■ UFC 294 ပြိုင်ပွဲ၏ ခေါင်တွဲဆိုင်းနှစ်ပွဲ အပြောင်းအလဲဖြစ်ပေါ်ခဲ့ပြီး မာဟာချက်ဗ်နှင့် ဗိုလ်ကာနော့ဗ်စကီး၊ အူစမန်နှင့် ချီမာ့ဗ် ပြောင်းလဲထိုးသတ်မည်     

■ UFC 294 ပြိုင်ပွဲ၏ ခေါင်တွဲဆိုင်းနှစ်ပွဲ အပြောင်းအလဲဖြစ်ပေါ်ခဲ့ပြီး မာဟာချက်ဗ်နှင့် ဗိုလ်ကာနော့ဗ်စကီး၊ အူစမန်နှင့် ချီမာ့ဗ် ပြောင်းလဲထိုးသတ်မည်     
Photo: UFC
Photo: UFC
Published 13 October 2023

အောက်တိုဘာ (၂၁) ရက်တွင် ကျင်းပမည့် UFC 294 ပြိုင်ပွဲ၏ ခေါင်တွဲဆိုင်းနှစ်ပွဲ ကစားသမားအပြောင်းအလဲဖြစ်ပေါ်ခဲ့ပြီး ခေါင်တွဲဆိုင်းအဖြစ် မာဟာချက်ဗ်နှင့် ဗိုလ်ကာနော့ဗ်စကီး၊ ဒုခေါင်တွဲဆိုင်းအဖြစ် အူစမန်နှင့် ချီမာ့ဗ်တို့ ပြောင်းလဲထိုးသတ်မည်ဖြစ်ကြောင်း သိရသည်။

    

UFC 294 ပြိုင်ပွဲကို ယူအေအီးနိုင်ငံ၊ အဘူဒါဘီမြို့ရှိ Etihad Arena ၌ ကျင်းပမည်ဖြစ်ပြီး (၁၀) ရက်အလိုမှသာ ခေါင်တွဲဆိုင်းနှစ်ပွဲ၏ ကစားသမားများ အပြောင်းအလဲပြုလုပ်ခဲ့ရခြင်းဖြစ်သည်။ 

မူလက ခေါင်တွဲဆိုင်းအဖြစ် လိုက်ဝိတ်တန်းချန်ပီယံ ရုရှားကစားသမား အစ္စလာမ်မာဟာချက်ဗ်နှင့် ချန်ပီယံဟောင်းဖြစ်သူ ဘရာဇီးလ်ကစားသမား ချားလ်စ်အိုလီဗီရာတို့ UFC 294 ပြိုင်ပွဲ၏ မကျေပွဲ ပြန် လည်ထိုးသတ်ရန် စီစဉ်ထားသည်။ 

အိုလီဗီရာ (၃၃ နှစ်)မှာ အောက်တိုဘာ (၉)ရက်က လေ့ကျင့်မှုပြုလုပ်စဉ် ယာဘက် မျက်ခုံးကွဲသွားသဖြင့် ချန်ပီယံခါးပတ် တစ်ကျော့ပြန်စိန်ခေါ်ခွင့် လွဲချော်ခဲ့ရခြင်းဖြစ်သည်။

    

သို့ဖြစ်ရာ UFC ပြိုင်ပွဲဥက္ကဋ္ဌ ဒေနာဝှိုက်က မာဟာချက်ဗ်နှင့်ထိုးသတ်ရန် UFC ဖယ်သာဝိတ်တန်းချန်ပီယံ သြစတြေးလျကစားသမား အလက်ဇန္ဒားဗိုလ်ကာနော့ဗ်စကီးကို အစားထိုးရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ဗိုလ်ကာနော့ဗ်စကီးနှင့် မာဟာချက်ဗ်မှာလည်း ပြိုင်ဘက်ဟောင်းများဖြစ်ပြီး ဖေဖော်ဝါရီလအတွင်း သြစတြေးလျနိုင်ငံ၌ကျင်းပသည့် UFC 284 ပြိုင်ပွဲတွင် လိုက်ဝိတ်တန်း ချန်ပီယံစိန်ခေါ်ပွဲအဖြစ် ထိုးသတ်ရာ မာဟာချက်ဗ်က ဒိုင်သုံးဦးစလုံး၏ အနိုင်ပေးမှုဖြင့် ချန်ပီယံခါးပတ် ကာကွယ်နိုင်ခဲ့သည်။ 

၎င်းတို့နှစ်ဦးမှာ UFC Pound-for-Pound သတ်မှတ်ချက်စာရင်းတွင်လည်း အထက်အောက်ရပ်တည်နေသူများဖြစ်ပြီး ဗိုလ်ကာနော့ဗ်စကီးက အဆင့် (၂) နှင့် မာဟာချက်ဗ်က အဆင့် (၃) နေရာ ရပ်တည်လျက်ရှိသည်။

    

ဒုခေါင်တွဲဆိုင်းအဖြစ် မူလက ဘရာဇီးလ်ကစားသမား ပေါ်လိုကော်စတာနှင့် ရုရှား-ဆွီဒင်နွယ်ဖွား ဟမ်ဇက်ချီမာ့ဗ်တို့ထိုးသတ်ရန် စီစဉ်ထားခြင်းဖြစ်သည်။ 

သို့သော် ပေါ်လိုကော်စတာမှာ ယာဘက်တံတောင်ဆစ်ဒဏ်ရာ ခွဲစိတ်ကုသမှု ထပ်မံပြုလုပ်ရန် လိုအပ်နေသဖြင့် ချီမာ့ဗ်နှင့် ထိုး သတ်မည့်ပြိုင်ဘက်ကို အပြောင်းအလဲပြုလုပ်ခဲ့ရသည်။ 

ယင်းတွဲဆိုင်းအတွက် UFC ဝယ်လ်တာဝိတ်တန်း ချန်ပီယံဟောင်းဖြစ်သူ အမေရိကန်ကစားသမား ကာမာရူအူစမန်ကို ရွေးချယ်ထားပြီး ချီမာ့ဗ်နှင့် မစ်ဒယ်ဝိတ်တန်းစိန်ခေါ်ပွဲအဖြစ် ထိုးသတ်ရမည်ဖြစ်သည်။ 

အူစမန်မှာ ဝယ်လ်တာဝိတ်တန်းချန်ပီယံအဖြစ် ၂၀၁၉ ခုနှစ် မတ်လမှစ၍ သုံးနှစ် ကျော်ကြာရပ်တည်နိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ် သြဂုတ်တွင် လီယွန်အက်ဒဝပ်ကို ရှုံးနိမ့်ခဲ့သလို ယခုနှစ် မတ်လ၌ မကျေပွဲ ပြန်လည်ထိုးသတ်ရာတွင်လည်း ထပ်မံရှုံးနိမ့်ခဲ့သည်။

    

UFC 294 ပြိုင်ပွဲတွင် အစောပိုင်းအဆင့် ရှစ်ပွဲနှင့် အဓိကပွဲစဉ် ငါးပွဲ၊ စုစုပေါင်း (၁၃) ပွဲ ထည့်သွင်းကျင်းပမည် ဖြစ်သည်။

Most Read

Most Recent