန့်ခွဲမှုကော်မတီ၏ စည်းရုံးကြိုးပမ်းမှုကြောင့် လုပ်ငန်းများစတင်နေပြီဖြစ်ကြောင်း သိရှိရသည့်အတွက် အမြန်ဆုံးပြီးစီးရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများမှတစ်ဆင့် ပို့ကုန်လုပ်ငန်းများ အမြန်ဆုံးစတင်နိုင်အောင် ကြီးကြပ်ရေးကော်မတီက လိုအပ်သည်များ ပံ့ပိုးပေးရန် မှာကြားလိုကြောင်း နစကဒုတိယဥက္ကဋ္ဌက ပြောကြားသည်။
ယင်းအပြင် သီလဝါအထူးစီးပွားရေးဇုန်အတွင်း ထူးခြားဖြစ်စဉ်ဖြစ်ခဲ့မှုနှင့်ပတ်သက်၍ ဇုန်အတွင်းရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီတစ်ခု၏အောက်ခြေဝန်ထမ်းများသည် တရားမဝင်ကုန်ပစ္စည်းတင်သွင်းခွင့်ရရှိရေးအတွက် သွင်းကုန်လိုင်စင်ရရှိထားသည့် အခြားကုမ္ပဏီ တစ်ခု၏လိုင်စင်များကို အလွဲသုံးပြီး အမေရိကန်ဒေါ်လာ နှစ်သန်းကျော်တန်ဖိုးရှိ ကုန်ပစ္စည်းများ တရားမဝင်တင်သွင်းမှုကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည့်အတွက် ယင်းဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရေး ယခုထက်လိုအပ်သည့် စိစစ်ကြီးကြပ်မှုများ ဆောင်ရွက်ရန်လိုကြောင်း၊ အထူးစီးပွားရေးဇုန်များတွင်ရှိသည့် ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုချေးငွေများကို မိခင်ကုမ္ပဏီများက ကိုယ်စားပေးဆပ်ပြီး ပြည်ပချေးငွေစာရင်းမှ ပယ်ဖျက်မည့်ကိစ္စရပ်များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်စီမံဆောင်ရွက်ပေးရန် မှာကြားလိုကြောင်း၊ ထပ်မံ၍နိုင်ငံခြားငွေအဖြစ် ထည့်ဝင်မတည်ရင်းနှီးမည့်၊ လာရောက်ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီအသစ်များ လက်ရှိကုမ္ပဏီများ၏ ထပ်မံရင်းနှီးမြှုပ်နှံမှုငွေများကို အမေရိကန်ဒေါ်လာအပြင် မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာနိုင်ငံဗဟိုဘဏ်မှ ခွင့်ပြုပြီးဖြစ်သည့် မည့်သည့်နိုင်ငံခြား ငွေကြေးနှင့်ဖြစ်စေ ထည့်ဝင်အသုံးပြုနိုင်ရေးကိုလည်း ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း၊ အခြားမိတ်ဖက်နိုင်ငံများ၏ တရားဝင်ငွေကြေး လဲလှယ်မှု၊ သုံးစွဲမှုများနှင့်လည်း မြန်မာနိုင်ငံဗဟိုဘဏ်မှ ညှိနှိုင်းဆဲဖြစ်သည့်အတွက် သက်ဆိုင်ရာကုမ္ပဏီများကိုလည်း ဆက်သွယ်လာသည့်အချိန်တွင် အသိပေးပြောကြားလိုကြောင်း နစကဒုတိယဥက္ကဋ္ဌက ပြောကြားသည်။