မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် တရားမဝင်ကုန်သွယ်မှုများ အမြစ်တွယ်ကြီးထွားနေသည့်အတွက် ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်မည် 

မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် တရားမဝင်ကုန်သွယ်မှုများ အမြစ်တွယ်ကြီးထွားနေသည့်အတွက် ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်မည် 
Published 10 October 2023

မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် တရားမဝင်ကုန်သွယ်မှုများ အမြစ်တွယ်ကြီးထွားနေသည့်အတွက် ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားသည်။ 

နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ အောက်တိုဘာ ၉ ရက်က ကျင်းပသည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၅/၂၀၂၃) တွင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ 

ယင်းအစည်းအဝေးတွင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် ထုတ်လုပ်မှုနှင့် ကုန်သွယ်မှု အဓိကဖွံ့ဖြိုးတိုးတက်ရန်လိုကြောင်း၊ နိုင်ငံ၏ ထုတ်လုပ်မှုနှင့်ကုန်သွယ်မှုများကို အဓိကထိုးနှက်နေသည့် အချက်သည် တရားမဝင် ကုန်သွယ်မှုများဖြစ်ကြောင်း၊ နိုင်ငံတိုင်းတွင် တရားမဝင် ကုန်သွယ်မှုများရှိသော်လည်း မိမိတို့ နိုင်ငံတွင် တရားမဝင် ကုန်သွယ်မှုများသည် ခေတ်အဆက်ဆက် ကျယ်ပြန့်စွာ အမြစ်တွယ်ကြီးထွားနေသည့်အတွက် ယင်းကို ပြင်းပြင်းထန်ထန်အရေးယူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆက်လက်၍လည်း အရေးယူမှုများကို‌ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ မှန်မှန်ကန်ကန်နှင့် မဆောင်ရွက်နိုင်ပါက နိုင်ငံ၏ စီးပွားရေးကို ထိခိုက်သည့်အပြင် မိမိတို့ဆောင်ရွက်နေသည့် ပြည်သူ့လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးကိုလည်း များစွာထိခိုက်စေကြောင်း၊ ထို့ကြောင့် နိုင်ငံ့စီးပွားရေး မောင်းနှင်အား ကောင်းမွန်စေရန်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိကအဟန့်အတားဖြစ်သည့် တရားမဝင်ကုန်သွယ်မှုကို ယခုထက်ပိုမိုထိရောက်စွာတားဆီး စစ်ဆေးအရေးယူရန် လိုအပ်ကြောင်း ပြောကြားသည်။ 

ပြီးခဲ့သည့် ဇူလိုင်နှင့် ဩဂုတ်လအတွင်း ထူးခြားဖြစ်စဉ်အနေဖြင့် ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ရေယာဉ်၊ မီးရထား၊ မော်တော်ယာဉ်များဖြင့် တရားမဝင်ပြောင်းဆန်သယ်ယူမှုအား ဖော်ထုတ်အရေးယူမှုနိုင်ခဲ့ကြောင်း၊ အလားတူ ရန်ကုန်တိုင်းဒေသကြီးကို ဖြတ်ကျော်၍ တရားမဝင်ပြောင်းဆန်များ တင်ပို့ရန်ကြိုးပမ်းမှုကိုလည်း တားဆီးနိုင်ခဲ့ကြောင်း၊ ထို့ပြင် သီလဝါအထူးစီးပွားရေးဇုန်တွင် ကွန်တိန်နာ ၁၁ လုံး တရားမဝင်ထုတ်ယူမှုနှင့်ပတ်သက်၍ ဖော်ထုတ်နိုင်ခဲ့ကြောင်း၊ ထူးခြားဖြစ်စဉ်များအနေဖြင့်  မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ဩဂုတ် ၂ ရက်တွင် မော်လမြိုင်ဘူတာသို့ ဆိုက်ရောက်ကုန်တင်တွဲ ငါးတွဲ၌ သတင်းအရ မသင်္ကာဖွယ်တွေ့ရှိ၍ စိစစ်ရာ တင်ပို့လိုင်စင်နှင့် QR Code မပါ အထောက်အထားမဲ့ ပြောင်းစေ့အိတ် ၁၆၅၉ အိတ် ဆက်စပ်အမှုအရ ပဲခူး၊ မောင်လမြိုင်လမ်းကြောင်းတစ်လျောက် ကုန်တွဲ ၅၁ တွဲ ပဲခူးဘူတာမှ မသင်္ကာဖွယ် ၃၇ တွဲကို ဖော်ထုတ်နိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။ 

အလားတူ မရမ်းချောင်စစ်ဆေးရေးဂိတ်၌ အထောက်အထားမဲ့ မော်တော်ယာဉ် ရှစ်စီးကို တားဆီးနိုင်ခဲ့ကြောင်း၊ ထူးခြားမှုအနေဖြင့် ရေကြောင်းဖြင့် တရားမဝင်တင်ပို့မှုကို တားဆီးနိုင်ခဲ့ကြောင်း၊ ရန်ကုန်မှ မော်လမြိုင်ဖက်သို့ ထွက်ခွာ လာသည့် သင်္ဘောပေါ်တွင် အထောက်အထားမဲ့ ပြောင်းစေ့အိတ်များတွေ့ရှိရသည့်အတွက် ရေယာဉ်မှူးနှင့် ကုမ္ပဏီပိုင်ရှင်တို့၏ ကနဦးထွက်ဆိုချက်များ ကွဲလွဲနေသည့်အတွက် ဆက်လက်ဖော်ထုတ်ခဲ့ကြောင်း၊ ရထားတွဲ ၈၈ တွဲ၊ ရေယာဉ်တစ်စီး၊ မော်တော်ယာဉ် ရှစ်စီးပေါ်တွင် တရားမဝင်အထောက်အထားမဲ့ ပြောင်းစေ့အိတ် ၉၁၃၅၉ အိတ် တန်ချိန် ၄၅၆၇ ဒသမ ၉၅ တန်နှင့် ကာလတန်ဖိုးငွေကျပ်  ၂ ဒသမ ၉ ဘီလျံကျော် တရားမဝင်ပို့ကုန်အဖြစ်ဆောင်ရွက်ရန် ကြိုးပမ်းစဉ် သက်ဆိုင်ရာ ပြည်သူ့ဝန်ထမ်းကောင်းများ၏ ကြိုးပမ်းမှုအရ တားဆီးဖော်ထုတ်နိုင်ခဲ့ကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများက ဆုပေးဒဏ်ပေးစနစ်ကျင့်သုံး၍ ဝန်ထမ်းကောင်းများကို ထိုက်သင့်သည်များ ဂုဏ်ပြုချီးမြှင့် သွားရမည်ဖြစ်ပြီး တားမြစ်ထားသည့် စည်းမျဉ်းစည်းကမ်းဥပဒေများနှင့် တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ပါကလည်း ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားရန်လည်း လိုအပ်ကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ဖမ်းဆီးရရှိမှုများနှင့်စပ်လျဉ်း၍ ဆောင်ရွက်နိုင်ခဲ့သည့် နိုင်ငံဝန်ထမ်းကောင်းများကို ထိုက်သင့်သည်များကို ဂုဏ်ပြုချီးမြှင့်ရန် လိုကြောင်း ၎င်းက ပြောကြားသည်။ 

ဖမ်းဆီးရရှိသည့် အထောက်အထားမဲ့ ပစ္စည်းများနှင့်စပ်လျဉ်း၍ အလဟသ လေလွင့်ပျက်စီးဆုံးရှုံးမှုမရှိစေရေး၊ နိုင်ငံဘဏ္ဍာအဖြစ် အမြန်ဆုံးသိမ်းယူနိုင်ရေး၊ တရားမဝင်ကိုယ်ကျိုးစီးပွားအတွက် သတ်မှတ်တရားဝင်ဆောင်ရွက်ရသည့် လုပ်ငန်းများအား မဆောင်ရွက်နိုင်ခဲ့ကြသည့်ကုမ္ပဏီများကို နိုင်ငံတော်၏ အကျိုးစီးပွားထိခိုက်စေရန် ရည်ရွယ်ဆောင်ရွက်ခဲ့သည့်အတွက် အမြန်ဆုံး ထိရောက်စွာအရေးယူနိုင်ရေး အရေးပေါ်အထူးအစည်းအဝေးကျင်းပြီး ဥပဒေအကြောင်းအရ အရေးယူနိုင်ရေးနှင့် သိမ်းဆည်းပစ္စည်များ အမြန်ဆုံးလေလံတင် ရောင်းချနိုင်ရေးအပါအဝင် လုပ်သင့်သည်များလုပ်ဆောင်နိုင်ရန် စီမံဆောင်ရွက်ခဲ့နိုင်ခဲ့ကြောင်း၊ ယင်းသို့ဆောင်ရွက်နိုင်ခဲ့မှုကြောင့် ပြောင်းစေ့များ မပျက်စီးမဆုံးရှုံးဘဲ ပြန်လည်ထုခွဲရောင်းချနိုင်ခဲ့သည့်အတွက် မူလခန့်မှန်းခဲ့သည့် ငွေကျပ် ၂ ဒသမ ၉ ဘီလျံထက် ကျော်လွန်ပြီး ငွေကျပ် ၃ ဒသမ ၀၅၇ ဘီလျံ ရရှိခဲ့သည့်အတွက် မူလထက် သိန်းပေါင်း ၈၀၀ ကျော် ပိုမို၍ ပြည်သူ့ဘဏ္ဍာအဖြစ် ရရှိခဲ့ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားသည်။ 

အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ဦးထွန်းအုံ ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေး မှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌများက ဗီဒီယိုကွန့်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent